Ads (728x90)


မြစ်ခြေကျေးရွာရှိ လူစုလူဝေးဖြစ်စဉ်အတွင်း ဖျက်ဆီးခံရသည့် ကုန်မာဆိုင်အား မြင်တွေ့ရစဉ်
ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာတွင် စက်တင်ဘာ ၂၀ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့သော နေအိမ်တစ်လုံး၊ ဈေးဆိုင်တစ်ဆိုင်နှင့် အစ္စလာမ် ၀တ်ပြုကျောင်းတစ်ခုတို့ အနည်းငယ်ပျက်စီးခဲ့သည့် လူစုလူဝေးမှုမှာ လူမှုရေးပြဿနာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူမျိုးရေးနှင့် ဘာသာရေးပြဿနာကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်ကြောင်း ဒေသအာဏာပိုင်များနှင့် မြစ်ခြေဒေသခံများက ပြောကြားသည်။
နေအိမ်တစ်လုံး၊ ဈေးဆိုင်တစ်ဆိုင်နှင့် အစ္စလာမ်ဝတ်ပြုကျောင်းတစ်ခုတို့ အနည်းငယ်ပျက်စီးခဲ့သည့် အဆိုပါ လူစုလူဝေးမှုမှာ အလုပ်ရှင် အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် အလုပ်သမားတို့ အလုပ်နှင့်ပတ်သက်၍ စကားများရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ည ၇ နာရီခန့်တွင် မြစ်ခြေကျေးရွာနေ ဗုဒ္ဓဘာသာဝင် ဒေါ်ချိုသက်မာမှ တစ်ရွာတည်းနေ အစ္စလာမ်ဘာသာဝင် ကိုမိုးဝင်းနှင့် ဇနီးဖြစ်သူထံ လုပ်အားခ သွားရောက်တောင်းယူရာမှ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားများကြပြီး ကိုမိုးဝင်းနှင့် ဇနီးဖြစ်သူမှ ဒေါ်ချိုသက်မာအား နေအိမ်ဝင်းအတွင်းဆွဲသွင်း၍ ၀ိုင်းဝန်းရိုက်နှက်ရာ ဒေါ်ချိုသက်မာက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ပြီး ဘာသာခြားလင်မယားမှ ဗမာအမျိုးသမီးတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်သည်ဟု သတင်းပျံ့နှံ့သွားရာကနေ လူစုလူဝေး စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“လူစုလူဝေးဖြစ်တဲ့အချိန်မှာ လူအုပ်ကို ကျွန်တော်တို့ တာဝန်ရှိသူတွေရော ရပ်ရွာလူကြီးတွေကရော ပြစ်မှုကျူးလွန်သူကိုရှာပြီး ဖမ်းဆီးပေးမဲ့အကြောင်း၊ လိုက်လံရှာဖွေနေတဲ့အကြောင်း ရှင်းပြတဲ့အခါ လူအုပ်က ကျေနပ်နေပြီ။ အဲဒီမှာ တခြားတစ်ဖွဲ့ ထပ်ရောက်လာပြီး ဗလီထဲကို ၀င်ဖျက်တယ်။ နောက် ဆိုင်နဲ့အိမ်ကို ဆက်ဖျက်တယ်။ အဲဒီနောက်ပိုင်း လူစုကွဲသွားပြီး အေးအေးချမ်းချမ်းပါပဲ။ ထိခိုက်သေဆုံးတာ မရှိပါဘူး။ ပြစ်မှုကျူးလွန်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်” ဟု မြစ်ခြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်က ပြောကြားသည်။
ယခုကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ကာ ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ တာဝန်ရှိသူများအနေဖြင့် ပြစ်မှုနှင့်ပတ်သက်ပြီး တိုင်ကြားမှုပြုလုပ်စဉ် ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် အခြားအစ္စလာမ် ဘာသာဝင်များအား တိုက်ခိုက်ခြင်းများ မရှိကြောင်းနှင့် ပုံမှန်အတိုင်း သွားလာနေကြကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၏ ပြဿနာဖြစ်ပြီး လူမျိုးရေးနှင့် ဘာသာရေးပြဿနာ  မဟုတ်ကြောင်းလည်း မြစ်ခြေဒေသခံ ကိုဘုန်းကျော်က ဆိုသည်။
Go to Source

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...