Ads (728x90)

Photo ; Internet

ဝန်ကြီးအသစ်များ အိမ်ထောင် ပရိဘောဂ၀ယ်ရန် တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ ရရှိမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
နေပြည်တော်တွင် ၀န်ကြီး၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူကို နေအိမ်ပေးအပ်ရာတွင် နေအိမ်၌ အဲကွန်းတစ်လုံးနှင့် ရေမီးစနစ်သာ အသင့်ပါကြောင်း၊ ကျန်ပရိဘောဂ ပစ္စည်းများအတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကျပ်သိန်း ၃၀ ထုတ်ပေးကြောင်း၊ ထိုငွေနှင့်သာ ၀ယ်ယူဖြည့်တင်း ရမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် မတ် ၂၄ ရက်က ရေးသားခဲ့သည်။
"နေပြည်တော်မှာ ၀န်ကြီး၊ ဒုဝန်ကြီး အိမ်တွေကို ၀န်ကြီး၊ ဒုဝန်ကြီးခန့်အပ် ခံရသူတွေကို ပေးတဲ့အခါ အိမ်အခွံပဲပေးတာပါ။ အသင့်ပါတာဆိုလို့ အဲကွန်းတစ်လုံးနဲ့ ရေမီးစနစ်ပဲပါပါတယ်။ ပြီးရင် ဆောက်လုပ်ရေး ၀န်ကြီးဌာနက ၀န်ကြီး၊ ဒုဝန်ကြီး ခန့်အပ်ခံရသူကို ပရိဘောဂစရိတ် သိန်း ၃၀ ထုတ်ပေးပါတယ်။ အဲဒီငွေနဲ့ ကိုယ့်ဘာသာ ဖြည့်ရပါတယ်။ မိမိမှာမူလထဲက ပရိဘောဂရှိပြီးဖြစ်ရင် ကျန်တာဝယ်ပေါ့။ ၀န်ကြီး၊ ဒုဝန်ကြီး တာဝန်ပြီးရင် မိမိကိုခွင့်ပြုငွေနဲ့ ၀ယ်ထားတဲ့ ပရိဘောဂများကို ယူသွားပြီး အိမ်ကိုမူလအတိုင်း ပြန်လွှဲပေးရပါတယ်။ ကိုယ်စိုက်ခဲ့တဲ့ ပန်းပင်ရွှေ့လို့ရရင် ရွှေ့ယူမှာပေါ့။ နိုင်ငံတော်က စိုက်ပေးထားတာမှ မဟုတ်တာ။ နောက်ဝန်ကြီး၊ ဒုဝန်ကြီး အသစ်တွေအတွက် အိမ်ပေးတဲ့အခါ ပရိဘောဂစရိတ် သိန်း ၃၀ ထပ်ပြီး ထုတ်ပေးပါတယ်။ အခု အစိုးရသစ်ဝန်ကြီး၊ ဒုဝန်ကြီးများ အတွက်လည်း အဲဒီလိုပေးနိုင်ဖို့ ဘတ်ဂျက်လျာထားပြီး ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ရေးသားခဲ့သည်။
နေပြည်တော်တွင် ယခင်ဝန်ကြီးဟောင်းများ အနေဖြင့် ပြောင်းရွှေ့ရာတွင် ပရိဘောဂ ပစ္စည်းများအပြင် စိုက်ပျိုးထားသည့် ပန်းပင်များပါ နုတ်ယူသွားသည်ဟု Facebook စာမျက်နှာပေါ်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းနှင့်ပတ်သက်၍လည်း ဦးရဲထွဋ်က လုံးဝမဟုတ်ကြောင်း၊ တာဝန်လွှဲပြောင်းရေး အစည်းအဝေးတွင်လည်း ဦးဝင်းထိန်က ၀န်ကြီးအိမ်များတွင် ပရိဘောဂ မရှိကြောင်း၊ အဲကွန်းတစ်လုံးသာ တွေ့ကြောင်း၊ ယူသွားကြကြောင်း၊ လမ်းစဉ်ပါတီခေတ်က ပရိဘောဂ အပြည့်အစုံ ထည့်ပေးထားသည်ဟု ဆွေးနွေးခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းကို မသိဘဲ ကိုယ့်ဘာသာကိုယ် ကောက်ချက်ဆွဲတာ ဖြစ်သည်ဟု ပြန်လည်ရှင်းပြ ခဲ့ရကြောင်းလည်း ရေးသားခဲ့သည်။  ထို့အပြင် မလောက်ဟုထင်က အစိုးရဖြစ်ပြီ ဖြစ်သောကြောင့် သိန်းတစ်ထောင် ပေးလည်းရကြောင်း ပြန်ပြောခဲ့ရသည်ဟု ရေးသားခဲ့သည်။
အင်တာနက် စာမျက်နှာများတွင် သတင်းထွက်ပေါ်ခဲ့မှု အပေါ်လည်း ဦးရဲထွဋ်က "အဲဒီနေ့ကလည်း ဦးဝင်းထိန်ကို အန်ကယ်တို့ မသိဘဲပြောတာ အရေးမကြီးဘူး။ အန်ကယ်တို့ လူတွေက လေဖမ်းဒါန်းစီးပြီး ရေးနေဦးမယ်။ အဲဒီအခါကျရင် ကျွန်တော် မီဒီယာပေါ်က တက်ရှင်းရလိမ့်မယ်လို့ သတိပေးခဲ့သေးတယ်။ ထင်တဲ့အတိုင်း အခုလို လျှောက်ဖွရေးတော့တာပါပဲ" ဟု ရေးသားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများ အနေဖြင့် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး၊ အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေနှင့်လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ ကားသုံးစီးနှင့် ယာဉ်မောင်းသုံးဦး၊ ကားတစ်စီးအတွက် တစ်လ စက်သုံးဆီဂါလန် ၆၀ နှင့် လစာ ကျပ်သိန်း ၃၀ တို့ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင် ၀န်ကြီးဌာန ၃၆ ဌာန ထားရှိခဲ့ပြီး အစိုးရသစ် လက်ထက်တွင် ၀န်ကြီးဌာန ၂၁ ဌာနထားရှိမည်ဖြစ်ကာ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Writer: 
ငြိမ်းဇော်လင်း
 
 Ref ; Eleven
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...