Ads (728x90)




ကောက်ကြီးထမင်း ၊ သုံးပေါက်ချွန်း
----------------------------------

 ကျွန်တော်တို့ မြန်မာမှာ  " ခင်ရာဆွေ မျိုး ၊မြိန်ရာဟင်းကောင်း " ဆိုတဲ့ စကားပုံလေးရှိတယ်မဟုတ်လား ။ ထမင်းစားမြိန်ခြင်းဆိုရာမှာငွေ ကြေးချမ်းသာသူတွေ အတွက်ကတော့ သိပ်အဆန်းလုပ်စရာမဟုတ်ဘူးပေါ့ ။ အာသီသ ရှိရာလေးကို ငေါက်ကနည်းထပြီး ချက်ချင်းဝယ်ချက်စားနိုင်ကြတယ်မဟုတ်လား ။ တောသူတောင်သား ၊ သာမာန်ကျောမွဲများအဖို့တော့ ထမင်းမြိန်ဖို့ အတွက် ဆိုရင် ဟင်းစပ် တည့်ဖို့ဆိုတာကလိုလာတယ် ။ ဟင်းစပ်တည့်တယ်ဆိုတာ က အသားဟင်ကြီးပါမှ ဟင်းအမယ် တွေ စုံနေမှရယ်လို့ မဟုတ်ပါဘူး ။ သာမာန် ဟင်းကြမ်းလေး ၂ မျိုး ၃ မျိုးနဲ့လည်းဟင်းစပ်ဆိုတာတည့် နေတတ်ပါတယ် ။ ဥပမာ ကုလားပဲရွက်ဟင်းချိုနဲ့ ဇီးဖြူသီးဖုတ်ထောင်းလို ၊ ပဲလွန်းရွက်ဟင်းချိုနဲ့ ခရမ်းချဉ်သီးချက်လို ၊ ဆူးပုတ်ရွက် ဟင်းရည်နဲ့ မန်ကျည်းရွက်စပ်ချဉ်ထောင်း လို  ၊ မန်ကျည်းရွက်ချဉ်ရေ နဲ့ ချောင်းငါးလေးအစပ်ချက်လို ၊  ပဲဟင်းချို ၊သရက်ချဉ်သုပ်နဲ့ ငရုတ်သီးကြော်လို စတဲ့ ခူးလို့ဆွတ်လို့ရလာတဲ့ ဟင်းသီးဟင်းရွက်လေးတွေကို အစပ်တည့်အောင်ချက်ပြီး တော့ပဲ တောသူတောင်သားတွေ က ဟင်း၂ခွက် နဲ့ ထမင်း ၃ ဇလုံ ဆန် ၁ စလယ်ချက်ကို ကုန်အောင်စား ပြီးအလုပ်လုပ်ကြတာပါ ။

ကောက်ကြီးဆန်

    ကောက်ကြီးဆိုတာကတော့ သက်ရင့် ၊ ရပ်ရှည် စပါးတစ်မျိုးပါ ။ အချိန်ကြာကြာ စိုက်ရတာဖြစ်လို့ ဒုတိယအသီးလို့ ခေါ်တဲ့ မိုးစပါးအနေနဲ့စိုက်လေ့ရှိပါတယ် ။ စပါးစိုက်တာမှာ မျိုးပျိုး ၊ အပင်ပေါက်နှုတ်ပြီး မှ ပြန်စိုက်တာရှိသလို .. မြေကြီးအခြောက်မှာ စပါးပက်ပြီး ထွန်နဲ့ မွှေ ၊ မိုးလာတော့ သူ့ဘာသာအပင်ပေါက်ဆိုပြီး စိုက်တဲ့ " ကောက်ခြောက်"စိုက်နည်း ဆိုပြီးတော့လည်းရှိပါတယ် ။ ကျွန်တော်တို့ အညာဒေသမှာတော့ ကောက်ကြီး ကို အများအားဖြင့်  ကောက်ခြောက်စိုက်နည်းနဲ့ စိုက်လေ့ရှိကြပါတယ် ။ သူက မိုးအမှား ၊ ရေ အမှားခံနိုင်သလို အသက်လည်းပြင်းပါတယ် ။ အဲဒါကြောင့် မိုးကိုမျှော်ပြီးစိုက်ရတဲ့ မြေတွေမှာ ကောက်ကြီး ကိုစိုက်ကြတယ် ။ သိပ်ပြီးတော့ ဂရုစိုက်ဖို့လည်းမလိုလှဘူးလေ ။ ဒါပေမဲ့ တချက်ရှိတာ က ထွက်လာတဲ့ ဆန်ဟာ အင်မတန်မှ ကိုကြမ်းပါတယ် ၊ ချက်တဲ့ အခါ အချိန်ကြာကြီး ကျိုရင်တောင် တစ်လုံးချင်းစီကွဲနေပြီး ၊အနီရောက်ကြီးတွေဖြစ်နေတတ်ပါတယ် ။ မြို့မှာ ပေါ်ဆန်းတို့ ၊ လုံးသွယ်မွှေးတို့ စားလေ့ စားထရှိသူတွေ ဘယ်လိုမှ ကောက်ကြိးကိုမြိုကျမှာမဟုတ်ပါဘူး ။ မနောတို့ ၊ ရာကျော်တို့ ကိုသာ အများအားဖြင့် စားကြတဲ့ တောသားတွေတောင်ခြေကန်မြို ရပါတယ် ။ အခုလို ဆောင်းရာသီ မှာ ဆိုရင် ညက ကျန်တဲ့ ကောကြီး ထမင်းက မနက်ဆိုရင် အေးစက်နေပြီး သံဇလုံထဲထည့်လိုက်တဲ့ခါ အသံတောင်မည်ပါတယ် ။ ဘယ်လောက်တောင်ကြမ်းလဲဆိုရင် ကြွက်တွေ ကျပေ့ ဆိုတဲ့ လယ်ခင်းဆိုရင်ဒီနှစ်ကောက်ကြီး စိုက်လိုက်တာနဲ့ နောက်နှစ် စပါးစိုက်ချိန်ဆို ကြွက် မရှိသလောက်ရှားသွားတယ် ။ အညာဘက် မှာ နည်းနည်း ကြီးကြီးကျယ်ကျယ် နိုင်တဲ့ သူတွေဆိုရင်  အရပ်ထဲက လူတွေက " လူကသာကောက်ကြီးဆန်စားတာ ၊ -င်ခေါင်းကတော့ အတော်ကျယ်တယ်" ဆိုပြီးပြော့လေ့ရှိပါတယ် ။

သုံးပေါက်ချွန်း

    ကျွန်တော်တို့ အညာဖက်တွေမှာ ရှင်ပြု အလှူလှူတဲ့အခါ အလှူကြီး ၊ အလှူ ၊ အလှူခြောက် ဆိုပြီး ခွဲပြောလေ့ရှိပါတယ် ။ အလှူကြီးဆိုတာကတော့ ကြွေးတာကလည်း ဝက်သားကြော်ချက် ၊ မဏ္ဍပ်နဲ့ ဆိုင်းဝိုင်းနဲ့ ဆင်၊မြင်းဝန်းခင်း နဲ့ ဆိုတာမျိုးပေါ့ ။ အလှူဆိုရင်တော့ ဆိုင်းနဲ့ မဏ္ဍပ်အပြင်ဆင်လေးနဲ့ ကျွေးတာက ကျောက်ဖရုံသီးနဲ့ဝက်သားရောချက်တဲ့ " ဗျိုးဟင်း" တို့ ငါးကြီးခြောက်ထိုး လေးနဲ့ပေါ့ ။ အလှုခြောက်ဆိုတာကတော့ ပိုက်ဆံ သိပ်မတက်နိုင်တဲ့ သူတွေက အိမ်ရှေ့မှာ ကိုယ့်ဘာကို မဏ္ဍပ်လေးထိုး ၊ မောင်ရင်လောင်းအဝတ်စားလဲမပါ ၊ ဘုန်းကြီးကန်တော့ပွဲလေး နဲ့ တက်နိုင်သလောက်လေးကျွေးတဲ့ အလှုမျိုးပေါ့ ။ သုံးပေါက်ချွန်းဆိုတာကတော့ အဲလို အလှုခြောက်တွေ ၊ ဘုရားပွဲတို့ တွေမှာေ ကျွးလေ့ရှိပါတယ် ။  အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ တစ်ရွာလုံးစာမှာ ဂေါ်ဖီထုတ် ၁၀ ထုပ်လောက်နဲ့ ဟင်းချိုလုပ်ထားတဲ့ " မှန်ရောင် " ဟင်းချို ဆိုတာကတစ်မျိုး ။ ငါးပိကြော်ဆိုလည်း အလှူကြီးတွေမှာတော့ မျှင်ငါးပိကို အောက် (အောက်ပြည်) ကနေမှာ ပြီး မန်ကျည်းမှည့် ၊ ငှက်ပျောသီး တို့ နဲ့ သေချာကြော်ထားတာမျိုးမဟုတ်ပဲ ..ငါးပိ အကြမ်းကို ငရုတ်သီးနဲ့ ကြော်ထားတာမျိုးပါ ။ နောက်တစ်မျိုးကတော့ ဒေသ ထွက် ဇီးဖြူသီးအစိမ်းကို ထောင်းပြီးချဉ်သိပ်ထားတဲ့ ဇီးဖြူချဉ်ပေါ့ ။ ဖန်ချဉ် ချဉ်လေးစားချင်စရာလို့ ထင်ရပေမဲ့ သူ့ချည်းတိုင်းစားရင် သိပ်စားမကောင်းလှပါဘူး ။  သုံးပေါက်ချွန်း ဆိုတာ  မှန်ရောင်ဟင်းချို ၊ ငါးပိကြော် ၊ ဇီးဖြူချဉ် (ပဲတီချဉ်တို့ ၊ ကြက်သွန်ချဉ်တို့လည်းသုံးလေ့ရှိပါတယ်) ဆိုပြီး ဟင်းသုံးမျိုးပါတဲ့ ဟင်းအစပ်ဟက် တစ်မျိုးကိုခေါ်တာပါ ။

