ဖြစ်ရပ်မှန်တွေ ကုန်ပြီထင်ပြီး ဇာတ်လမ်းတွေ ဆင်ပြီးရေးနေတာ အမေပြောပြတဲ့ ဖြစ်ရပ်မှန်လေးပြန်သတိရလို့ တင်ပေးလိုက်ပါတယ်။
ကျွန်တော့်အဖိုးတွေ အဖွားတွေက ဧရာဝတီတိုင်း ကနောင်မြို့ကပါ။နောက်တော့ ရန်ကုန်မြို့ကိုပြောင်းလာကျတယ် ဆိုပါတော့။
အမေပြောပြတာက အဖိုးက အရင်က ပယောဂတွေဘာတွေ ကုတယ်တဲ့။ဆေးကြိမ်လုံးလည်းရှိတယ်။နောက်တော့ သရဲသစ္ဆေတွေကို သနားလို့ ဆိုလား အဲဒီလောကကို စိတ်ကုန်လို့ ဆိုလား သူ့ဆေးကြိမ်လုံးကို သူများပေးလိုက်တယ် ပြောတယ်။
အခုပြောပြမယ့် အကြောင်းအရာက အဖိုးတို့ရန်ကုန်ပြောင်းပြီး သိပ်မကြာသေးခင်ဖြစ်တဲ့ ကိစ္စပေါ့။အဖိုးရဲ့ အမေသရဲ ဝင်စီးတဲ့ အဖြစ်ပါ။အဲဒီအဖွားက အသက်၉၀လောက်ဆိုတော့ လမ်းကောင်းကောင်းမလျှောက်နိုင်လို့ အိမ်အောက်ထပ်မှာ အိပ်တယ်။
တညကျတော့ ဧည့်စာရင်းလာစစ်ကျတယ်။ဧည့်စာရင်းစစ်တဲ့ အချိန်ဆိုတာကလည်း ညဘက်အချိန်မတော်ကြီးတွေမှ စစ်ကျတာလေ။
ဒါနဲ့ ဧည့်စာရင်းစစ်တဲ့ အဖွဲ့ပြန်သွားပြီး။အိမ်သားတွေလည်း အကုန်ကိုယ့်အိပ်ရာကိုယ်ဝင်ခဲ့ကျတယ်။အားလုံးလည်း အိပ်တော့မယ်လည်း လုပ်ရော ''ဝုန်း''ဆိုတဲ့ အသံကြီး အိမ်အောက်ထပ်က ကြားလိုက်ရတယ်တဲ့။အောက်ထပ်မှာ အဖွားတစ်ယောက်ထဲဆိုတော့ အားလုံးပြေးဆင်းပြီး ကြည့်ကျတာပေါ့။ချော်များလဲတာလား။ဘယ်ပေါ်ကပဲ ပြုတ်ကျသလဲပေါ့။အားလုံးလည်း
အောက်ထပ်ကိုရောက်ရော ထင်ထားသလိုမဟုတ်ပဲ အောက်ထပ်မှာ လှောင်ထားတဲ့ ငရုတ်သီး
အိပ်အကြီးကြီးတွေကို အဖွားက ကိုင်ပြီးပစ်နေတာတဲ့ ဗျ။ပါးစပ်မှာလည်း
သရေတွေကျနေပြီး ဟီးးးးဟီးးးနဲ့ ငြီးးးနေတယ် မျက်လုံးကြီးတွေကလည်း
နီရဲနေတယ်တဲ့ အဖိုးကတော့ တန်းသိလိုက်တယ် သရဲ ဝင်ပူးနေတယ်ဆိုတာကိုပေါ့။အဲဒါနဲ့
ဆေးကြိမ်လုံးတက်ယူပြီး ဆင်းလာတယ် ဘယ်သူမှမကပ်နဲ့ နောက်ဆုတ်နေကျလို့
ပြောပြီး သူတစ်ယောက်ထဲ ရှေ့တိုးသွားတယ် တဲ့။သူ့လက်ထဲက ကြိမ်လုံးလည်းတွေ့ရော
အဖွားက အင်္ကျီတွေ ထမိန်တွေ ဆွဲချွတ်ချလိုက်တယ်။ဝင်စီးနေတဲ့ သရဲက အဖိုးကယောက်ျားလေးဖြစ်နေလို့ ရှေ့ဆက်မတိုးအောင် တမင်လုပ်လိုက်တာ နေမယ်ထင်တယ်။
အဖိုးက နောက်မဆုတ်တဲ့ အပြင် ရှေ့ထပ်တိုးပြီး ကြိမ်လုံးနဲ့
တချက်ရိုက်လိုက်ပြီး ''ထိုင်စမ်း''ဆို ပြီး အမိန့်ပေးလိုက်တယ်။အဖွားက
