ထန်းတက်သမား
ထန်းတက်သမား
-------------------
နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမား ကဗျာ ကို ဖတ်ပြီးတော့ ၉တန်း ၁၀ တန်း ကျောင်းပိတ်ချိန်တွေ အိမ်မသိအောင်ထန်းတက်ခိုးသင်ခဲ့တာလေးကို သတိရနေတယ် ။ ထန်းတက်ခိုးသင်ရတယ်ဆိုတာ က တော့ အိမ်က အမေက ထန်းတက်တာ လုံးဝခွင့်မပြုဘူး ။ မိဘကိုလုပ်ကျွေးချင်ရင် တခြားအလုပ်အကိုင် နဲ့ လုပ်ကျွေး ထန်းတက် နဲ့ အညာကြိမ်ခုတ် တော့ လုံးဝ လုပ်မကျွေးရဘူးဆိုပြီးအပြတ်ပြောထားတယ်ဗျ ။ ထန်းသမားကျတော့ ရွေးချယ်စရာ လမ်းက ရှားလို့ တဲ့ ၊ သတိတချက်လွတ်လိုက်တာနဲ့ ထန်းပင်ပေါ်က ကျပြီး အသက်ပေး ..ဘဝပေးလိုက်ရတဲ့ လူတွေ က လည်း ရွာတွေဖက်မှ လက်ညှိုးထိုးပြစရာ အပြည့်ပဲမလား ။ ကျွန်တော်တို့ နယ်ကလူတွေ က ဟိုးစစ်ကိုင်းတိုင်းအထက်ပိုင်း တနိုင်းခမြစ်ဝှမ်းဘက် မှာ ကြိမ်ခုတ် ၊ ဝါးခုတ် အငှားလိုက်ကြတဲ့သူတွေရှိတယ် ။ ပြန်လာတဲ့ ခါ လုပ်အားခရလာတဲ့ ပိုက်ဆံလေးတွေ ကို မိသားစုကတော့ စားရပါရဲ့ ကြိမ်ခုတ်သစ်ခုတ်ရာ ပါလာတဲ့ငှက်ဖျားက ကိုယ့် နယ်ပြန်ရောက်တာနဲ့ ဖျားလိုက်တာ နောက် နှစ် အဲဒီကို ပြန်မသွားမချင်းပဲ ။ အဲဒါတွေ အမေက ကြည့်ပြီးတော့ အဲဒီအလုပ် ၂ ခုလုပ်ပြီး သူ့ကိုမကျွေးနဲ့ အဲဒီထမင်းသူမစားဘူးဆိုပြီးပြောထားတယ်ဗျ ။ ကျွန်တော် ကလည်း " ဘမျိုးဘိုးတူ ၊ ဂျိုးလေးကားယား " .. ဆိုသလိုပဲ ။ မြန်မာပီပီ တော်လှန်ချင်တဲ့ ဗီဇလေးကရှိတယ် ။ မလုပ်ပါနဲ့ လို့ တားရင် အရမ်းလုပ်ချင်တာ ။ အဲဒီတော့ အိမ်က နေ လယ်ခင်းကြည့်လိုလို ၊ ယာခင်းပဲသွားသလိုလို ထွက်ပြီး တောထဲရောက်ရင် အကိုဝမ်းကွဲတွေ ဆီကနေ ထန်းတက်သင်တယ် ။
ထန်းတက် နည်း က ၃ မျိုးရှိတယ်ဗျ ။ ရင်းထောင် (အောက်ကထောင်တက်ရတဲ့ လှေကားရှည်ကြီး) ကိုထောင်ပြီးတက်တာရှိတယ် ။ လှေခါး မပါပဲ ထန်းပင်ကို လက်နှစ်ဖက်နဲ့ မြဲ မြဲ ကိုင် .. ခြေဖဝါးအချိုင့်လေး နဲ့ ထန်းပင်ကိုကန်ပြီး တော့လမ်းလျှောက် သလို တက်တဲ့ " ခြေလျှောက်" ဆိုတာတစ်မျိုးရှိတယ် ။ နောက်တခါ ထန်းပင်ကို လက်နဲ့ ဖက် ၊ ပေါင်ကလည်းခွထား ပြီး ခြေထောက်နဲ့ အပေါ် ကို ပင့်ပြီး တက်တဲ့ " ပေါင်ညံထိုး" တက်တာတစ်မျိုးရှိတယ် ။ ခြေလျှောက်တက်တာ က ပိုခက်တယ် ၊ ထန်းတက် ကျွမ်းတဲ့ သူတွေ ပဲ တက်တတ်ကြတယ် ။ ထန်းတက်စသင်ရင် ခပ်ကိုင်းကိုင်း ထန်းပင်လေးမှာ လှေကားအလွတ် တက်နည်းတွေကနေ စသင်တယ် ။ ပြီးမှ ရင်းထောင် အတိုလေးတွေ မတာ ၊ ထန်းပင်လုံး ကို ကပ်တာ သင်ရတယ် ။ စသင်သင်ချင်းဆိုရင် ရင်းထောင် မပြီးလျှောက်တာတောင် မနည်းလျှောက်ရတယ် ။ ဟန်ချက်မညီရင် မလို့မရဘူး ။ လှေကားတစ်ထစ် ချင်းစီ မှာ တစ်တောင်ခွဲရှိတယ် ။ ရင်းထောင် အကြီးတွေက အဲလိုအထစ်ပေါင်း ၂၀ နဲ့ ၃၀ ကြားရှိတတ်တယ် ။ တချို့ ထန်းပင်တွေ က ရင်းထောင်နဲ့ မမှီဘူး ။ အဲဒါဆိုတော့ အပေါ် ကနေ လှေခါးအတိုလေးတွေကို ကြိုးနဲ့ချည်ပြီး တွဲလောင်းချရတယ် ။ ပြီးမှ ထန်းလုံးနဲ့လှေကားကို ကပ်ချည်ထားတယ် ။ အဲဒီလှေခါးလေးတွေကိုတော့ " ရင်းဆွဲ " လို့ခေါ်တယ် ။ ရင်းထောင်နဲ့ ရင်းဆွဲကြား မမှီသေးပဲ လွတ်နေရင်တော့ ပေါင်ညံထိုးတက်တာတို့ ၊ ခြေလျှောက်တက်တာတို့ သုံးပြီးတက်ရတယ် ။
အပေါ် ကပြောတဲ့ ထန်းပင်တက်နည်းတွေ တတ်ရုံ နဲ့ ထန်းပညာ မတက်သေးဘူးဗျ ။ ထန်းရည်များများ ယိုအောင်(ထွက်အောင်) ၊ ထန်းရည်ယိုတဲ့ ထန်းစ တွေ ကြာကြာခံအောင် ၊ထန်းညက် ( ထန်းလျှက် ) များများရအောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်တတ်ရသေးတယ် ။ ထန်းတွေ က ဆောင်းကုန် နွေးကူးလောက်ကနေပြီးတော့ မိုးနှောင်းလောက်ထိ တက်လို့ရတယ် ။ ခုလို ဆောင်းကုန်ခါ နီး တပို့တွဲ လဆုပ်လောက် ဆိုရင် ထန်းအဖို တွေ ကစပြီး ကျေးမြီးလေးတွေ ထွက်တယ် ။ ထန်းအဖိုဆိုတာ က ထန်းသီးမသီးဘူး ၊ ထန်းနို့ အချောင်းတွေပဲထွက်တယ် ။ ကျေးမြီး ဆိုတာ က ထန်းသမားအခေါ် ပေါ့ ။ ထန်းခိုင်တွေက ထက်လက်တွေကြားကနေစထွက်လာတဲ့ချိန် ဆိုရင် အဖျားလေးတွေ က ကျေးတွေရဲ့ အမြီးလို နှစ်ခွ လေးတွေ.. အဲဒါကြောင့်ကျေးမြီးလို့ခေါ်တာ ။ ထန်းတစ်နှစ် မှာ လေးရာသီရှိတယ် ..." ထန်းဖိုဦး ၊ ညှပ်သားရောင် ၊ သီးနု နဲ့ သီးယဉ် " လို့ ခေါ်တယ် ။ " ထန်းဖိုဦး" ဆိုတာ က ထန်းဖိုပင်တွေ ထန်းခိုင် စထွက် ထွက်ချင်း အချိန်ပေါ့ ။ ကျေးမြီးလေးကနေ တဖြည်းဖြည်းကြီး လာတဲ့ခါ တစ်တောင် လောက်ရှိလာတယ် ။ အဲဒီချိန်ကျရင် " တချွန်းဓား ၊ ထန်းလှီးဓား " ဆိုတဲ့ ထန်းကိုင်ဓား ၂ မျိုးကို ဓားအိမ်ထဲထည့် ၊ ကလိုင် ကို လွယ်ပြီး ထန်းပင်ပေါ်စတက်ရတယ် ။ တချွန်းဓားဆိုတာက ဓားအလေး ၊ ထန်းရွက်တွေဘာတွေ ခုတ်ချတဲ့အခါ ၊ ထန်းလက်တွေ ရဲ့ အနားစပ် တွေမှာရှိတဲ့ ရှတတ်တဲ့ ထန်းဇောင်းတွေ ရှင်းပစ်တဲ့အခါ သုံးတယ် ။ ထန်းလှီးဓား ကတော့ ထန်းခိုင် လေးတွေကို ပါးပါးလှီးတဲ့နေရာမှာသုံးတဲ့ ဓားအနုပေါ့ ။ " ကလိုင် " ဆိုတာ ကကျတော့ လေးပေးကျော်လောက်ရှိတဲ့ ဝါးအမာ ၂ချောင်းကို ကြိုးနဲ့ပူးချည်ထားတာ ။ ထန်းပင်ပေါ်တက် ပြီးရင် ထန်းရွက်တွေ ကြားမှာ အဲဒီကလိုင်နဲ့ ကလန့် ပြီး ထန်းသမားက အဲဒီပေါ်မှာ ထိုင်တယ် ။ ဒီတိုင်းထိုင်ရင် ထန်းလက်တွေက ချောနေတာ လိမ့်ကျတာတို့ ၊ ထန်းဇောင်းရှတာတို့ဖြစ်တတ်တယ် ။ အဲဒါကြောင့် ကလိုင်ပေါ် ကျကျ နန ထိုင်ပြီး ထန်းခိုင်လေးတွေကိုပြင်တယ် ။ ထန်းဖိုပင်က စထွက်တဲ့ ထန်းနိုးလေးတွေက လက်ဝါးလေးတွေလိုပဲ ။ နုနုထွတ်ထွတ်လေးတွေ ။ အဲဒါကို ဘေးက အခွံလေးတွေသေချာခွာ ၊ နုနုလေးတွေ ကို မကျိုးအောင် စိတ်ရှည်ရှည်နဲ့ ခွာရတယ် ။ ပြီး ရင် အဲဒီ လက်ချောင်းလေးတွေကို ထန်းဖူး (ထန်းရွက်အဖူး ) လေးတွေကို ကြိုးလိုလုပ်ပြီး စုချည်ရတယ် ။ အဲလိုလေးချည်ပြီးမှ ထန်းခိုင်ရဲ့ ထိပ်လေးတွေ ကို ထန်းလှီးဓားလေးနဲ့ ပွတ်လှီး ထားခဲ့ရတယ် ။ နောက် ရက်ကျရင် လည်းတခါ ထပ်လှီး ၊ အဲလို ၃ ခါလောက်လှီး၊ နှပ်ထား ပြီးမှ ထန်းရည်စခံ လို့ ရတဲ့ အခြေနေရောက်တယ် ။ အဲဒီချိန် လှီးတာ ပါးလွန်းသွားရင်ကျတော့ လေသလပ်ပြီးထန်းရည်သိပ်မယိုဘူး ၊ အကြမ်းပတမ်းလှီးလိုက်လို့ ထန်းစအခြေ က နာသွားရင်လည်း ထန်းရညမယိုပြန်ဘူး ။ အချိန်ဆ မှန်မှန် နဲ့ လှီးပေးမှရတယ် ။ အဲလိုလုပ်တာကိုတော့ " ထန်းနွှေးတယ် " လို့ ခေါ်ကြတယ် ။
