Ads (728x90)

ရှစ်မိုင်တံတားပေါ်တွင် ယာဉ်များ ဖြတ်သန်း သွားလာနေသည်ကို မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် 'မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀' အရ ရန်ကုန်မြို့တွင် နှစ်ထပ်လမ်းများ တည်ဆောက်ရန် အစီအစဉ်များ ရှိသောကြောင့် လက်ရှိခုံးကျော် တံတားများမှာ ပြန်ဖျက်ပေးရမည် ဖြစ်ကြောင်း မတ် ၂၄ ရက် ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေး အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အခြားနိုင်ငံများတွင်လည်း နှစ်ထပ်လမ်းများ တည်ဆောက်သည့်အခါ မလွတ်ကင်းသဖြင့် တံတားများ ပြန်ဖျက်ပေးရမှုများ ရှိနေပြီး ယခုရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးခုံး ကျော်တံတားများသည်လည်း နှစ်ထပ်လမ်းများ တည်ဆောက်သည့်အခါ အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ပြန်ဖျက်ရမည့် အနေအထားများ ရှိနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
"အချို့နိုင်ငံတွေမှာတော့ နှစ်ထပ်လမ်းတွေ ဆောက်တဲ့အခါမှာ ဒီလမ်းနဲ့ မလွတ်တဲ့နေရာတွေမှာ ဒီတံတားတွေ ပြန်ပြီးဖြိုဖျက် ပစ်ရတာမျိုးတွေရှိတယ်။ ရန်ကုန်မြို့က ခုံးကျော်တံတားတွေကလည်း သိပ်ပြီးတော့ ပြောလို့မရဘူး။ ဒါပညာရပ်ဆိုင်ရာ ကိစ္စဖြစ်နေလို့။ နောက်ဆုံး မလွတ်ရင်တော့ ဖြိုချရမယ့် အနေအထားရှိတယ်။ နှစ်ထပ်တံတားတွေ ဆောက်တဲ့အတွက် ဒီတံတားတွေက အနှောင့်အယှက် ဖြစ်လာရင် ပြန်ဖြိုရမှာပေါ့။ ဒါကတော့ မတတ်နိုင်ဘူး။ အဲဒီလိုမဖြိုချဘဲနဲ့ ဆက်ပြီး လုပ်လို့ရရင်တော့ ကောင်းတာပေါ့။ အချိန်တိုအတွင်း သူတို့ဆောင်ရွက် သွားတာတွေကို စိုးရိမ်မကင်း ဖြစ်တယ်။ နောက်တစ်ချိန်မှာ ပြန်ဖြိုရမယ်ဆိုရင် ဒီတံတားတွေက ကိုယ်ပိုင်ပိုက်ဆံတွေနဲ့ လုပ်ထားတာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ချွေးနှဲစာနဲ့ လုပ်ထားတာ။ အဲဒီတော့ ဒီငွေကြေးကို စနစ်တကျ သုံးစွဲဖို့တော့လိုတယ်။ ပြည်သူလုထု အခွန်အခတွေ၊ ချွေးနှဲစာတွေ ဆိုတာကို အမြဲနှလုံး သွင်းထားရမှာ။ ဒီစိတ်နဲ့လုပ်ဖို့လိုတယ်။ စေတနာထားဖို့ လိုတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ဖွင့်လှစ်ခဲ့သော ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကုက္ကိုင်းခုံးကျော်တံတားအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


"မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဆိုပြီးတော့ JICA နဲ့ စီစဉ်ထားတာတွေ လေ့လာတွေ့ရှိရပါတယ်။ အဲဒီလို အခါကျရင် ၂၀၂၀-၂၀၄၀ မှာ နှစ်ထပ်လမ်းတွေ ဖြစ်လာရင် ဒီဆောက်ထားတဲ့ တံတားတွေက ပြန်ဖျက်ပေးရမယ်။ ကျွန်တော်တို့ ဘဏ္ဍာငွေ မဆုံးရှုံး အောင် ဒါမျိုးတွေကို လေ့လာစိစစ်သင့်တယ်။ လောလောဆယ်မှာ အရေးပေါ် မလိုအပ်ဘူး။ ဒါကိုကျွန်တော်တို့ မလုပ်လို့ရှိရင် အခြားနေရာမှာ ခေါင်းစဉ်ပြောင်းလဲ သုံးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်" ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
"မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၂၀-၂၀၄၀ မှာ ရန်ကုန်မြို့ကြီးမှာ နှစ်ထပ်လမ်းတွေအများကြီး ပေါ်လာမှာ။ ဒါကလည်း Master Plan ထဲမှာ ရေးဆွဲထားပြီးသား။ ဒါကြောင့်မို့လို့ အခုလုပ်ထားတဲ့ ခုံးကျော်တံတားတွေဟာ Master Plan အတိုင်း နှစ်ထပ်လမ်းတွေ လုပ်မယ်ဆိုရင် ဖျက်ကိုဖျက်ရမှာပါ" ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ယခုရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးသော ခုံးကျော်တံတားများသည် ရေတိုအတွက်သာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ရေရှည်အတွက် သဟဇာတ မဖြစ်နိုင်သောကြောင့် ရန်ကုန်မြို့တွင် ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတား နှစ်စင်းသည် မဆောက်သင့်ကြောင်း ဒေါ်စန္ဒာမင်းက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တွင် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစိုးရသစ် သက်တမ်းအတွင်း ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံ (ချော်တွင်းကုန်းမီးပွိုင့်) နှင့် မြောက်ဥက္ကလာပ လမ်းဆုံတို့တွင် ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရည်မှန်းရေးဆွဲကာ ဘဏ္ဍာငွေ တောင်းခံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိခုံးကျော် တံတားများသည်လည်း ပြည်သူအတွက် အကျိုးမဖြစ်သောကြောင့် ယင်းခုံးကျော်တံတား နှစ်စင်းအား  ပြန်လည်လေ့လာစိစစ် သုံးသပ်သင့်ကြောင်း မတ် ၂၂ ရက်တွင် ပြုလုပ်သည့် ဒုတိအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကလည်း အကြံပြုထားသည်။
"အခုလုပ်ဆောင် ပြီးသားတွေကတော့ လုပ်ပြီးပြီ။ ဒါအစိုးရဟောင်း လက်ထက်က လုပ်ခဲ့တာပေါ့။ နောင်အစိုးရသစ် လက်ထက်မှာတော့ ထပ်မဆောက်ဖို့ကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခုံးကျော်တံတားတွေက ရေတိုအတွက်ကတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သယံဇာတမဖြစ်ဘဲ Master Plan ကြီး လုပ်လိုက်လို့ ဒါကို ပြန်ဖျက်ရမယ်ဆိုရင် ပြည်သူတွေ ထမ်းဆောင်ထားတဲ့  အခွန်တွေ နှစ်ဆကုန်မှာ ဖြစ်တယ်။ ဒါကြောင့် နောက်ထပ်ဆောက်မယ့် ခုံးကျော်တံတားတွေကို ပိတ်ပင်တာ ဖြစ်ပါတယ်" ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။
ယခုအစိုးရ လက်ထက်အတွင်း ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်ဟုဆိုကာ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ကုက္ကိုင်း၊ ရှစ်မိုင်စသည့် လမ်းဆုံများတွင် ခုံးကျော်တံတားများကို တည်ဆောက်ခဲ့ပြီး ဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။ အဆိုပါ ခုံးကျော်တံတားများအတွက် ကျပ်ဘီလျံ ၁၀၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်သည်။ 

Writer: 
ကျော်ထင်
 
Ref ; Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...