တကယ်လို့များ သင်ဟာ ဆူညံရှုပ်ထွေးနေတဲ့ လက်ရှိနေရာကနေ ခေတ္တခဏလောက် ထွက်ပြေးချင်တယ်ဆိုရင် အကောင်းဆုံးဖြစ်မဲ့ နေရာလေးတစ်ခုကို ညွှန်းပါရစေ။ အဲဒီနေရာ ကတော့ မြေပြင်ကနေ ၅မီတာ (၁၆ပေကျော်)လောက် မြင့်တဲ့နေရာမှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်လေးတစ်ခု ဖြစ်ပါတယ်။ အဲဒီ စားသောက်ဆိုင်လေးဟာ ထိုင်းပင်လယ်ကွေ့ အရှေ့ တောင်ဘက်က Kood ကျွန်းပေါ်က Soneca Kiri Resort မှာ ရှိတာ ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ ရှိတာ မဟုတ်ဘဲ အမြင့်မှာရှိတဲ့အတွက် လေထဲမှာ စားသောက်နေရတယ်လို့ ခံစားရအောင်ဘဲ ထူးထူးခြားခြား တည်ဆောက်ထားတာပါ။
ပုံထဲမှာ မြင်ရတဲ့အတိုင်းပါဘဲ။ စားသောက်စားပွဲတွေကို သစ်ပင်ခပ်မြင့်မြင့်ပေါ်မှာ ကြိမ်၊ သစ်သားစသည်တို့နဲ့ ပိုးအိမ်သဖွယ် ယှက်ဖောက် ပြုလုပ်ထားတာဖြစ်ပြီး သစ်ပင်ပေါ်မှာ ကြိုးတွေနဲ့ ချိတ်ဆွဲထားတာဖြစ်ပါတယ်။ ဒီစားသောက်ခန်းလေးပေါ်က တက်မယ်ဆိုရင်ဖြင့် သစ်ပင်နဲ့ ကပ်ရက်မှာ ရှိတဲ့ ကြောင်လိမ် လှေကားကနေ တက်ရောက်ရမှာဖြစ်ပါတယ်။ တစ်ကြိမ်ကို လူလေးယောက် စားသောက်နိုင်ပြီးတော့ သင့်ချစ်သူနဲ့အတူတူ စပါယ်ရှယ်ညစာစားပွဲလေး ကျင်းပချင်တယ် ဆိုရင်ဖြင့်လည်း အထူးဝန်ဆောင်မှု ပေးပါတယ်။
ကမ်းစပ်ဘေးမှာ တည်ရှိပြီး သစ်ပင်တောအုပ်တွေကလည်း ဝိုင်းရံနေတာမို့ သဘာဝရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားနိုင်ပါတယ်။ အေးချမ်းဆိတ်ငြိမ်ပြီး စိတ်ရှုပ်ထွေးစရာ ပတ်ဝန်းကျင်နဲ့ ဝေးတဲ့အတွက် ပင်လေက တိုက်ခတ်လာတဲ့ လေပြေလေညင်းလေးကို ရှုရှိုက်ခံစားရင်း စိတ်အေးလက်အေး အနားယူဖို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ သစ်ပင်ပေါ်မှာ စားသောက်ဆိုင်လေးတွေ ရှိတာ ကမ္ဘာပေါ်မှာ တော်တော်များများ ရှိလာပြီဖြစ်ပေမဲ့ အများနဲ့မတူ တမူထူးတဲ့ ဒီစားသောက်ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုကို ပြောပြချင်ပါတယ်။
မကြောက်မရွံ့ ကြိုးတန်းကိုခိုစီးပြီး ရောက်လာတဲ့ စားပွဲထိုး
ဒီစားသောက်ဆိုင်မှာ ထိုင်းရိုးရာ စားသောက်ဖွယ်ရာအစုံအလင်ကို ရနိုင်ပြီးတော့ မြေအိုးနဲ့ ချက်တဲ့ဟင်းတွေ၊ မြွေသားဟင်းတွေကိုလည်း ရနိုင်ပါတယ်တဲ့။
စားသောက်ဖွယ်ရာတွေနဲ့အတူ ရောက်သွားပါပြီ။
အားမနာတမ်း သုံးဆောင်နိုင်ပါပြီနော်။
အမြင့်မှာ အစားအသောက်စားရတာ ဘယ်လိုခံစားချက်မျိုး ရှိတယ်ဆိုတာ သိချင်ရင်၊ ဒါမှမဟုတ် သင့်မှာ ကြွေးတွေ ဝိုင်းနေလို့ ထွက်ပြေးချင်တယ်ဆိုရင်ဖြင့် ဒီသစ်ပင်ပေါ်က စားသောက်ဆိုင်လေးမှာ သွားရောက်နိုင်ပါပြီတဲ့ရှင်။ ကြွေးထူလွန်းလို့ စိတ်ညစ်ပြီး သစ်ပင်ပေါ်က ခုန်မချဖို့တော့ လိုပါတယ်နော်း)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။