ထန်းဖိုပင်မှာ ၁၀ ခိုင်ထွက်တယ်ဆိုရင် ၄ ခိုင်လောက်ကို ထန်ဖိုဦးရာသီ မှာလှီးလိုက်တယ် ။ ကျန်တဲ့ ၆ ခိုင်ကိုတော့ ညှက်သားရောင် အတွက်ချန်ထားတယ် ။ ထန်းဖိုဦး ထန်းညက် (ထန်းလျှက်) မှာထူးခြားတာ က ကိုက်စားလို့ မရဘူးဗျ ။ မာတောက် (အရမ်းမာ) နေတယ် ။ အရည်ဖျော်သောက်ချင်သောက် ၊ ပါးစပ်ထဲထည့်ငုံထားရင်ထား အဲလိုပဲစားလို့ရတယ် ။ ဒါပေမဲ့ သူက ဆေးဖက်ဝင်တယ် ။ ထန်းလျှက်သုံးရတဲ့ တိုင်းရင်းဆေးတွေဆိုရင် ထန်းဖိုဦးထန်းလျှက် ကိုပဲသုံးကြတယ် ။ ကြက်သွန်ဖြူ "ဥတစ်လုံး" ဥ (အမွှားမပါတဲ့ဥကိုပြောတာ) ၊ ရှားစောင်းလက်ပက်တို့ ၊ အုန်းသီးတို့ ကို ထန်းဖိုဦး ထန်းလျှက်နဲ့ ကျိုပြီး မိန်းကလေးတွေ က မိန်းမဆေး အဖြစ်စားကြတယ် ။ အဲလောက်အရမ်းမာတဲ့ ထန်းလျှက်ကို စဉ့်အိုးထဲထည့်လှောင်ထား ..တစ်နှစ်လောက်နေတော့ ထုတ်ကြည့်ရင် အပြင်မှာ မဲတူနေပေမဲ့ အထဲမှာ ဖွေးဥနေတတ်တယ် ။ လက်ဖိနောင့် နဲ့ဖိရုံနဲ့ ကွဲထွက်သွားတယ် ။ အဲလိုထန်းလျှက်ကိုတော့ " အိုးလောင် " လို့ခေါ်ကြတယ် ။
ညှပ်သားရောင် ရာသီမှာ ကျတော့ ထန်းခိုင်တွေက ထန်းနို့လက်ချောင်းလေးတွေ က တဖြည်းဖြည်း ရင့်ပြီးတော့ မာလာတယ် ။ အဲဒီထန်းနို့မှာပဲအပွင့်လေးတွေ ပွင့်ကြတယ် ။ အဲဒီချိန်ကျတော့ ထန်းသမားတွေက " ညှပ် " ဆိုတဲ့ ဟာနဲ့ ထန်းနို့ လေး တစ်ချောင်းချင်းစီ ကို ညှပ်ပေးရတယ် ။ ပြီးတော့ မှာ အဲဒါလေးတွေ စု ပြီး စည်းပေးရတယ် ။ ထန်းလှီးဓားနဲ့ ပါးပါးလေးတွေ လှီးပေးတော့ အဲဒီထန်းနို့လေးတွေ ကနေ ထန်းရည်ယိုတယ် ။ ထန်းညှက်တွေ ထဲမှ ညှက်သားရောင် ထန်းလျှက်က အရည်သွေးအကောင်းဆုံးပဲ ။ထန်းလျှက် ပွဲရုံ က ပွဲစားတွေ က ညိုပြီး ကြားနေတဲ့ ညှက်သားရောင်ထန်းလျှက်ကို ပဲ ပိုပြီးလိုချင်ကြတယ် ။ ထန်းသမားတွေ ရဲ့ ထန်းလျှက် ပိဿာချိန် အများဆုံးအချိန်ဟာလည်း အဲဒီချိန်ပဲ ။
ထန်းပင်တွေမှာ ထန်းမ(ထန်းအစ်မ) ပင်က ထွက်တာပိုပြီးနောက်ကျတယ် ။ ထန်းဖိုပင်တွေ မှာ ထန်းနို့တွေ ရင့် နေမှ ထန်းမ ပင်ကစထွက်တယ် ။ ထန်းသီး အခိုင်လိုက်လေးတွေပေါ့ ။ ထန်းမပင်ကနေ ထန်းသီးခိုင် ၁၀ ခိုင်ထွက်တယ်ဆိုရင် ၄ ခိုင်လောက်ကို သီးနုရာသီမှာသုံးတယ် ။ အဲဒီထန်းသီးခိုင် လေးတွေမှာ ထန်းသီးလုံးလေးတွေက ပီပီပြင်ပြင်မဖြစ်သေးဘူး ။ အဖုလေး ၊ အထစ်လေးတွေပဲရှိသေးတာ ။ အဲဒီ အလုံး ပုံစံ လေးတွေကြား ကို " ထန်းထု " ဆိုတဲ့ ဟာလေးနဲ့ထုပေးရတယ် ။ထန်းထု ဆိုတာ က သံ နဲ့ လုပ်ထားတာ တူလိုမျိုးလေး ပဲ ။ အဲလို ထုပေးပြီးမှ အဲဒီအခိုင်လေးတွေ ကို လှီးပေးတော့ အရည်ထွက်တယ် ။ အဲဒီအချိန်မှာ ထန်းရည်ပိုပြီး ယိုတယ် ။ ထန်းရည်ခါးလုပ်လို့ အကောင်းဆုံး အချိန်ဟာ အဲဒီအချိန်ပဲ ။
နောက် ထန်းသီးလုံးတွေ ကြီးလာချိန်ကျတော့ " သီးယဉ်" ရာသီလို့ ခေါ်တယ် ။ ထန်းသမားတွေ က ထန်းပင်ပေါ်တက် ...ခြေထောက်တစ်ဖက် က ရင်းဆွဲကို ကွပ်ထားပြီးတော့ ထန်းသီးခိုင်ကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး ထန်းပင်အလုံးနဲ့ တိုက်ရတယ် ။ အဲလိုတိုက်လို့ ကြွေ ကျတဲ့ ထန်းသီး က အရမ်းချိုတယ် ၊ ပိုစားလို့ ကောင်းတယ် ။ အဲလို တိုက်ပြီး မှ ထန်းသီးခိုင်က ကနေ ထန်းရည် ယိုတယ် ။ ထန်းသီးခိုင် အားလုံး က လှီးလို့ မနိုင်ဘူး ။ အဲဒီတော့ ကျန်တဲ့ ထန်းသီးတွေကို နုနေတုန်း က လူတွေ စားတယ် ။ မြို့နဲ့ နီးတဲ့ နေရာတွေကျတော့ မြို့ပေါ်သွားရောင်းကြတယ် ။ ကျန်တာတွေကျတော့ ရင့်ပြီး မှည့်အောင်ထားတယ် ။ အဲဒီ အရင့်တွေကို ဓားနဲ့စဉ်း အဖက်တွေ နွားကျွေး ၊ အစေ့ တွေ ကျတော့ မြေကြီးထဲမြှပ်ထားလိုက်တယ် ။ ဆောင်းရာသီမှာ အဲဒါတွေ က ထန်းပင်မြစ် အဖြစ်စားလို့ရတယ် ။
ထန်းသမားတွေ က ထန်းပင်တစ်ပင်ကို တစ်ရက် ၂ ကြိမ် တက်ရတယ် ။ နေပူလည်း ထန်းပင်လုံးကိုဖက် ၊ မိုးရွာလည်းထန်းပင်လုံး ကိုဖက်ဆိုတော့ တစ်ရက်မှ နားရတယ်မရှိဘူး ။ ရင်ဘက်တွေ ၊ ခြေထောက်တွေ ၊ လက်တွေမှာ အသားမာ တက်နေတယ် ။ အကိုဝမ်းကွဲထန်းသမားတွေ ဆိုရင် လက်ဖဝါးတွေ အသားမာတက်နေလို့ မနက် အိပ်ယာထ ချိန် ဆို မျက်နှာကို မိန်းမ ကသစ်ပေးရတယ် ။ မိသားစုကျတော့လည်း နားရတယ်မရှိဘူး ။ မိန်းမက ထန်းလျှက်ချက် ၊ သားအကြီး ထန်းနိုင်လောက်တဲ့ အရွယ်ဆို အိုးကောက် ၊ သမီးအကြီး ရှိရင် ထမင်းချက်ဟင်းချက် ။ နည်းနည်း ၇ နှစ် ၊ ၈နှစ်လောက်ရှိတဲ့ ကလေးတွေ က ထန်းဇစ် (ထန်းပင်ကထွက်တဲ့ အဖက်) ကောက် ၊ အိုးဖုတ် ။ တစ်မိသားစုလုံး အလုပ်လုပ်ကြရတယ် ။ ကျောင်းတွေ ဘာတွေ ဘယ်လိုလုပ်နေနိုင်ကြမှာလဲ ။ ထန်းလျှက်ဈေးလေးကောင်းတဲ့ နှစ် ဆိုရင်တော့ အကြွေးကျေပြီး အလှုအတန်းလေးလုပ်နိုင်ကြတယ် ။ ထန်းလျှက်ဈေး မကောင်းတဲ့ နှစ်ဆိုရင်တော့ ထန်းမပေါ်ခင် (ထန်းတက်ရာသီမရောက်ခင်) က ဝယ်ထားရတဲ့ မြေအိုးဖိုး ၊ ထန်းလျှက်ချက်တဲ့ ထင်းဖိုး ၊ အိုးမှာတက်တဲ့ ကြိုးဖိုး ၊ လှေခါးလုပ်တဲ့ ဝါးဖိုး ..အဲဒါတွေ မှာ စိုက်ထားရတဲ့ အကြွေးတောင်မကျေကြပါဘူး ။ အွန်လိုင်းမှာ ကျောင်း မနေ ကြရတဲ့ ကလေးလေး တွေ အကြောင်းဓာတ်ပုံတွေ တွေ့ရင် လူတွေကအဲဒီကလေးလေးတွေကို ဝိုင်းသနားကြတာ ။ ကျွန်တော်ကတော့ ကျွန်တော့် တူဝမ်းကွဲ ၊ တူမဝမ်းကွဲလေးတွေ မျက်နှာ ကိုပဲ ပြေးပြေးမြင်မိတယ် ။ ကျွန်တော် က သူတို့ကိုသနားရဖို့ နေနေ သာသာ ..ကျွန်တော် အိမ်ခဏ ပြန်ရင် ဦးလေးစားဖို့ ဆိုပြီး ထန်းလျှက်ကောင်းလေးတွေ ၊ ဇီးဆုပ် ၊ နှမ်းဖက်ဆုပ်လေးတွေ လာပေးတတ်သေးတယ် ။ ထန်းလျှက်ကောင်းက အဆင်သင့် မရှိရင် ထန်းတဲမှာမွေးထားတဲ့ တိုက်ကြက်လေးတွေ က ဥတဲ့ ကြက်ဥ ကို ကျွန်တော်စားဖို့ဆိုပြီးလာပေးတတ်တယ် ။
ကျွန်တော်ကတော့ ဝန်းထမ်းဆိုတော့ လစာကလည်းကိုယ့်ဖို့တောင် မလောက် ၊အိမ် ပြန်ရတာကလည်း ဟိုကနေ ဒီကူး ၊ ဒီကနေ ဟိုအကူးမှာ ဖင်ဂျက်တပ်လွှတ်သလို ပြေးရတာဆိုတော့ သူတို့အတွက် သကြားလုံးလေးတောင် အနိုင်နိုင်ရယ် ။ တခါတခါ ကိုယ့် အမေမျက်နှာတောင် ဘယ်လိုနေပါလိမ့်ဆိုတာ အိမ်က နေပြန်တဲ့ ကားပေါ်ကျမှ စိတ်နဲ့ ပြန်မှန်းပြီးကြည့်ရတယ် ။
ဘာပဲပြောပြောပါ ... ကျွန်တော့် မှာ အဲလိုပတ်ဝန်းကျင်တွေ ၊ အကို အစ်မတွေ ၊ တူလေး ၊ တူမလေးတွေ ရှိနေတာကို ပဲ ကျွန်တော်ကျေနပ်နေမိတယ် ။
(ရုပ်ဆိုး)
ထန်းပင်တွေအောက်မှာ အိုးလိုက်ကောက်တဲ့ကလေးငယ်
ထန်းတဲ နဲ့ ထန်းရည်ခံတဲ့ မြေအိုးဖုတ်ပုံ
ထန်းရည် ကို ထန်းလျှက်ဖြစ်ဖို့ ကျို နေပုံ
ကျိုနေရင်းနဲ့ ပစ်လာပြီ
ထန်းလျှက်လုံးလို့ ရတဲ့ အခြေနေရောက်ပီ ။Photo Credit to >> Ko Bo Han
ရုပ်ဆိုး
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။