Ads (728x90)



MNL Myanmar 2012 လက်ကျန်ပွဲစဉ်အဖြစ် ကမ္ဘောဇအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့သည် (၁-၈-၁၂)ရက်နေု့KBZ Stadium ကွင်း၌
ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင်ကမ္ဘောဇအသင်းက (၂-၁)ဖြင့်အနိုင်ရရှိခဲ့သည်။ ကမ္ဘောဇအသင်းအတွက် ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်းက
(၆၇)မိနစ်တွင် အဖွင့်ဂိုးသွင်းယူ၍ ဧရာဝတီယူနိုက်တက်အသင်းအတွက် (၇၃)မိနစ်၌ အောင်ကျော်မျိုးက ပြန်လည်ချေပခဲ့ကာ၊ ကမ္ဘောဇအသင်း၏
ဘရာဇီးကွင်းလယ်ကစားသမား နူးနက်စ်က(၇၄)မိနစ်တွင် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။



KBZ နှင့် ဧရာဝတီ အသင်း အကြိတ်အနှယ်ယှဉ်ပြိုင်ကစားပုံကို ကွင်းအပြည့်လာရောက်အားပေးသော ပရိသတ်နောက်ခံနှင့်တွေ့ရစဉ်(သတင်းနှင့်ဓာတ်ပုံ-KBZ FC)

ကမ္ဘောဇအသင်း၏ နည်းပြဆီဗာဂျီသည် ဂိုးသမားအဖြစ် ရဝေဇင်၊ ပွဲပယ်ခံထားရသော နောက်ခံလူ ဆင်မြူရယ်ဟန်ဆန်နေရာတွင် အောင်မြတ်မင်းကို
နေရာချထားခဲ့ပြီး ဗဟိုခံစစ်၌ ၀င်းမင်းထွဋ်နှင့် တွဲဖက်ကစားစေခဲ့သည်။ နောက်တန်းညာအစွန်တွင် ဟန်ဝင်းအောင်၊ ဘယ်အစွန်တွင် ဥာဏလွင်တို့
ပွဲထွက်ခဲ့သည်။ ကွင်းလယ်၌ နူးနက်စ်၊ ကျော်ဇေယျာဝင်းနှင့် နေ၀င်းအောင်တို့ကို နေရချထားလျက် ၄-၃-၃ နည်းဗျူဟာ၏ တိုက်စစ်မှူးများအဖြစ် စိုး
မင်းဦး၊ မိုင်းအိုက်နိုင်နှင့် ချားစ်အိုဘီတို့ကို ခင်းကျင်းခဲ့သည်။

ကွင်းလယ်ကစားသမား မီလိုနှင့် မင်းမင်းသူတို့ မပါဝင်နိုင်ဘဲ ဂိုးသမားသီဟစည်သူ၊ ကျော်ဇေယျာမင်း၊ ဂျွန်၊ ဂျူပီတာ၊ အောင်ကျော်မျိုး၊ သီဟဇော်
အစရှိသော ကစားသမားများဖြင့် ပွဲထွက်လာခဲ့သော ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစပြီး(၁၅)မိနစ်ခန့်အထိ အိမ်ရှင်ကမ္ဘောဇအသင်းအား
ဘယ်ညာတောင်ပံ တိုက်စစ်လမ်းကြောင်းများဖြင့် တိုက်စစ်ဆင်ကစားခဲ့ရာ ကမ္ဘောဇအသင်းမှ ဧည့်သည်အသင်း၏ တိုက်စစ်ကို သတိထားကစား
နေခဲ့သည်။ပွဲချိန်(၁၅)မိနစ်နောက်ပိုင်း ကမ္ဘောဇအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ထိုးဖောက်တိုက်စစ်ဆင်ကစားရန် ကြိုးပမ်းခဲ့သော်လည်း
တိုက်စစ်မှူးများနှင့် ကွင်းလယ်ကစားသမားများအကြား နားလည်မှုလွဲနေခဲ့ပြီး၊ ပြိုင်ဘက်အသင်းဂိုးပေါက်သို့ မည်မည်ရရ ကန်သွင်းခွင့် မရခဲ့ချေ။

ပွဲချိန်(၃၆)မိနစ်ရောက်မှသာ အိမ်ရှင်အသင်းအနေဖြင့် ပြိုင်ဘက်အသင်းဂိုးပေါက်အား ထိထိရောက်ရောက် စတင်ခြိမ်းခြောက်နိုင်ခဲ့သည်။ တိုက်စစ်
ညာခြမ်းတွင် ချားစ်အိုဘီ၏ ပေးပို့မှုမှတစ်ဆင့် ကျော်ဇေယျာဝင်း (၁၈)ကိုက်စည်းအတွင်း ကန်သွင်းခဲ့သည်ကို ဧရာဝတီဂိုးသမားသီဟစည်သူ
အသည်းအသန်ကာကွယ်ပုတ်ထုတ်ခဲ့ရသည်။

