ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၅)
အပိုင်း(၃)နဲ့အပိုင်း(၄)မှာ
မြောက်ဦးခေတ် ဘင်္ဂလီယဉ်ကျေးမှုလွှမ်းမိုးခြင်းနဲ့ မြေဒူးမူဆလင်သမိုင်း၊
မြန်မာမူဆလင်အဖွဲ့အစည်းထဲမှ ဘင်္ဂလီများအကြောင်းကို လက်လှမ်းမှီသလောက်
အကိုးအကားတချို့နဲ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီရက်ပိုင်း အလုပ်တွေရှုပ်ပြီး
စာရေးဖို့စိတ်မပါဖြစ်နေလို့ ခုအပိုင်း(၅)ကို တော်တော်လေးနောက်ကျပြီးမှ
ဆက်ရေးဖြစ်ခဲ့ပါတယ်။ ခုဒီအပိုင်းမှာ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ၁၉၄၂
ကုလား-ရခိုင်အဓိကရုဏ်းနဲ့ ၁၉၄၈ မူဂျာဟစ်ဆူပူအုံကြွမှု အကြောင်းကို
ဗဟုသုတရှိသလောက် ရှင်းလင်းတင်ပြချင်ပါတယ်။
နှစ်ဖက်မှတ်တမ်းတွေထဲမှာ အဓိကကွဲလွဲနေတဲ့အချက်က ဘင်္ဂလီမှတ်တမ်းတွေမှာ ရခိုင်တွေဖက်က စတင်ရန်စသတ်ဖြတ်ရမ်းကားခဲ့လို့ ဘင်္ဂလီဖက်ကခုခံရတာလို့ ဖော်ပြထားပြီး ရခိုင်ဖက်က မှတ်တမ်းတွေမှာတော့ ဘင်္ဂလီတွေဖက်က စတင်ကျူးလွန်တာလို့ ဖော်ပြထားတာကို အကြမ်းဖျဉ်းတွေ့ရပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို အခြေခံကျကျလေ့လာဆန်းစစ်ကြည့်တဲ့အခါ ဘာသာစကား၊ကိုးကွယ်ယုံကြည်မှု၊ယဉ်ကျေးမှုပုံစံနဲ့ လူနေမှုစရိုက် စိတ်နေသဘောထား စတဲ့အချက်တွေ မတူညီတာကြောင့် အတူယဉ်တွဲနေထိုင်နိုင်ခြင်းမရှိပဲ ပဋိပက္ခတွေပေါ်ပေါက်လာရတာဖြစ်ပါတယ်။ တူညီတဲ့စရိုက်လက္ခဏာရှိတဲ့ လူ့အသိုင်းအ၀ိုင်းထဲက ကိုးကွယ်ယုံကြည်မှု မတူညီတဲ့လူမျိုးစုတွေကြားမှာတော့ ဒီပြဿနာမျိုး ဖြစ်လေ့ဖြစ်ထ မရှိသလောက်နည်းပါးပါတယ်။ အဲဒါကြောင့် မြန်မာမူဆလင်အသိုင်းအ၀ိုင်းနဲ့ ဘင်္ဂလီရိုဟင်ဂျာတွေဟာ လုံးဝမတူဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ယုံကြည်လက်ခံထားပါတယ်။ အဲဒီအချက်ကို ကိုရဲရင့်သစ္စာလက်ခံနိုင်ပါသလား။
အဲဒီလို စိတ်နေသဘောထား စရိုက်လက္ခဏာချင်း မတူညီမှုကြောင့် လူအနည်းငယ်သာ ပါဝင်ပတ်သက်တဲ့ ပြဿနာတစ်ခုဟာ မျိုးနွယ်စုနှစ်ခု တစ်ဖက်နဲ့တစ်ဖက် အသေအကြေ အပြန်အလှန်တိုက်ခိုက်ကြတဲ့ အဓိကရုဏ်းကြီးတစ်ခုကို ပေါ်ပေါက်လာစေတဲ့အထိ ကြီးကျယ်သွားရပါတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ ကျွန်တော့်ကို