Ads (728x90)



ရန်ကုန် (မဇ္ဈိမ)။        ။ အနိမ့်ဆုံးလုပ်ခသတ်မှတ်ပေးနိုင်ရန် လုပ်သားများကို လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် သင်တန်းများပေးရန်၊ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးရန်တို့ကို ပြည်ပအခြေစိုက် အတိုက်အခံ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် အလုပ်သမားရေးဝန်ကြီး ဦးမောင်မြင့်တို့
သောကြာနေ့တွင် ဆွေးနွေးခဲ့ကြသည်။

နေပြည်တော် အလုပ်သမားရုံး ဝန်ကြီးဌာနရုံးတွင်တွေ့ဆုံမှုအတွင်း အလုပ်သမားရေးရာများ ဆွေးနွေးခဲ့ခြင်း
ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမူ ဆွေးနွေးနိုင်ခြင်းမရှိသေးဟု ဆွေးနွေးသို့ တက်ရောက်ခဲ့သူ ဦးအေးချိုက မဇ္ဈိမကို ပြောသည်။

"အခုကတော့ ပထမဆုံးတွေ့တာဆိုတော့ အတိအကျတွေ မဆွေးနွေးရသေးဘူး။ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေတော်တော်များများ ဆွေးနွေးဖြစ်တယ်။" ဟု ဦးအေးချိုက မဇ္ဈိမကို ပြောသည်။

အမေရိကန်မှ မြန်မာနိုင်ငံသို့ ယခုလ ၄ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာသူ ဦးမောင်မောင်သည် မြန်မာနိုင်ငံအတွင်း အလုပ်သမား သမဂ္ဂ ဖေါ်ဆောင်ရေးအပါအဝင် အလုပ်သမားတို့၏ စွမ်းရည်မြှင့်တင်နိုင်ရန်တို့ ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ပြန်လာခြင်းဟုလည်း မဇ္ဈိမကို ပြောဆိုခဲ့သည်။

"ကျွန်တော်တို့က အလုပ်သမားသမဂ္ဂ ဖော်ဆောင်ရေး ကိစ္စတွေပဲဖြစ်ဖြစ်၊ အလုပ်သမား အလုပ်ရှင်ဆက်ဆံရေး လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု ၀င်လာတာတွေကို စောင့်ကြပ်ကြည့်ရှုပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိအောင်လုပ်တဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ် အလုပ်သမားတွေကို ၀င်လာမယ့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေမှာ လေ့ကျင့်ပြင်ဆင်ပေးဖို့ သင်တန်းကျောင်းတွေရှာပေးတဲ့ကိစ္စ၊ သင်တန်းတွေပေးတာမျိုးဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် ရတဲ့နေရာကလုပ်သွားမှာပါ၊” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက ကူညီဖြေရှင်းနိုင်ရန် အလုပ်ရှင် အလုပ်သမား သမဂ္ဂများဖွဲ့စည်း၍ ပြင်ဆင်သင့်သည်ဟုလည်း ဦးမောင်မောင်က သုံးသပ်ပြောဆိုသည်။

ဦးမောင်မောင်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံကထွက်သွားခဲ့ကာ အမည်မဲစာရင်းသွင်းထားခံရရာမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထိုစာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံသို့ ယခုလ ၄ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ဦးမောင်မောင်၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံသို့ တိတ်တဆိတ်လာရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုကိစ္စနှင့်ပတ်သက်၍ “မဟုတ်ပါဘူး။” ဟု သူက ပြောကြားခဲ့သည်။
 
သိင်္ဂီထွန်း၊ သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ် 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...