အမေရိကန်အခြေစိုက်ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Apple၏
စမတ်ဖုန်းထုတ်ကုန်အသစ်နှစ်ခုဖြစ်သော iPhone 6 နှင့် iPhone 6 Plus တို့ ကို
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ
မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဆီမှာတော့ မနေ့က ပစ္စည်းရောက်တယ်။ဒီနေ့စရောင်းပေးသွားဖို့ ရှိပါတယ်။ အလုံးကတော့ နည်းနည်းပဲရှိပါသေးတယ်။ ဟိုဘက်မှာ ဈေးနှုန်းမတည်ငြိမ်သေးတဲ့အတွက် လိုသလောက်မရသေးတာကြောင့်ပါ’’ဟု Smart Touch မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်ကိုမောင်မောင်က ပြောသည်။
Apple မှ iPhone 6 နှင့် 6 Plus တို့ကို 16GB, 64GB နှင့် 128GB ဟူ၍ မော်ဒယ်သုံးမျိုးနှင့် ထုတ်လုပ်ထားပြီး လက်ရှိတွင် ၎င်းတို့ဆိုင်၌ 16GB နှင့် 64GB ကိုသာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး အလုံးရေမှာလည်း အနည်းငယ်သာရှိသေးသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းပေးနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် iPhone 6(16GB) ကို ၁,၂၈၀,၀၀၀ နှင့် iPhone 6 (64GB) ကို ၁,၃၉၀,၀၀၀ ပေးရမည်ဖြစ်ပြီး မျက်နှာပြင်ပိုကြီးသည့် iPhone 6 Plus မှာ အဆိုပါဈေးနှုန်းထက် လေးသိန်းကျော်ခန့် ပို၍ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် iPhone 6 နှင့် 6 Plus တို့မှာ ဈေးကွက်ထဲ၌ လိုသလောက်မရရှိနိုင်သေးသလို ဈေးတည်ငြိမ်ခြင်းမရှိ၍မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့တွင် သာရောင်းချလျက်သည်။
‘‘တချို့ဆိုင်တွေကတော့ ရောင်းနေပြီ။ ကျွန်တော်တို့က တော့ ၂၅ ရက်နေ့ နောက်ပိုင်းမှာ စရောင်းမှာပါ။ အခုကတော့ကြိုက်ရောင်း ကြိုက်ဝယ်လုပ်နေကြတဲ့အတွက် ဈေးမတည်ငြိမ်သေးလို့ပါ။ iPhone 6 Plus (128GB) ဆိုရင် ပြည်ပမှာ ၂၈ သိန်းလောက်ထိပေါက်နေတယ်။ ကျွန်တော်တို့ စရောင်းတဲ့အချိန်ကျရင်တော့ ဈေးနှုန်းတစ်ခုတည်းနဲ့ လိုသလောက်ရောင်းပေးသွားပါမယ်’’ ဟု I Motion မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုမင်းသန့်က ပြောသည်။
ထို့အပြင် Xenovia Cyber Kingdom ကုမ္ပဏီမှလည်း ပြည်ပမှတစ်ဆင့် Pre Order ဖြင့် မှာယူပေးလျက်ရှိပြီး iPhone မှာယူလို ပါက 16GB (၉၅၀,၀၀၀ ကျပ်), 64GB (၁,၀၉၀,၀၀၀ ကျပ်) နှင့် 128GB (၁,၂၃၀,၀၀၀ ကျပ်)တို့ဖြင့် မှာယူနိုင်မည်ဖြစ်ပြီး iPhone 6 Plus မှာလိုပါက 16GB (၁,၀၉၀,၀၀၀ ကျပ်), 64GB(၁,၂၃၀,၀၀၀ ကျပ်) နှင့် 128GB (၁,၃၇၀,၀၀၀ ကျပ်) တို့ဖြင့် မှာယူ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုမှာမည်ဆိုပါက နိုဝင် ဘာလဆန်းပိုင်းအတွင်းမှာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
7day daily

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။