ကြမ်းပြင်ပေါ် လူးနေပြီး ငါ့ကိုမရိုက်ပါနဲ့ ငါဗိုက်အရမ်းစာလို့ပါ။ကြောက်ပါတယ် ထပ်မရိုက်ပါနဲ့တော့လို့ပြောတယ်။ဒါပေမယ့် ယောက်ျားကြီးတယောက်ရဲ့ အသံလိုမျိုး အသံသြသြကြီးတဲ့။
အဖိုးက ''အေး ကောင်းပြီ ဗိုက်ဆာရင် ကျွေးမယ် ငြိမ်ငြိမ်နေ ငါမေးတာ
အရင်ဖြေလို့ ''ပြောတော့ ငုတ်တုတ် ထိုင်သွားတယ်။''မင်း ဘယ်သူလဲ ဘယ်ကလဲ''လို့
မေးလိုက်တယ်။''ငါက ရထားလမ်းမှာ ရထားတိုက်လို့ သေသွားတဲ့
သောင်းထွန်းတဲ့။အခု ဗိုက်အရမ်းဆာလို့ ဧည့်စာရင်း စစ်တဲ့ လူတွေနဲ့
ကပ်လိုက်လာတာပါ။ဗိုက်ဆာလို့ တခုခုကျွေးပါ။ပြီးရင်ပြန်ပါ့မယ်တဲ့။အဖိုးက
အေး မင်းကတိမင်းတည်ရင်တော့ ကျွေးမယ် မဟုတ်ရင်တော့
ဒီမှာကြိမ်လုံးတွေ့တယ်နော် ''လို့ပြောရင်း ကြိမ်လုံးထောင်ပြလိုက်တယ်။''ဟုတ်ကဲ့ပါ''ပြန်ပြောပြီး ခေါင်းကြီးအောက်ငုံ့ထိုင်နေတယ်။
အိမ်မှာ စားစရာဘာရှိသေးလည်း မေးတော့ အဲဒီနေ့မှ ထမင်းတွေ ဟင်းတွေကလည်း
ကုန်ပြီး ငှက်ပျောသီးကလွဲပြီး ဘာမှမရှိဖြစ်နေတယ်။ဒါနဲ့ အဖိုးက
''ငှက်ပျောသီးပဲရှိတယ်။စားမလား။တခြားဟာတော့ မရှိဘူး''ဟုတ်ကဲ့ ရှိတာပဲ စားပါမယ် ငှက်ပျောသီးပဲ ပေးပါ''တဲ့။အဝတ်အစားမရှိတဲ့ အဖွားအပေါ် ဦးလေးတယောက်က စောင်သွားခြုံပေးထားလိုက်တယ်။ငှက်ပျောသီးလဲ
ပေးလိုက်ရော ထိုင်စားနေလိုက်တာ ဘယ်တလုံး ညာတလုံးနဲ့ တလုံးပြီးတလုံးစားတာ
ခဏလေးကုန်ရောတဲ့ ဗျာ။ဒါတောင် ဗိုက်မဝသေးတဲ့ ပုံနဲ့ အပေါ်မော့ကြည့်တော့
အဖိုးက မရှိတော့ဘူး ကုန်ပြီ ကိုယ့်နေရာကို အေးဆေးပြန်တော့လို့ ပြောလိုက်တာ
''ဟုတ်ကဲ့ ''လို့လဲ ပြောပြီးရော အဖွားလည်း ထိုင်နေရာကနေ ပျော့ခွေသွားပြီး
လဲတော့မလိုဖြစ်လို့ အဖိုးက စီးဖက်ထားလိုက်ရတယ်။ခဏနေတော့ သတိရလာပြီး ဘာမှ မသိသလိုနဲ့ ကြောင်တောင်တောင်လေးဖြစ်နေတယ်။ဘာလုပ်နေကျတာလည်း
အခုထိမအိပ်ကျသေးဘူးလား တဲ့။ဘယ်သူမှ ဘာမှ ရှင်းပြမနေတော့ပဲ အဝတ်အစားတွေ
ဝတ်ပေးပြီး အပေါ်ထပ်ကို တွဲခေါ်ပြီး ဘုရားစင် အရှေ့မှာပဲ
အိပ်ခိုင်းလိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~
ပြီးပါပြီ။
မှတ်ချက်။ ။သရဲနာမည် မမှတ်မိတော့၍ အမည်လွှဲ တခုအား အသုံးပြုထားပါသည်။
မရဏ ဖွား… akm...
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။