ပွဲချိန်ပထမပိုင်းအတွင်း ကမ္ဘောဇအသင်းက ပြိုင်ဘက်အသင်းဂိုးပေါက်သို့ (၂)ကြိမ်သာ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပြီး၊ ဧရာဝတီယူနိုက်တက်
အသင်းက ရဝေဇင်၏ ဂိုးပေါက်သို့ ထိရောက်ထိုးဖောက်ခြိမ်းခြောက်မှု တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့ပေ။

ပွဲချိန်ဒုတိယပိုင်းအစတွင် ကမ္ဘောဇအသင်းက မိုင်းအိုက်နိုင်နေရာ၌ သိန်းသန်းဝင်းကို အစားထိုးခဲ့ရာ ကမ္ဘောဇအသင်း၏ တိုက်စစ်လမ်းကြောင်းများ
ပိုပွင့်လာခဲ့ပြီး၊ ဂိုးသွင်းရန် အခွင့်အရေးများစွာလည်း ရရှိလာခဲ့သည်။ တစ်ဖက်တွင် ဧရာဝတီယူနိုက်တက်အသင်းက ကစားအားကျသွားပြီး၊ ကမ္ဘောဇ
အသင်း၏ တရပ်စပ်တိုက်စစ်ဆင်မှုများကို ခံစစ်ဖြင့် တုံ့ပြန်ကစားရန်ကြိုးစားလာခဲ့ကာ ကမ္ဘောဇအသင်း ဘောလုံးပျက်သည့်အချိန်မှသာ တစ်ချီ
တစ်ချီတန်ပြန်တိုက်စစ်ဆင်ခဲ့သည်။

ပွဲချိန်(၆၇)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ကမ္ဘောဇအသင်း၏ မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်းက ပြိုင်ဘက်ဂိုး
ဧရိယာအပြင်ဘက်မှ သီဟစည်သူ၏ ညာဘက်ထောင့်ထဲသို့ အပြင်းကန်သွင်းသဖြင့် ကမ္ဘောဇအသင်း ဦးဆောင်းဂိုးစတင်ရရှိသွားခဲ့သည်။

ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ကမ္ဘောဇအသင်းက အနိုင်ဂိုးကိုထိန်းကစားရန် ကစားအားချပြီး၊ ခံစစ်ကိုဦးစားပေးခဲ့ရာ ပြိုင်ဘက်အသင်း၏ ဖိအားပေးမှုကို
ခံခဲ့ရသည်။ ပွဲချိန်(၇၃)မိနစ်တွင် ဧရာဝတီအသင်း၏ ကွင်းလယ်ကစားသမား အောင်ကျော်မျိုးက ဘယ်ခြေဖြင့် အပြင်းကန်သွင်း၍ ချေပဂိုးသွင်းခဲ့သည်။

မထင်မှတ်ဘဲ ချေပဂိုးပေးလိုက်ရသဖြင့် အိမ်ရှင်အသင်း ပြန်လည်ထိုးဖောက်တိုက်စစ်ဆင်ကစားလာပြန်ရာ (၁)မိနစ်အတွင်းမှာပင် ဦးဆောင်ဂိုးပြန်
လည်ရရှိသည်။ ပွဲချိန်(၇၄)မိနစ်တွင် ဘယ်တောင်ပံမှ ဥာဏလွင်ကန်တင်ပေးလိုက်သော ဖြတ်တင်ဘောကို နူးနက်စ်က ၄င်း၏ယခုရာသီ၎င်း၏(၁၅)
ဂိုးမြောက် MNL သွင်းဂိုးအဖြစ် သွင်းယူခဲ့ခြင်းဖြစ်သည်။

အနိုင်ဂိုးသွင်းယူပြီးနောက်တွင်လည်း ကမ္ဘောဇအသင်းက သိသိသာသာ ကစားအားမချတော့ဘဲ ကျော်ဇေယျာဝင်းနေရာတွင် လှအေးထွေး၊ စိုးမင်းဦး
နေရာတွင် မင်းမင်းထွန်းတို့ကို ထည့်သွင်းပြီး ပွဲကိုထိန်းကစား၍ အနိုင်(၃)မှတ်ရယူနိုင်ခဲ့သည်။

ယခုနိုင်ပွဲကြောင့် ကမ္ဘောဇအသင်းအနေဖြင့် အမှတ်ပေးဇယားဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် (၄၇)မှတ်ချင်းတူညီသော်လည်း
ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားတတိယနေရာတွင်သာ ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

မြန်မာနေရှင်နယ် လိဂ် ဆိုဒ်မှပြန်လည်ကူးယူဖော်ပြပါသည် ။













Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...