ကိုရဲရင့်သစ္စာလေ့လာဖတ်ရှုခိုင်းခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ဖြစ်စဉ်သမိုင်းမှတ်တမ်းထဲက အကြောင်းအရာတစ်ခုကို ထုတ်နှုတ်တင်ပြပါရစေ။အဲဒီစာတမ်းရဲ့ စာမျက်နှာ၁၄၉မှာ ဗြိတိသျှအဆုတ်၊ဂျပန်အ၀င်ကာလမှာ ရခိုင်ဒေသအတွင်း အုပ်ချုပ်မှုလျော့ရဲတာကို အခွင့်ကောင်းယူပြီး အင်္ဂလိပ်စစ်တပ်ထဲက ကုလားတွေနဲ့ အရပ်သားကုလားတွေပေါင်းပြီး စစ်တွေမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရခိုင်တွေကို သတ်ဖြတ်တာတွေ၊ လုယက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီတင်ပြချက်ဟာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စစ်တပ်ထဲမှာ မျက်နှာဖြူအရာရှိပိုင်းကလွဲရင် အောက်ခြေစစ်မှုထမ်းတွေဟာ ကုလားအများစုဖြစ်တဲ့အတွက် ဒေသတွင်းမှာ နေထိုင်ကြတဲ့အရပ်သားတွေထဲမှာ ရခိုင်ထက်စာရင် ဘင်္ဂလီကုလားက ဒီစစ်မှုထမ်းတွေနဲ့ ပိုပြီးပလဲနံပသင့်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။ အဲဒီလိုပြဿနာတွေဖြစ်ပွားနေတဲ့အချိန်မှာ မြေပုံမြို့နယ်၊ရက်ချောင်းကျေးရွာက ရွာလူကြီးနဲ့ ညီနှစ်ယောက်ကို အဲဒီရွာမှာနေထိုင်ကြတဲ့ ဘင်္ဂလီတွေက သတ်ဖြတ်လိုက်တာကို မကျေနပ်လို့ သိန်းကျော်အောင်နဲ့ မောင်ကျော်ယတို့က လူစုပြီး အဲဒီရွာကို သွားရောက်တိုက်ခိုက်မီးရှို့ရာကနေ ၁၉၄၂ ကုလား-ရခိုင်အဓိကရုဏ်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဒေသမှာ နဂိုကတည်းက နှစ်ဖက်တင်းမာမှုတွေ မရှိခဲ့ရင်၊ တရားဥပဒေစိုးမိုးမှုရှိခဲ့ရင် ဒီအဓိကရုဏ်းကြီးဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အပြန်အလှန်ဂလဲ့စားချေမှုတွေကြားမှာ အပြစ်မဲ့တဲ့အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံးခဲ့ရပါတယ်။ တင်းမာမှုတွေရဲ့ရေသောက်မြစ်ကို ခြေရာခံကြည့်တဲ့အခါ ဘင်္ဂလားဖက်က အလုံးအရင်းဝင်ရောက် အခြေချလာတဲ့ ဘင်္ဂလီတွေကြောင့် ဒေသတွင်းမှာ မြေယာခွဲဝေမှုပြဿနာတွေနဲ့ ဘာသာရေး၊လူမှုရေး ပဋိပက္ခတွေဖြစ်ပွားလာတာကြောင့်ဆိုတာ တွေ့ရပါတယ်။ အရင်ကတည်းက ရှိနေတဲ့ ဘင်္ဂလီနဲ့ရခိုင်တွေကြားမှာ အဲဒီပြဿနာမျိုးမရှိခဲ့တာက လူဦးရေမျှတပြီး ရခိုင်ကလူများစုဖြစ်နေတဲ့အတွက်ရယ်၊ အဲဒီဘင်္ဂလီတွေကိုယ်တိုင်ကလည်း ဘာသာမတူတာကလွဲရင် ကမန်တွေလိုပဲ နှစ်ပေါင်းများစွာ ရခိုင်လူနေမှုစနစ်ထဲမှာ လိုက်လျောညီထွေနေထိုင်နိုင်ခဲ့တာကြောင့်လို့ သုံးသပ်မိပါတယ်။ ဘင်္ဂလားက၀င်လာတဲ့ ကူလီတွေကတော့ ငွေကြေးအရင်းအနှီးမပါပဲ လူချည်းသက်သက် အလုပ်လုပ်ဖို့ဝင်လာတာဖြစ်လို့ ဒေသတွင်းမှာ အခြေတကျရပ်တည်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှာ သေချာပါတယ်။ မြေယာပိုင်ဆိုင်မှု စာရင်းဇယား တိတိကျကျသတ်မှတ်နိုင်ခြင်းမရှိသေးတဲ့ အဲဒီခေတ်မှာ အလုံးအရင်းဝင်ရောက်လာတဲ့ ဘင်္ဂလီတွေနဲ့ ဒေသခံရခိုင်တွေကြားမှာ အဓိကပြဿနာတက်နိုင်တဲ့အကြောင်းရင်းကတော့ မြေယာပြဿနာဖြစ်နိုင်ပါတယ်။ အဲဒီခေတ်က မြေလွတ်မြေရိုင်းတွေ အရမ်းပေါတယ်ဆိုပေမယ့် ၀င်လာတဲ့ဘင်္ဂလီဦးရေက နည်းနည်းနောနောမဟုတ်ပါဘူး။
အပြန်အလှန်သတ်ဖြတ်မှုတွေအတွင်း အဲဒီဒေသရဲ့အခြေအနေကို ကြည့်ရအောင်ပါ။ အဓိကရုဏ်းအတွင်းမှာ ဘင်္ဂလီများလက်ချက်နဲ့ ရခိုင်လူမျိုးအရေးပိုင် ဦးဦးကျော်ခိုင် သေဆုံးခဲ့ရပါတယ်။ ကုလားနဲ့ရခိုင်ကြားမှာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ပေးဖို့လာတဲ့ ဘီအိုင်အေတပ်စုတစ်စုလုံး ဘင်္ဂလီများရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ဘီအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ကုလားများရဲ့တိုက်ခိုက်မှုကို ခုခံနေချိန်အတွင်း ဘူးသီးတောင်မှာ လုံခြုံရေးယူထားတဲ့ ဘီအိုင်အေတပ်ကို ပြန်ဆုတ်ဖို့ အထက်ကညွှန်ကြားလာတဲ့အတွက် ဆုတ်ခွာသွားတဲ့အချိန်မှာ လုံခြုံမှုမရှိတော့တဲ့ မြို့ခံတွေဟာ ကြောက်ရွံထိတ်လန့်စွာနဲ့ ရရာပစ္စည်းယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်ဖို့အတွက် ဆိပ်ကမ်းမှာရပ်ထားတဲ့ အာရကန်ဖလိုတီးယား ကုမ္ပဏီပိုင် မီးဝသင်္ဘောပေါ်ကို အလုအယက်တက်ကြပါတယ်။ အဲဒီသင်္ဘောကို မသမာသူတွေက ၀မ်းဗိုက်ဖောက်ထားတာကြောင့် ရေတွေတလဟောဝင်နေတဲ့အချိန်မှာ လူတွေထိန်းမနိုင်သိမ်းမရ အလုအယက်တက်ကြတာကြောင့် အောင်ဇေယျသင်္ဘောနဲ့တွဲချည်ထားတဲ့ သင်္ဘောကြိုးကိုဖြုတ်လိုက်တာနဲ့ အဲဒီသင်္ဘောဟာ တမဟုတ်ချင်းနစ်မြုတ်သွားပြီးတော့ သင်္ဘောပေါ်မှာရှိနေတဲ့ ရခိုင်လူမျိုး၄၀၀ခန့်သေဆုံးခဲ့ပြီး သူတို့နဲ့အတူပါလာတဲ့ ရွှေ၊ငွေ တန်ဖိုးရှိပစ္စည်းတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီမီးဝသင်္ဘောဝမ်းဗိုက်ကို ဖောက်ခဲ့တဲ့ မသမာသူတွေဟာ ဘယ်လူမျိုးတွေဖြစ်နိုင်မလဲဆိုတာ ပြောပြစရာလိုမယ်မထင်ပါဘူး။ အဲဒီလို ဂျပန်လေယာဉ်ပျံတွေဗုံးကြဲနေလို့ တစ်တိုင်းပြည်လုံး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်မှာ အိန္ဒိယကိုဆုတ်ခွာသွားတဲ့အချိန်မှာ စစ်ချီလာတဲ့ဂျပန်တပ်တွေကို ဟန့်တားဖို့ ဘင်္ဂလီတွေကိုလက်နက်တပ်ဆင်ပေးပြီး V- Force လို့ခေါ်တဲ့ပြည်သူ့စစ်ဖွဲ့ပေးခဲ့ပါတယ်။ အဲဒီဘင်္ဂလီပြည်သူ့စစ်တွေက ဂျပန်ကိုခုခံမယ့်အစား ရခိုင်တွေပဲ သဲကြီးမဲကြီး အငြိုးကြီးစွာတိုက်ခိုက်ခဲ့လို့ ရခိုင်လူမျိုး တော်တော်များများ သေဆုံးခဲ့ရသလို ကျေးရွာပေါင်းမြောက်မြားစွာ ပျက်စီးခဲ့ရပါတယ်။ ဗုဒ္ဓဘာသာစေတီတော်တွေ၊ဘုန်းကြီးကျောင်းတွေ အများအပြားဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ရှေးဟောင်းစေတီတော်အချို့ဟာ ခုချိန်မှာ ကုလားရွာတွေမှာ အုတ်ပုံအကျိုးအပဲ့အဖြစ် တည်ရှိနေပြီးတော့ တချို့စေတီတော်တွေရဲ့နေရာမှာ ဘင်္ဂလီတွေအိမ်ဆောက်လုပ်ပြီး နေထိုင်နေကြတာကို ခုထိတွေ့နိုင်ပါတယ်။ နောက်ပြီး ၁၉၄၂ခုနှစ်မတိုင်ခင်က ဘူးသီးတောင်မြို့ အမှတ်၁ ရပ်ကွက်နေရာမှာတည်ရှိခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုဟာ ဖျက်ဆီးခံခဲ့ရပြီး ခုချိန်မှာ ဦးစောမောင်ဗလီအဖြစ် တည်ရှိနေတာကို တွေ့ရပါတယ်။ ၁၉၄၁-၄၂ခုနှစ်မတိုင်ခင်မှာ ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာစုစုပေါင်း ၃၂၄ရွာရှိခဲ့ပါတယ်။ အဲဒီထဲက ရခိုင်၊ခမီး၊ဒိုင်းနက်ကျေးရွာ စုစုပေါင်း၃၃ရွာဟာ ခုချိန်မှာ ကုလားရွာတွေဖြစ်ကုန်ပါပြီ။ ရွာပေါင်း ၇၇ရွာကတော့ ပြန်လည်ထူထောင်နိုင်ခြင်းမရှိပဲ ရွာပျက်ဘ၀ကိုရောက်သွားခဲ့ရပါတယ်။ ၁၉၄၂၀န်းကျင်မှာ ဘူးသီးတောင်မြို့နယ်မှာ ဘင်္ဂလီကျေးရွာစုစုပေါင်း ၄၂ရွာရှိပါတယ်။ အဲဒီကျေးရွာအားလုံးရဲ့နာမည်ဟာ ဘဒကားဆိုတဲ့ရွာကလွဲလို့ ကျန်တဲ့ကျေးရွာတွေဟာ ရခိုင်နာမည်စစ်စစ်တွေဖြစ်ကြပါတယ်။ အဲဒါကြောင့် ဒီကျေးရွာတွေဟာ ဘင်္ဂလီတွေနေထိုင်နေတာဖြစ်ပေမယ့် ဘင်္ဂလီတွေထူထောင်ခဲ့တဲ့ရွာတွေ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ အထက်မှာတင်ပြထားတဲ့ အချက်တွေကိုထောက်ရှုပြီး ၁၉၄၂ အဓိကရုဏ်းကာလမှာ ရခိုင်မြောက်ပိုင်းက ဒေသခံရခိုင်လူမျိုးတွေကို