Ads (728x90)



  • ငယ်ငယ်တုန်းက စာစီစာကုံးတွေရေးတဲ့အခါ အားကျမိသောပုဂ္ဂိုလ်တဦး၊ လေးစားမိသောလူတယောက်၊ မမေ့နိုင်သောဆရာ စတဲ့ခေါင်းစဉ်လေးတွေ ပေးထားတတ်တာ။ အဲဒီတုန်းကတော့ ဒါဟာ စာစီစာကုံးလေ့ကျင့်ရုံ၊ နီးစပ်ရာပတ်ဝန်းကျင်က လူတယောက်အကြောင်းလွယ်လင့်တကူ ရေးရုံလောက်ပဲ အောက်မေ့ခဲ့မိတာ။ အခုတော့ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေးတတ်လာခဲ့ပြီ။
  • တောင်အာဖရိကနိုင်ငံရဲ့ လူစွမ်းကောင်းကြီး နယ်ဆင်မန်ဒဲလားရဲ့ နိုင်ငံရေးခရီးအပိုင်းအစလေးကို ရိုက်ကူးပြထားတဲ့ Invictus ဆိုတဲ့ရုပ်ရှင်ကားကို ကြည့်စဉ်ကတော့ ထူးခြားတာတခုကို သတိထားမိတယ်။ တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကြီး ရပ်ဘီအသင်းခေါင်းဆောင်ကို တသီးတသန့်ခေါ်ပြီး ငါတို့ နိုင်ငံကလူတွေ သိပ်စိတ်ဓါတ်ကျနေတယ်။ သူတို့စိတ်ဓါတ်တက်အောင် မင်းတို့ရပ်ဘီအသင်းက ကမ္ဘာ့ချန်ပီယံဆုကို ရမှဖြစ်မယ် တဲ့။ တိုင်းသူပြည်သားတွေရဲ့ စိတ်အခြေအနေကို နားလည်နိုင်စွမ်းရှိပြီး နည်းလမ်းရှာတတ်တာကိုက ခေါင်းဆောင်ကောင်းဖြစ်ဖို့ အရည်အသွေးတွေထဲမှာ ထိပ်ဆုံးကအရေးပါနေတာကို ဖော်ပြခဲ့ပါတယ်။
  • တောင်အာဖရိကနိုင်ငံသားများနဲ့ ထူးမခြားနားပါပဲ။ တံခါးပိတ်ထားတဲ့ အမှောင်ထဲမှာ နှစ် ၅၀ လောက်ကျင်လည်ခဲ့ပြီး အိမ်တကာလှည့်လို့ မျက်နှာငယ်ငယ်ကျွန်ခံခဲ့ကြရတဲ့မြန်မာများအတွက် ဂုဏ်ယူစရာအခြေအနေတွေကလည်း ကံအလှည့်အပြောင်းမှာတော့ ရောက်လာကြပါသေးတယ်။ အန်တီစုရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ နိုင်ငံခြားသားတွေဝိုင်းဝိုင်းလည်လို့ ဆုပေးကြ၊ မိန့်ခွန်းတွေလည်း ပြောခွင့်ရတော့ ပျော်လိုက်ကြတဲ့မြန်မာတွေ။ အန်တီစုကို ချစ်လို့၊ လေးစားလို့ ဆိုတာလည်းပါ။ ငါတို့မြန်မာလူမျိုး၊ ကမ္ဘာမှာ ဂုဏ်ဝင့်နိုင်တယ်ဆိုတဲ့ မော်ကြွားလိုစိတ်လည်းပါ။ ထိုင်းနိုင်ငံနယ်စပ်က မြန်မာအလုပ်သမားတွေဆို အန်တီစုလာတဲ့နေ့က တသက်လုံးကြောက်ခဲ့ရတဲ့ ထိုင်းရဲတွေကိုတောင် ထီမထင်ဘူးတဲ့။ အမြဲတမ်း ငုံ့ခဲ့ရတဲ့ခေါင်းတွေကို ခဏလေးဖြစ်ဖြစ်တော့ ထောင်ကြည့်ချင်ကြသေးတာပေါ့နော်။
  • အန်တီစု တယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး။ သမ္မတကြီး မျက်နှာဖုံးရှင်ဖြစ်တော့လည်း ၀မ်းသာကြတာပဲ။ ဆုရမယ် ဆိုတော့လည်း ဒုတိယမြောက် မြန်မာလူမျိုးငြိမ်းချမ်းရေးဆုရှင်ဖြစ်ပါစေကြောင်း ၀ိုင်းဆုတောင်းကြသေးတာပဲ။ စစ်အာဏာရှင်များကို အမုန်းကြီးမုန်းခဲ့ကြတဲ့လူများက သမ္မတကြီးတော့ ဆုရပါစေဆိုတာ လူမျိုးခြားများအတွက်တော့ အံ့သြစရာကြီးဖြစ်ကုန်တယ်ထင်ပါရဲ့။ အစကတော့ မုန်းတယ်ဆို၊ ဦးသိန်းစိန်တော့ ချစ်သလားလို့တောင် မေးလာကြပါတယ်။ ဒါဟာ မြန်မာလူမျိုးအနေနဲ့ မြန်မာလူမျိုးတယောက်အတွက် ဂုဏ်ယူချင်တဲ့စိတ်ကလေးလို့သာ နားလည်ပေးနိုင်ရင် လွယ်မှလွယ်ပါ။ ကမ္ဘာ့မိသားစုက အဖက်မလုပ်ပဲ ချောင်ထိုးခံခဲ့ရတာကြာပြီဆိုတော့ တကြိမ်တခါပဲဖြစ်ဖြစ် နာမည်ကျော်ချင်ကြတာပါပဲ။
  • ပိုပြီးသိသာတာကတော့ နန်းခင်ဇေယျာရဲ့ မယ်ရွေးပွဲပါ။ အင်တာနက်ပေါ်မှာ သောင်းကျန်းလိုက်ကြတဲ့ မြန်မာတွေ။ ၄ ရက်လောက် ထမင်းမစား၊ ဟင်းမစား မဲပေးတဲ့သူလည်းရှိသတဲ့။ မိန်းကလေးတွေလည်း အပါအ၀င်၊ မြန်မာတနိုင်ငံထဲတောင်မဟုတ်ပဲ ရေကြည်ရာမြက်နုရာရောက်နေကြတဲ့ အိမ်လွမ်းသူများအားလုံးဝိုင်းဝန်းလိုက်တာ အင်တာနက်မယ်ဆုကို ပြိုင်ဘက်မရှိဗိုလ်စွဲပါရောလား။ ဒီလို ပအို့ဝ်မလေးကို ဒီလိုဆုမျိုးနဲ့ အိမ်အပြန်ဝိုင်းကြိုလိုက်ကြတာ ကမ်းလုံးညွှတ်ပဲ။ တကယ်တော့လည်း ဒါဟာမြန်မာလို့ ကြွေးကြော်ချင်ကြတဲ့ တိုးတိတ်သောအသံပါပဲလေ။



