Ads (728x90)


ပြည်တွင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှန်တကယ် အပ်ထားခြင်းရှိမရှိကို အစိုးရအနေနှင့် မသိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ထပ်မံ ပြောကြားသည်။

ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများ ကို လျှော်ပေးခြင်းမရှိဟု သတင်းမီဒီယာများ၏ ရေးသားချက်ကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယမြောက်နေ့တွင် အစိုးရအဖွဲ့ ကိုယ်စား လာရောက် ရှင်းလင်းစဉ် ၄င်းက အထက်ပါအတိုင်း ထပ်မံ ပြောကြားသွားခြင်း ဖြစ်သည်။ ယင်းဒေါ်လာ ၁၁ ဘီလီယံကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်းမရှိဆိုသော သတင်းမှာ လုံးဝမှားယွင်းပြီး ကြွေးနွံနစ်နေသည့် နိုင်ငံများမှအပ ကျန်နိုင်ငံများကို ကမ္ဘာ့ဘဏ် က ကြွေးလျှော်ပေးလေ့ မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ထပ်လောင်း ရှင်းလင်းသည်။

မြန်မာနိုင်ငံမှာ ကြွေးနွံနစ်သည့် နိုင်ငံများစာရင်းတွင် မပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။ အဆိုပါ ၁၁ ဘီလီယံသတင်း မှန်မမှန် ပြည်သူများကို တိတိကျကျ ရှင်းလင်းရန်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က လွှတ်တော်တွင် မေးမြန်း ရာ ဗဟိုဘဏ်ဥက္ကဋ္ဌက အဆိုပါ ငွေစာရင်းငါးခုကို မသိကြောင်းသာ ထပ်မံဖြေကြားသည်။ “နိုင်ငံခြားဘဏ်တွေမှာ မြန်မာသူဋ္ဌေးတွေ အပ်ထားတဲ့ ငွေတွေ ရှိနိုင်ပါတယ်။ ဘယ်ဘဏ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ ကာယကံရှင်နဲ့ ဘဏ်လုပ်ငန်းရှင်များကပဲ အတိအကျ သိနိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မှတ်ချက်ပြုသည်။

ထို့အပြင် ဘဏ်များကလည်း မိမိတို့ဘဏ်၌ အပ်နှံထားသူ တစ်ဦးချင်း၏ အပ်ငွေမည်မျှ ရှိသည်ဆိုခြင်းကို လုံးဝထုတ်ဖော် ပြောကြားမည် မဟုတ်သဖြင့် မြန်မာသူဌေးအချို့၏ ဘဏ်စာရင်းငါးခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနေသည်ဆိုသော သတင်းကို အတည်မပြုနိုင်သေးကြောင်း ၄င်းက သုံးသပ်သည်။ စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး အရန်ငွေအဖြစ် ဗဟိုဘဏ်၊ အစိုးရ ကုန်သွယ်မှု ဘဏ်များနှင့် ပုဂ္ဂလိကဘဏ် အသီးသီးက ပြည်ပ ဘဏ်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ အပ်နှံထားပြီး ၁၁ ဘီလီယံကိစ္စကို မသိရှိရကြောင်း ပြောဆိုထားသည်။

အစိုးရများက နိုင်ငံရပ်ခြားတွင် ဘဏ်စာရင်းများ ဖွင့်လှစ်၍ နိုင်ငံခြားငွေကြေး အပ်နှံထားမှုမှာ ပုံမှန်လုပ်ငန်း တစ်ရပ်သာ ဖြစ်ကြောင်း ကမ္ဘာဘဏ်က ထုတ်ပြန် ပြောကြားထားသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အထိရှိသော ဘဏ်စာရင်းငါးခုကို ပြည်ပဘဏ်များ၌ အပ်နှံထားခြင်းေ ကြာင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိကြောင်း အမေရိကန်အခြေစိုက် Bank Information Center မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice
Saturday
Photo:AP
 
Ref ; http://www.oppositeyes.info/2013/10/blog-post_5429.html


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...