Ads (728x90)

=====================================
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက် ရှိသော MNL Myanmar 2014 အမှတ်ပေး ပြိုင်ပွဲကြီး၏ Week-6 စနေနေ့ ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်း၊ မန္တလေးမြို့ ဗထူးကွင်း တို့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ စိတ်လှုပ်ရှားဖွယ် ရလဒ်များနှင့် ပြီးဆုံး ခဲ့ကြသည်။

သုဝဏ္ဏကွင်းတွင် ဆောက်သမ်း မြန်မာ ယူနိုက်တက် အသင်းနှင့် ချင်း ယူနိုက်တက် အသင်းတို့ ရင်ဆိုင်တွေ့ခဲ့ ကြပြီး ပထမအကျော့ ပြီးဆုံးချိန်တွင် တန်းဆင်းဇုန်မှ လွတ်မြောက်နေရေး ဦးစားပေး ရုန်းကန်မည့် နှစ်သင်းတွေ့ဆုံ မှုကြောင့် ပြိုင်ပွဲမှာ စိတ်လှုပ်ရှား ဖွယ်ရာဖြစ်ခဲ့သည်။ ဒဏ်ရာပြဿနာ များနှင့် ရုန်းကန်နေရသော ဆောက်သမ်း မြန်မာ အက်ဖ်စီသည် ယခုပွဲစဉ် တွင်လည်း နည်းပြ ကင်ဝေါ်ဒန် စိတ်ကြိုက် လူစာရင်း အပြည့်ဖြင့် ပွဲမထွက်နိုင် ခဲ့ဘဲ ကြံ့ခိုင်မှု မပြည့်ဝသေးသော ကစားသမား အချို့ကို ထည့်သွင်းခဲ့သည် ကိုတွေ့ရသည်။ ချင်းယူနိုက်တက် အက်ဖ်စီမှာမူ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရေး အတွက် စိတ်အားထက်သန်ကာ ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့သည်။ ပွဲချိန် (၁၄) မိနစ်တွင် ချင်းယူနိုက်တက် ကွင်းလယ် တိုက်စစ် ချန်ယာဂင်က ညာတောင်ပံမှ ကျလာသော ဘောလုံးကို အနီးကပ် ပိတ်သွင်းပြီး အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဆောက်သမ်း မြန်မာကလည်း ညာတောင်ပံတွင် ကျောနံပါတ် (၂၀) ရန်နိုင်ထွေး အားလည်းကောင်း၊ အထောင် တိုက်စစ်မှူးအဖြစ် ကျောနံပါတ် (၁၉) ရဲအောင်ကို လည်းကောင်း အားပြုကာ တန်ပြန် တိုက်စစ်ဆင်ခဲ့ သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ချေပဂိုး မရရှိခဲ့ပေ။ ပွဲချိန် (၃၂)မိနစ်တွင် ကျောနံပါတ် (၂၇) ချန်ယာဂင်ကပဲ ဆောက်သမ်း ပင်နယ်တီ ဧရိယာအစပ်တွင် ကျလာသော ဘောလုံးကို ခြေဖျားဖြင့်ခတ်ပြီး Top Spin ထည့်ကန်ခဲ့ သဖြင့် ဂိုးသမားကို ကျော်ကာ လှလှပပ ဂိုးဝင်သွားခဲ့၍ (၀-၂) ရလဒ်ဖြစ်လာခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် (၅၉)မိနစ်တွင် ချင်းကျောနံပါတ် (၉) ကိတ်မာတူနာက ဘယ်တောင်ပံ ဖြတ်တင်ဘောတစ်လုံးအား အနီးကပ် ပိတ်သွင်းယူပြီး အသင်းအတွက် တတိယမြောက် ဂိုးကို လည်းကောင်း၊ ပွဲချိန် (၇၃) မိနစ်တွင် ကိတ်မာတူနာကပဲ ဆောက်သမ်း ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့တွင် အမြန်နှုန်းနှင့် ဟန်ချက်အားသာ ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဂိုးသမားကို ဖြတ်ကျော်၍ စတုတ္ထမြောက် ဂိုးကိုလည်းကောင်း သွင်းယူခဲ့သည်။ ပွဲချိန်(၇၉)မိနစ်တွင် ဆောက်သမ်း ကျောနံပါတ် (၂၃) စိုးကျော်သူသည် အသင်းအတွက် သိက္ခာဆည်ဂိုး သွင်းယူရန် အနီးစပ်ဆုံး အနေအထားအဖြစ် ချင်းဂိုးပေါက်နှင့် ၆ ကိုက်အကွာ အထိ ဘောလုံးဆွဲယူ နိုင်ခဲ့သော်လည်း ကန်ချက် မထွက်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် (၀-၄)ဂိုးရလဒ်မှာ မပြောင်းလဲပဲ ချင်းတို့ တန်းဆင်းဇုန်မှ ထွက်ခွာခွင့်ရခဲ့တော့သည်။

အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့သည့် ဧရာဝတီ ယူနိုက်တက် အက်ဖ်စီနှင့် နေပြည်တော် အက်ဖ်စီတို့၏ ပွဲစဉ်မှာလည်း နိုင်ပွဲလိုအပ် နေသော အသင်း(၂)သင်း တွေ့ဆုံသည့်ပွဲစဉ် ဖြစ်သောကြောင့် အကြိတ်အနယ် ရှိခဲ့သည်။ ဧရာဝတီ ယူနိုက်တက်သည် ခြေစွမ်း ပိုမိုသာလွန်သော နေပြည်တော် အက်ဖ်စီအား ထိန်းကစားရန် ဦးတည်ခဲ့သော်လည်း ပွဲစစချင်း ကစားကွက် အသားမကျသေး ချိန်ဖြစ်သည့် ပွဲချိန် (၇)မိနစ်တွင် နေပြည်တော်၏ အားထားရသော တိုက်စစ်မှူး ဒီပီဒီက အဖွင့်ဂိုး သွင်းယူခြင်းကို ခံလိုက်ရသည်။ ဧရာဝတီ ယူနိုက်တက်သည် ဂိုးသွင်းခံလိုက်ရပြီးနောက် ခံစစ်ကြောင်းကို အကောင်းဆုံး ပြင်ဆင်ခဲ့ပြီး AFC Cup ပြိုင်ပွဲဝင် နေပြည်တော် အသင်းကို တန်ပြန် ထိုးဖောက်ခဲ့သည်။ နှစ်ဖက် အသင်းသားများ၏ ခြေစွမ်းမှာ ယခုပွဲစဉ်တွင် ဘတစ်ပြန်၊ ကျားတစ်ပြန် အနေအထား ဖြစ်ခဲ့သဖြင့် ပွဲပြီးချိန်အထိ (၀-၁)ရလဒ်မှာ မပြောင်းလဲနိုင်တော့ပဲ နေပြည်တော် အက်ဖ်စီ အနေနှင့် အမှတ်ပေး ဇယားထိပ်ပိုင်း၌ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

မန္တလေးမြို့၊ ဗထူးကွင်းတွင် ကစားခဲ့သော ရတနာပုံ အက်ဖ်စီနှင့် မကွေး အက်ဖ်စီတို့၏ ပွဲစဉ်တွင်လည်း အထက်မြန်မာနိုင်ငံ အခြေစိုက် အသင်းနှစ်သင်း၏ အားပြိုင်မှုကို အကောင်းဆုံး တွေ့မြင်ခဲ့ရပြီး စိတ်လှုပ်ရှားဖွယ် ကောင်းသည့် ပွဲစဉ်တစ်ရပ် ဖြစ်ခဲ့သည်။ ပွဲစဉ်တစ်လျှောက် နှစ်ဖက်ကစားသမားများ အနေဖြင့် အကြိတ်အနယ်၊ တွန်းတွန်းတိုက်တိုက် ကစားခဲ့ကြပြီး ပရိသတ်ကို ရသမျိုးစုံ ပေးစွမ်းနိုင်ခဲ့သည်။ ပွဲချန် မိနစ် (၉၀) ပြည့်ချိန်အထိ (၀-၀) ဂိုးရလဒ် ဖြစ်နေခဲ့သဖြင့် ကစားသမားများ အပေါ်ရော၊ ကြည့်ရှုသူ ပရိသတ်များအပေါ်ပါ ဖိအားများစွာ ကျရောက်စေခဲ့သည်။ သို့ရာတွင် ထပ်ဆောင်း အချိန်ပို (၆)မိနစ်တွင် ရရှိခဲ့သော တိုက်ရိုက် အလွတ်တည်ကန်ဘောကို ရတနာပုံအသင်း၏ ဂိုးသွင်းစက် ကျောနံပါတ် (၁၁) ဖွန်ဆီကာက ဂိုးအဖြစ် လှပစွာ ပြောင်းလဲပေးနိုင် ခဲ့သောကြောင့် အိမ်ရှင်ပရိသတ် သက်ပြင်းချနိုင်ခဲ့တော့သည်။

ပွဲပြီးရလဒ်များ
--------------
ဆောက်သမ်းမြန်မာ ၀ - ၄ ချင်းယူနိုက်တက် (သုဝဏ္ဏ)
ချန်ယာဂင် 14', 32'
ကိတ်မာတူနာ 59', 73'

ဧရာဝတီ ယူနိုက်တက် ၀ - ၁ နေပြည်တော် (အောင်ဆန်း)
ဒီပီဒီ 7'

ရတနာပုံ ၁ - ၀ မကွေး (ဗထူး)
ဖွန်ဆီကာ 90+4'

Photo: Hein Soe Tun (MFF)

Ref ; #MNL
(6 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...