  • နောက်တခါ ထင်ထင်ရှားရှားမြင်ရတဲ့ အချိန်ကတော့ ဧည့်သည်ကြီး အိုဘားမားလာတဲ့အချိန်ပါပဲ။ စင်္ကြာဝတေးမင်းကြီးက အိမ်လာလည်တယ်ဆိုတော့လည်း သည်းလှိုက်အူလှိုက်ကြိုဆိုလိုက်ကြတာ အိုဘားမားတောင် နှလုံးပီတိ ဂွမ်းဆီထိသွားသတဲ့။ အမေရိကန်ကို ချစ်လို့၊ အိုဘားမားကို သဘောကျလို့ဆိုတာတွေထက် အိမ်သာလို့ ဧည့်လာတယ်လို့ ခံယူကြတဲ့ မြန်မာလူမျိုးများအကြောင်း အတွင်းသိချင်းမို့ ပြောဖို့မလိုပါဘူးလေ။ ကလေးပေါက်စလေးတွေကအစ ဖွားဖွားကြီးတို့အဆုံး ပျော်နေကြတာ။ နောက်တနေ့ မုန့်ဟင်းခါးဆိုင်မှာတောင် ပြောလို့မဆုံးဖြစ်နေကြလေရဲ့။
  • အခုလည်းတွေ့နေရပြန်ပါတယ်။ သီချင်းတွေဆိုတဲ့ ချင်းမလေး မီလာ  တဲ့။ ဆုရဖို့ဝိုင်းဝန်းကြရဦးမယ်ဆိုတော့ တပျော်တပါးကြီးကို မဲပေးနေကြပြန်ပါရော။ ကိုရီးယားမော်ဒယ်ပြိုင်ပွဲမှာ ဆုရတဲ့ ထွန်းကိုကို မြန်မာလူမျိုးဆိုတော့လည်း ဂုဏ်ယူဝမ်းမြောက်နေပြန်တာပါပဲ။ ဒါကြောင့်လည်း သူငယ်ချင်းတယောက်က မှတ်ချက်ချပါတယ်။ တို့တွေလောက် ချစ်တတ်ကြတာလည်းမရှိပဲနဲ့ တို့တွေလောက် ကွဲတတ်ကြတာလဲမရှိ ဖြစ်နေဖို့ မသင့်ဘူးတဲ့။ တကယ်လည်း ဒီလို လက်ခုပ်လက်ဝါးတီးတဲ့အချိန်၊ ပီတိတွေနဲ့ ပြုံးနေတဲ့အချိန်မှာ ဗမာနဲ့ တိုင်းရင်းသားဆိုတာလည်း မရှိ၊ ဒီမို နဲ့ စစ်တပ်ဆိုတာလည်းမရှိ၊ ယောက်ျားနဲ့ မိန်းမ ဆိုတာတောင် ရှိမနေပါဘူး။ တို့ပြည်သူပြည်သား မြန်မာဟေ့ဆိုတဲ့ နှစ်လိုနာပျော်ဖွယ်အတွေးတခုသာ စိုးမိုးမြဲပါ။



  • ငယ်ငယ်တုန်းကတော့ စာစီကုံးရုံသက်သက်ပဲလို့ တွေးထင်ခဲ့မိတာပေါ့လေ။ အခုတော့ နားလည်လာပါပြီ။ အားကျချီးကျုးစိတ်ရဲ့ နောက်မှာ အတုယူစိတ်တွေပါတယ်။ ဂုဏ်ယူလေးမြတ်စိတ်ရဲ့နောက်မှာ သင်ယူစိတ်တွေပါတယ်။ ခေါင်းမော့ရင်ကော့ပြောချင်စိတ်ရဲ့နောက်မှာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်တဲ့စိတ်တွေနဲ့ တွဲနေတဲ့ ထက်သန်တက်ကြွစိတ်တွေပါတယ်။ အနှစ်နှစ်အလလ စောင့်မျှော်ခဲ့ရတဲ့ ခရီးရှည်ကြီးမှာ ရေကြည်လေးတစက်လောက်သောက်ရရင်လည်း အမောပြေတာပဲမို့လား။
  • ရှေ့ဆက်ကြမယ့်ခရီးလမ်းမှာလည်း ဒီလိုကြည်လင်အေးမြတဲ့ ရေပေါက်ကလေးတွေ မကြာခဏတွေ့ကြရပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...