Ads (728x90)

21.9.2014-1 21.9.2014-2 21.9.2014-3
ခါကာဘိုရာဇီတောင်တက်ခရီး အတွေ့အကြုံသတင်းစာရှင်းလင်းပွဲကို ရန်ကုန်တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း ဥက္ကဌ ဦးမျိုးသန့်၊ ပြန်ကြားရေးတာဝန်ခံဦးကျော်နိုင်တို့က ကြီးမှူး၍ (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်၊ တနင်္ဂနွေနေ့လည် (၁) နာရီအချိန်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမ၌ ကျင်းပခဲ့ရာ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက် သတင်းယူခဲ့ကြသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်မှ ခါကာဘိုရာဇီ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်း စာနာမှုဖြင့် ကူညီ လုပ်ဆောင်ပေးနေသော ထူးဖောင်ဒေးရှင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

{ခါကာဘိုရာဇီတောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး ထူးဖောင်ဒေးရှင်း ပရိသတ်များ သိရှိနိုင်စေရန် အကျဉ်းရုံးတင်ပြအပ်ပါသည်}

ခါကာဘိုရာဇီ အောင်နိုင်ရေးခရီးစဉ်၌ တာဝန်ခွဲဝေယူရာတွင် ဥက္ကဌဦးမျိုးသန့်မှ တောင်တက်အဖွဲ့၏ ဦးဆောင်ညွှန်ကြားသူ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး ယခုခရီးစဉ်အတွင်း ပျောက်ဆုံးနေသော ကိုအောင်မြင့်မြတ်မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကိုဝေယံမင်းသူက အဖွဲ့၏ မန်နေဂျာ အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တောင်တက်ခရီးစဉ်အဖွဲ့ သတ်မှတ်မှုတွင် ယခုပျောက်ဆုံးနေသော ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦးသည် summit Team ဖြစ်ပြီး ကျန်အဖွဲ့သားများမှာ Base Team ဖြစ်ခဲ့သည်။

ယခုတောင်တက်ခရီးစဉ်တွင် စခန်း (camp) – (၈)ခုသတ်မှတ်ခဲ့ပြီး ခါကာဘိုရာဇီတောင်ထိပ်နှင့် အနီးဆုံး စခန်း (camp) - နံပါတ် (၈) မတိုင်ခင်အထိ ကြားစခန်းများတွင် summit Team နှင့် Base Team သည် အပြန်အလှန် ဆက်သွယ်ပြောဆို အချက်ပြမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ သို့သော် အဖွဲ့သား(၆)ဦးပါဝင်သော Base Team သည် တောင်ထိပ်နှင့် အနီးဆုံးစခန်း (camp)–(၈) မှနေ၍ တောင်ထိပ်သို့ တက်ရောက်သည့် လမ်းကြောင်းကို မမြင်နိုင်ကြောင်းသိရှိရသည်။

ပြီးခဲ့သော သြဂုတ်လ (၂၂) ရက်တွင် စတင်တက်ရောက်ခဲ့သော Summit Team သည် ကြားစခန်း(camp)အဆင့်ဆင့်ကို တက်ရောက်ခဲ့ပြီးနောက် သြဂုတ်လ (၃၁)ရက်၊ ညနေ (၄)နာရီ ၂၅ မိနစ်တွင် တောင်ထိပ်သို့ ရောက်ရှိပြီး Base camp ရှိ အဖွဲ့သားများ နှင့် အပြန်အလှန်ဆက်သွယ်နိုင်ခဲ့ကြောင်း သိရှိရသည်။ (summit team) တောင်ထိပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ကိုဝေယံမင်းသူက ညနေ(၄)နာရီ၊ ၂၈ မိနစ်တွင် Base Team အဖွဲ့သားများထံ ဆက်သွယ်ရေးစကားပြောစက်ဖြင့် သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

Base Team နှင့် Summit Team သည် စကားပြောစက်ဖြင့် အပြန်အလှန်ဆက်သွယ်၍ နိုင်ငံတော်သီချင်း၊ တောင်တက်သီချင်း တို့ကို သီဆိုပြီးနောက် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတော်အလံလွှင့်ထူခြင်း၊ အသင်းအလံလွှင့်ထူခြင်း၊ စပွန်ဆာ ဖြစ်သည့် Premier နှင့် KBZ အလံများဖြင့် ဓါတ်ပုံရိုက်ခြင်း အပြင် ဓါတ်တော်များ ဌာပနာခြင်းနှင့် တောင်ခြေတွင် ပြင်ဆင်ခဲ့သည့် အခြားလှုပ်ဆောင်မှုများအား ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်သီချင်းနှင့် သဘာဝခေါ်သံအဖွဲ့၏ တောင်တက်အသင်းသီချင်းများ သီဆိုပြီးနောက် ကိုဝေယံမင်းသူက စကားပြောစက်၏ ဘတ္ထရီ ကုန်လုနီးပြီ ဖြစ်ကြောင်း ပြောအပြီးတွင် Base Team သည် (Summit Team) ၏ စကားပြောစက်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

