Ads (728x90)


အစိုးရနှင့် KIAအဖွဲ့  ယခင်ငြိမ်းချမ်းရေးတွေ့ ဆုံပွဲမှ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့
(KIO)တို့ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာလ၈ရက်၊၉ရက်၊၁၀ရက်များတွင်
တွေ့ဆုံဆွေးနွေးမည်ဟုအစိုးရ၏နည်းပညာအထောက်အကူပြုအဖွဲ့မှဦးလှမောင်ရွှေကမဇ္ဈိမကို ပြောသည်။

“ဘာဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်တွေကတော့ နည်းပညာအထောက်အကူပြုအဖွဲ့ (Technical Team) အချင်းချင်း အရင်တွေ့ဆုံဆွေးနွေးပါမယ်။ အပစ်ရပ် လက်မှတ်ထိုးဖို့ ကျွန်တော်တို့ အစိုးရရဲ့ Technical Team ဘက်ကတော့ ကြိုးစားမယ်။ ထိုးဖြစ်ဖို့ မထိုးဖြစ်ဖို့ကတော့ နှစ်ဖက်ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်တယ်”ဟု ဦးလှမောင်ရွှေ ကပြောသည်။

အစိုးရ၏နည်းပညာအထောက်အကူပြုအဖွဲ့နှင့် ကေအိုင်အို၏နည်းပညာအထောက်အကူပြုအဖွဲ့တို့သည်အောက်တိုဘာလ၂ရက်နှင့်၃ရက်များတွင် တွေ့ဆုံကာအကြိုညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရာတွင် မည်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်၊ မည်သည့်နေရာ တွင် ဆွေးနွေးမည်နှင့် ဘယ်သူတွေပါဝင်မည်ကိုမူ မသိရှိရ သေးပေ။ နှစ်ဖက်နည်းပညာ အထောက်အ ကူပြု အဖွဲ့များသည် စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အထောက်အကူပြုရုံးတွင် တွေ့ဆုံခဲ့ပြီး စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးရေး၊ တပ်ပိုင်းဆိုင်ရာ များအပါအ၀င် အချက်ငါးချက်ကို ဆွေးနွေးခဲ့သည်။

တပ်ပိုင်းဆိုင်ရာ ကိစ်္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်တပ်အနေအထားပြမြေပုံ၊ တပ်အရေအတွက်နှင့် တည်နေရာများ အား မှတ်တမ်းတင်နိုင်ရန် ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန် အောက်တိုဘာတွင် လက်မှတ်ရေးထိုးမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာ ၈ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သော်လည်း  သဘောတူညီခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာတွင် လုပ်ဆောင်မည် ဆိုသော်လည်း ကေအိုင်အို၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦးတို့နှင့်မူ ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ထိုးနိုင်ခြင်းမရှိသေးပေ။

တအောင်း(ပလောင်)ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တို့နှင့်လည်း အောက်တိုဘာလထဲတွင် တွေ့ဆုံရန်ရှိသော်လည်းညှိနှိုင်းနေဆဲသာဖြစ်ကြောင်းဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် ကေအိုင်အို နှစ်ဖက်ခေါင်းဆောင်တို့ နောက်ဆုံးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ၂၀၁၃ ခုနှစ် မတ်လက တွေ့ဆုံခဲ့သည်။

mizzima
 
Ref; http://www.oppositeyes.info/2013/09/blog-post_9867.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...