ယနေ့နံနက် (၆)နာရီတွင် Camp-3 မှ စတင်ထွက်ခွာ လာသော မြန်မာတောင် တက်သမားနှစ်ဦးအနက် ကိုပြည့် ဖြိုးအောင်သည် နေ့လည် (၁၂)နာရီ(၁၅)မိနစ်တွင် မီတာ(၈,၀၀၀)မြင့်သော South Col သို့ ရောက်ရှိခဲ့ပါသည်။ သူ့၏နောက်မှ ကပ်လျက် နောက် ထပ်တောင်တက်သမား တစ်ဦးဖြစ်သော ကိုဝင်းကိုကိုသည် နေ့လည် (၂)နာရီ(၃၀)မိနစ်တွင် South Col သို့ ရောက်ရှိခဲ့ပါသည်။
နီပေါနိုင်ငံဘက်ရှိ အရှေ့တောင်ဘက်အခြမ်းမှ ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းသော တောင် တက်သမားများအတွက် South Col သည် ပုံမှန်အားဖြင့် နောက်ဆုံးစခန်း (Camp-4) ဖြစ်ပါသည်။ South Col ဆိုသည်မှာ ဧ၀ရတ်တောင်နှင့် ကမ္ဘာ့စတုထ္ထအမြင့်ဆုံးတောင်ဖြစ်သော (Lhotse)တို့အကြားမှ နေရာလေးဖြစ် ပါ သည်။
ဤမျှမြင့် မားသောတောင် ပေါ်တွင် အမြင့်ဆိုင်ရာဖျားနာမှု (Altitude sickness) မှာ ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး အလွယ်တကူ အသက်ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ရှိနေပါသည်။ ထို့အပြင် တောင်တက်
သမားများမှာ အိပ်ပျော်ရန် ခက်ခဲလာပြီး အစာခြေစနစ် နှေးကွေးခြင်း သို့မဟုတ် လုံးဝရပ်ဆိုင်းသွားခြင်းများပင် ကြုံတွေ့ရတတ်ပါသည်။
ထိုကဲ့သို့အခြေအနေတွင် တောင်တက်သမားများအတွက် ကြည်လင်ရှင်း လင်းသောရာသီဥတုနှင့် မပြင်းထန်လွန်းသော လေတိုက်နူန်း တို့မှာ တောင်ထိပ်သို့ တက်ရောက်ရန်အတွက် ဆုံးဖြတ်ရာတွင် အဓိကကျသော အချက်များဖြစ်ပါသည်။ ရရှိနိုင်သည့် အချိန်အနည်းငယ်အတွင်း ရာသီဥတုအခြေအနေမပေးပါက တောင်တက် သမားများသည် မလွှဲသာမရှောင်သာ ပြန်လည် ဆင်းသက်ရတတ် ပါသည်။ တောင်တက် ခရီးစဉ်တစ်ခု အတွင်း တောင်တက်သမားများ အနေဖြင့် South Col သို့ပြန်လည် တက်ရောက်ရန် ဒုတိယအကြိမ် အခွင့်အလမ်းဆိုသည် မှာလည်း အင်မတန်ရခဲလှပါသည်။
ထို့ကြောင့် မြန်မာတောင်တက်သမားများသည် ရရှိသည့်အခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီး မြန်မာနိုင်ငံတော် အလံကို ဧ၀ရတ်တောင်ထိပ် တွင် အောင်လံအဖြစ် စိုက်ထူနိုင်ရန် ကြိုးပမ်းကြရပါမည်။
လက်ရှိအချိန်တွင် ရာသီ ဥတု၊အပူချိန်နှင့် လေတိုက်နူန်း များသည် တောင်တက်သမားများ အတွက် ကောင်းမွန်နေပြီး မြန်မာတောင်တက် သမားများအနေဖြင့် ယနေ့ညမှာပင် တောင်ထိပ်သို့ တက်ရောက်နိုင်ဖွယ် ရှိကြောင်း လည်း တောင်ခြေစခန်းမှ သတင်းပေးပို့ချက်များအရ သိရှိရပါသည်။
ထို့အပြင် Camp-4 သို့ ရောက်ရှိလျက် ရှိသော မြန်မာတောင်တက် သမားနှစ်ဦးစလုံးမှာလည်း ကျန်းမာရေးရာနူန်းပြည့် ကောင်းမွန်နေ သဖြင့် အောင်ပွဲမှာ လက်တစ်ကမ်းအလိုဟု ပင် တင်စားပြောဆိုနိုင်ပြီ ဖြစ်ပါသည်။
မြန်မာတောင်တက်အဖွဲ့၏အောင်မြင်မှုသည် မြန်မာနိုင်ငံသား အားလုံး၏ အောင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်၏သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်လာပါမည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်သူများအားလုံး၏ကိုယ်စား ၀မ်းမြောက် ဂုဏ်ယူစွာဖြင့် မြန်မာ လူငယ်တောင်တက် သမားများ၏ အောင်ပွဲသတင်းကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။