ထိုနောက် Base Team တွင် ပါဝင်သည့် တောင်တက်အဖွဲ့သားများဖြစ်သည့် ကိုဇော်ဇင်ခိုင်၊ ကိုမျိုးညွှန်သန်း၊ ကိုဟန်လင်းထွန်း၊ ကိုကျော်ထွန်းနိုင်၊ ကိုမောင်မောင်ပြည့်စုံနှင့် ကိုဇေယျာထွန်းတို့သည် (Summit Team) နှင့် သဘောတူ သတ်မှတ်ထားသည့် အတိုင်း စက်တင်ဘာ(၅) ရက်နေ့၊ ညနေအထိ Base camp တွင် ပြန်ပေါင်းဆုံရန် စောင့်ဆိုင်းခဲ့ကြသည်။

သို့သော် သတ်မှတ်ချိန်အထိ ပြန်လည်ရောက်ရှိ မလာသဖြင့် တဟွန်းဒန်းရွာမှ ကျေးရွာဥက္ကဌဖြစ်သည့်အပြင် လမ်းပြတစ်ဦးလည်း ဖြစ်သော ကိုအန်းတွင်းကို အမြင့်ပေ ၁၅၈၀၀ အထိ တက်ရောက်ရှာဖွေစေခဲ့ပါသည်။

အမြင့်ပေ ၁၅၈၀၀ တွင် (၃)နာရီကြာ စောင့်ဆိုင်းခဲ့သော်လည်း ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦး ပြန်လည်ရောက်ရှိခြင်း မရှိခဲ့ကြောင်းသိရသည်။ ထို့နောက် စက်တင်ဘာ(၆)ရက်နား၍ စက်တင်ဘာ(၇)ရက်နေ့တွင် ထပ်မံတက်ရောက်ရှာဖွေခဲ့ရာ အမြင့်ပေ ၁၆၂၀၀ ၀န်းကျင် သို့ ရောက်ရှိခဲ့သည်။

သို့သော် အဆိုပါအမြင့်ပေ ၁၆၂၀၀ ထက်ပို၍ တက်ရောက်ရန်အတွက် (Mountaineering Gears) များ လိုအပ်ပြီး အထူး လေ့ကျင့်မှုများလည်း လိုအပ်ရာ အထောက်အကူပြု အဖွဲ့သားများပါ အန္တရာယ်ရှိနိုင်သည့် အနေအထားဖြစ်သည်။ ထို့ကြောင့် အမြင့်ပေ ၁၆၂၀၀ အထက်တွင် (၂)နာရီခန့်ရှာဖွေပြီး Mother Unit သို့ သတင်းပို့ရန် ပြန်ဆင်းခဲ့ရကြောင်း သိရှိရသည်။

ထို့နောက် စက်တင်ဘာ(၈)ရက်တွင် Base Camp မှ စတင်ဆင်းပြီး စက်တင်ဘာ(၉)ရက်နေ့၌ တဟွန်ဒန်းရွာသို့ Supporting Team ပြန်လည်ရောက်ရှိခဲ့သည်။ တဟွန်းဒန်းရွာမှ ဦးနမားဂျွန်ဆင်၏ ဖုန်း(Satellite Phone) ဖြင့် Supporting Team သည် ရန်ကုန်သို့ စက်တင်ဘာ(၉)ရက် ညနေတွင် သတင်းပို့၍ ဆက်လက်လုပ်ဆောင်ရန်များကို ညွှန်ကြားချက်ရယူနိုင်ခဲ့သည်။

Supporting Team သည် စက်တင်ဘာ (၁၀)ရက်နှင့် (၁၁)ရက်တွင် အထမ်းကိစ္စ၊ ရိက္ခာကိစ္စများ စီစဉ်ခဲ့ရပြီး စက်တင်ဘာ(၁၂) ရက်တွင် ပန်နန်းဒင်ရွာသို့ အကျပ်အတည်းများကြားမှ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့နောက်တွင် ထူးဖောင်ဒေးရှင်း၏ ကယ်ဆယ်ရေး ရဟတ်ယာဉ်များဖြင့် စက်တင်ဘာ (၁၆) ရက်တွင် ပူတာအိုသို့ ပြန်လာခဲ့ပြီး စက်တင်ဘာ (၁၉)ရက်နေ့တွင် ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးသော လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ယနေ့ စက်တင်ဘာ (၂၁)ရက်တွင် အများပြည်သူ သိရှိနိုင်ရန်အတွက် သဘာဝခေါ်သံ ဖောင်ဒေးရှင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခါကာဘိုရာဇီတောင်တက်ခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းအနေဖြင့် လည်းကောင်း၊ ထူးကုမ္ပဏီများအုပ်စု အနေဖြင့် လည်းကောင်း စပွန်ဆာ ထည့်ဝင်ထားခြင်း မရှိသော်လည်း လူသားခြင်း စာနာမှု တစ်ခုတည်းဖြင့်သာ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
21.9.2014-4 21.9.2014-5 21.9.2014-6

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...