Ads (728x90)



photo credit - KIC


ရန်ကုန်၊ ဇွန် ၁၈

သမ္မတ ဦးသိန်းစိန်အား နောက်ထပ် သက်တမ်း ထပ်မံထမ်းဆောင်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တာဝန်ရှိသူများက ပြောဆိုခဲ့ခြင်းမှာ ကရင်လူထု တစ်ရပ်လုံး၏ အာဘော်မဟုတ်ဘဲ ယင်းကဲ့သို့ ပြောဆိုမည် ဆိုပါက ကရင်ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူပြီးမှသာ ပြောဆိုသင့်ကြောင်း ကရင်ပြည်နယ် အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇွန် ၁၅ ရက်က ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီတို့ ပြုလုပ်သည့် အစည်းအဝေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်၌လည်း ““နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နောက် သက်တမ်းအတွက် ဆက်လက် အရွေးချယ်ခံရန် ပြောဆိုခဲ့သော KNU ၏ စကားသည် ကရင်လူထု တစ်ရပ်လုံး၏ အာဘော် မဖြစ်နိုင်ကြောင်း””ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

““ကျွန်တော်တို့လည်း အကြိတ်အနယ် ပြန်ပြီးတော့ သုံးသပ်လိုက်တဲ့အခါမှာ ဒီလို ကြီးကျယ်ခိုင်ခံ့တဲ့ စကားမျိုး ပြောဖို့ဆိုရင် ကရင်အမျိုးသားထံမှ ရယူသင့်တယ်””ဟု ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကိုးနေရာ အနိုင်ရရှိ ထားသော ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆက်လက်ပြီး ဦးမန်းအောင်ပြည်စိုးက ““ထည့်ထားလိုက်ပြီ။ ထည့်လိုက်ပြီဆိုတာက ကျွန်တော်လည်းမသိဘူး။ သိတာက ၀နဲ့ ပလောင် လက်မှတ်ထိုးရအောင် KNU ကစည်းရုံးတယ်။ အခု မန်းငြိမ်းမောင် ရောက်သွားတဲ့ အခါမှာ နောက် သမ္မတသက်တမ်း အဲလို ပေးပါဆိုပြီးတော့ အကြံပြုသလို ပြောတာပေါ့လေ။ အဲဒါ ဘယ်သူ ပြောတာလဲ မေးကြတာပေါ့။ စာစောင်တစ်စောင်တောင်မှ ဘာရေးထားလဲဆိုရင် KNU ရွှေ့လိုက်သော နိုင်ငံရေး ကစားကွက်တစ်ကွက်””ဟု ဆိုသည်။

ဖလုံ-စဝေါ် ပါတီဘက်မှ ယခုကဲ့သို့ ပြောဆိုမှုမှာ KNU နှင့် နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံမှု အကြိမ်ရေ များလာခြင်းအပေါ် တိုင်းရင်းသားများ စိုးရိမ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။

ဇွန် ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ဖလုံ-စဝေါ် ပါတီ သဘာထား ထုတ်ပြန် ကြေညာချက်၌ အမျိုးသား လွှတ်တော်အတွင်း အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အဆိုတင်သွင်း ဆွေးနွေး အတည်ပြု ခဲ့ခြင်းသည် တိုင်းရင်းသားပါတီနှင့် ပါတီငယ်များအပေါ် အကျိုးပြုမှု မရှိသည့်အပြင် မဲပေးမှုစနစ်နှင့် မဲရေတွက်ပုံစနစ် ရှုပ်ထွေးခြင်း၊ ပညာရည် နိမ့်ကျသည့် တိုင်းရင်းသား မဲဆန္ဒရှင်များအတွက် အခက်အခဲရှိပြီး ယဉ်ပါးမှု မရှိသေးခြင်းကြောင့် ယင်းစနစ်အား ကန့်ကွက်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

MH-0025
myanmarthandawsint

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...