ကောက်ကြီးထမင်းနဲ့သုံးပေါက်ချွန်းဟင်း

    အလှုခြောက်တွေ ၊ ဘုရားပွဲတွေ ၊ဆွမ်းလောင်းပွဲ တွေမှာ ကောက်ကြီးထမင်း နဲ့ သုံးပေါက်ချွန်းဟင်းကို စတုဒီသာအနေနဲ့ကျွေးလေ့ရှိကြပါတယ် ။ အဲဒီကောက်ကြီးထမင်းနဲ့ သုံးပေါက်ချွန်းဟင်းကို ဘုန်းကြီးကျောင်းတွေက ငှားပေးတဲ့ သံပန်းကန်ပြား နဲ့ ကြေးဇွန်းအဟောင်းတွေ နဲ့ စားပွဲဝိုင်းကြီးတွေမှာ ဖိနပ်ကိုဖင်ခုထိုင်ပြီး စားကြရပါတယ်။ ဟင်းတစ်မျိုးချင်း စီ ရဲ့ အရသာအနေနဲ့ ရော ၊ အကျွေးအမွေးအပြင်အဆင် အနေနဲ့ ပါ အပေါ် မှာ ပြောခဲ့တဲ့တိုင်း ပါပဲ ။ စားလို့ ကောင်းစရာ အခြေနေတစက်မှ မရှိပါဘူး ။ သို့ ပေမဲ့ အဲဒီ ကောက်ကြိးထမင်းနဲ့ သုံးပေါက်ချွန်း ဟင်းတွဲမိရင်တော့ ထင်ရက်စရာမရှိအောင်ကို ထမင်းကမြိန်တတ်လှပါတယ် ။ ဒါဟာ ရှေးအစဉ်အဆက်ကအမွေပေးခဲ့တဲ့ ဟင်းအစပ်အဟက် တစ်မျိုးဖြစ်ပါတယ် ။
    ကျွန်တော်အပေါ်မှာပြောခဲတဲ့ ကောက်ကြီးထမင်းနဲ့ သုံးပေါက်ချွန်း ဟင်းတို့ ဟာ တစ်ခုချင်းစီရဲ့ အရသာတန်ဖိုး အနေနဲ့တော့ အတော်ကိုနည်းပါတယ် ။ ဟင်းကောင်းဟင်းမွန်တွေလို တစ်ခွက်တည်းနဲ့ စားမယ်ဆိုရင်လည်း ဘယ်လို မှ ထမင်းမြိန်နိုင်မဲ့ ၊ စားကောင်းနိုင်မဲ့ အခြေနေမျိုးမရှိပါဘူး ။ သူတို့ရဲ့ အရသာတန်ဖိုးဘယ်လောက် ပင် နည်းနည်း လေးဖြစ်နေပါစေ ၊ ကိုယ်ပိုင် ရှိနေတဲ့ မတူညီမှုလေးတွေ ၊ ကိုယ့်ဂုဏ်သတ္တိလေးတွေ နဲ့ တွဲစပ်ရင်း  အစပ်အဟက် တည့်သွားတဲ့ခါ ထမင်းမြိန်စရာဟင်းလျာဖြစ်လာပါတယ် ။

    ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေဟာလည်း ကျေးလက်က တောသူတောင်သားတွေလိုပါပဲ ။ စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး အစစအရာရာ မှာ အလှုကြီးပေးနိုင်တဲ့ အနေထားမျိုးတစ်ခုမှ မရှိဘူးလို့ပြောရမှာပါ ။ နယ်ပယ်တိုင်းမှာ အားနည်းနေပါတယ် ။ အသားဟင်းကောင်းတစ်ခွက်လို မျိုး တစ်ဦးကောင်း ၊ တစ်ဖွဲ့ ကောင်း နဲ့ ပြည်သူလူထုရဲ့ အာသီသ ကို ဖေးသိပ် နိုင်မဲ့ အခြေနေမျိုးလည်း မတွေ့မိဘူးလို့ ရိုးသားစွာပြောရမှာပါပဲ ။ ဒါဟာ လက်ရှိ အရှိတရားဖြစ်ပါတယ် ။ မတတ်နိုင်တဲ့ဟင်းတွေကို ချဉ်ခြင်း တက်နေမဲ့အစား ... စားမြိန်စရာ ဟင်းစပ်ကိုရှာရမှာဖြစ်ပါတယ် ။

    အရည်သွေးနည်းပြီး ၊ ကြမ်းတမ်းတဲ့ ကောက်ကြီးထမင်း လက်နက်ကိုင်အဖွဲ့စည်းတွေ.... Transparency သတ္တိနဲ့ ပြည့်စုံနေသော ၊မုံလာထုပ်နဲ့တူသော ပညာရှင် နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းထားရတဲ့ မှန်ရောင်ဟင်းချို အရပ်ဖက်အဖွဲ့စည်းတွေ ....ခဏတာခံတွင်းတောင်းသလောက် ဆက်တိုက်စားရင်ဖန်လာတတ်တဲ့ ဇီးဖြူသီးချဉ် အစိုးရအဖွဲ့ နဲ့လွှတ်တော် ....သတ္ထုဓာတ်စစ်စစ်ပါတဲ့ မျှင်နဲ့ငါးကနည်းနည်း ၊ ပုဇွန်ဖွဲများများရောထောင်းထားရတဲ့ ငါးပိကြော် နိုင်ငံရေး အဖွဲ့စည်းများ ...
တစ်မျိုးချင်းစီ နဲ့ စားမယ်ဆိုရင်တော့ သေချာပါတယ် ထမင်းစားကြမဲ့ ပြည်သူလူထုဟာ ဘယ်လို မှ ထမင်းမြိန် ၊ ခံတွင်းတွေ့မှာမဟုတ်ပါဘူး ။ ဗိုက်ဝပြီးအာသာပြေမှာလည်းမဟုတ်ပါဘူး ။  တစ်ဖွဲ့ချင်းစီရဲ့ မတူညီတဲ့ ဂုဏ်သတ္တိလေးတွေကို တွဲစပ်ပြီး  ဟင်းချက်ကြမှသာ  ဖွံ့ဖြိုးမှုဆာလောင်နေသော ၊ တိုးတက်မှုဆာလောင်နေသော ၊ လွတ်လပ်မှု ခံတွင်းပျက်နေသော ပြည်သူလူထုရဲ့  ဆန္ဒအာသီသ တွေ ငြိမ်းအေးစေနိုင်မှာပါ ။ အလုပ်အကိုင် ခေါ်ထားတဲ့ ကာလသား စတုတ္ထမဏ္ဍိုင်များအနေနဲ့လည်း ယောက်ချိုကိုင် ၊ဟင်းပုံးဆွဲလို့ ဘယ်ဝိုင်းမှာ ဘာလိုနေသလဲ ကြည့်ပြီး လိုက်ပေးနိုင်ပါမှသာ  ထမင်းစားသူတွေ အိနြေ္ဒရရ စားသောက်နိုင်ကြမှာပါ ။

ကောက်ကြီးထမင်း ၊ သုံးပေါက်ချွန်းနဲ့ နိုင်ငံရေးဟင်းစပ်တည့်လို့ ပြည်သူတွေထမင်းမြိန် ၊ ဗိုက်ဝကြပါစေကြောင်း ဆုတောင်းလျှက် ။

(ရုပ်ဆိုး)

( မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲ့စည်းတွေကို ကောက်ကြီးထမင်း ၊ မှန်ရောင်ဟင်းရည် ၊ ဇီးဖြူသီးချဉ် ၊ ငပိကြော်တို့ နဲ့ တင်စားတာ ဟာ စော်ကားလိုစိတ်ကြောင့်မဟုတ်ရပါ ။
မိမိ ဖြတ်သန်းနေတဲ့ ခေတ်တခေတ်ကို မြန်မာလူငယ်တစ်ယောက်အနေနဲ့ စိတ်ထဲမှာ ခံစားနေမိတဲ့ အတိုင်း သာ ရေးသားမိခြင်းပါပဲ ။ လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျာ ။ )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...