ကစဥ့်ကလျားထွက်ပြေးတိမ်းရှောင်ရတဲ့အထိ အသာစီးရခဲ့တာကြောင့် ဘင်္ဂလီတွေဟာ ၁၉၄၈ခုနှစ် မူဂျာဟစ်ဆူပူအုံကြွမှုမှာ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ဖို့အထိ စိတ်ကူးယဉ်လာခဲ့ကြတာ ဖြစ်နိုင်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှာ မြန်မာနိုင်ငံတွင်းက တခြားတိုင်းရင်းသားများနည်းတူ ရခိုင်လူမျိုးတချို့ဟာလည်း သီးခြားနိုင်ငံထူထောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ အဲဒီလိုပဲ ဘင်္ဂလီတွေကလည်း ခွဲထွက်ဖို့စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဘင်္ဂလီလူမျိုး မဟာမိတ်(မိုဟာမက်)ကဦးဆောင်ပြီး ဘင်္ဂလီလူငယ်တွေကို လျှို့ဝှက်စည်းရုံးပြီးတော့ မူဂျာဟစ်ပါတီကို ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ချည်းပဲ သီးသန့်လုပ်ရင် ရခိုင်တွေရဲ့ကန့်ကွက်နိုင်တဲ့အတွက် ရခိုင်လူမျိုး ဖက်လိပ်ရွာသား ထွန်းအောင်ဖြူကို စည်းရုံးပြီး မူဂျာဟစ်ပါတီမှာ ဗိုလ်ချုပ်ရာထူးနဲ့ နာယကနေရာပေးခဲ့တာဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒီဖက်ခေတ်အထိ ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ ဘင်္ဂလီအဖွဲ့အစည်းတွေရဲ့ စည်းရုံးမှုကြောင့် ရခိုင်ပြည်လွတ်လပ်ရေးခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးရှာသွားကြတဲ့ ရခိုင်တော်လှန်ရေးသမားတွေ ရှိခဲ့ဖူးပါတယ်။ လွတ်လပ်ရေးအကြိုကာလက ဗြိတိသျှတွေသွေးထိုးပေးခဲ့တဲ့ သီးခြားမူဆလင်ပြည်နယ်ရရှိရေး၊ ပါကစ္စတန်နဲ့ပူးပေါင်းရေးစတဲ့ မျှော်လင့်ချက်တွေနဲ့ ထူထောင်ခဲ့တဲ့ မူဂျာဟစ်ဂိုဏ်းဟာ ကာဆိမ်းအပါအ၀င် မူဂျာဟစ်တွေ မသောင်းကျန်းခင်အထိ ဒေသတွင်းက ဘင်္ဂလီများရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိခဲ့ပါတယ်။ ဘင်္ဂလီလူကုံထံသားသမီးအမြောက်အမြား မူဂျာဟစ်ပါတီဝင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖဆပလနဲ့ ရခိုင်ခေါင်းဆောင်တွေ သဘောထားကွဲလွဲမှုကြောင့် မူဂျာဟစ်ကိုအသုံးချလိုတဲ့ ဗိုလ်ဘိုးလှတို့လို ခေါင်းဆောင်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီမူဂျာဟစ်ပါတီရဲ့ နာယက ဖက်လိပ်ထွန်းအောင်ဖြူဟာ အဲဒီတုန်းက မူဂျာဟစ်ဂုဏ်းကြိုဖိုခွင်းဖို့ ကြိုးပမ်းခဲ့တဲ့ ရခိုင်လူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သူ အောင်ထွန်းစိန်ကို ရခိုင်လူမျိုးအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသားသစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။ အောင်ထွန်းစိန်ဟာ ထွန်းအောင်ဖြူရဲ့စနက်ကြောင့် မူဂျာဟစ်ဂုဏ်းလက်ထဲမှာ ခေါင်းဖြတ်သတ်ခံလိုက်ရပါတယ်။ ကနဦးဖွဲ့စည်းစဉ်ကာလက နိုင်ငံရေးရည်မှန်းချက်ကြီးကြီးမားမားနဲ့ ဖွဲ့စည်းခဲ့ပေမယ့် စိတ်ဓာတ်ဖောက်ပြန်တဲ့ ကာဆိမ်းလိုလူမျိုးတွေကြီးစိုးလာပြီးနောက်ပိုင်းမှာ မူဂျာဟစ်ဂိုဏ်းဟာ ဒေသတွင်းမှာ ဓားမြဂိုဏ်းကြီးတစ်ခုလို ဖြစ်လာပြီးတော့ ရခိုင်တွေကိုသာမက ဘင်္ဂလီလူမျိုးအချင်းချင်းကိုပါ နှိပ်စက်လာတဲ့အခါ ဘင်္ဂလီတွေကြားမှာ ထောက်ခံမှုတစတစ ကျဆင်းလာခဲ့ပါတယ်။ အဲဒီအခြေအနေကြောင့် ဘင်္ဂလီတွေဟာ ဘူးသီးတောင်မြို့နယ် ပြည်သူ့ရဲဘော်စစ်ခေါင်းဆောင်၊ ရခိုင်တိုင်းဖဆပလစစ်ခေါင်းဆောင် ရခိုင်လူမျိုး ဦးစံထွန်းအောင်နဲ့ လာရောက်ပူးပေါင်းပြီး မူဂျာဟစ်ဂိုဏ်းကို တုန့်ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဦးစံထွန်းအောင်ဆိုတဲ့ ပုဂ္ဂိုလ်က တခြားလူမဟုတ်ပါဘူး။ ဘင်္ဂလီအခွင့်အရေးလှုပ်ရှားသူတွေက ဘင်္ဂလားက မောဂ်လို့စွပ်စွဲနေကြတဲ့ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းရဲ့ဖခင်ပဲဖြစ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် အကယ်၍ အဲဒီတုန်းကသာ မူဂျာဟစ်တွေဟာ ဇာတ်တူသားစားပြီး ဘင်္ဂလီအချင်းချင်းနှိပ်စက်ငြှင်းပန်းတာမျိုး မလုပ်ခဲ့ဘူးဆိုရင် ဖဆပလအကွဲအပြဲ၊ရောင်စုံသူပုန်ထမှုစတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြားမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လူဦးရေအသာစီးနဲ့ ခွဲထွက်သွားမှာ သေချာသလောက်ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ရခိုင်ဒေသမှာ ယာရှင်ကို မျောက်နှင်ခံရတယ်ဆိုတဲ့ စကားပုံပေါ်ပေါက်လာရတာပါ။
ဦးစံထွန်းအောင်(ဘူးသီးတောင်မြို့နယ် ဖဆပလဥက္ကဌ)
စတင်ဖြစ်ပွားတဲ့အချိန်မှာ ဘယ်ဖက်ကစတင်ခဲ့လို့ ဆိုတဲ့အချက်က အငြင်းပွားစရာ ဖြစ်နေတယ်လို့ နှစ်ဖက်မျှပြီးပြောလို့ရပေမယ့် ဒီအရေးအခင်းနှစ်ခုစလုံးရဲ့ အဆုံးသတ်ရလာဒ်တွေကို လေ့လာကြည့်တဲ့အခါ အဲဒီဒေသက ရခိုင်လူမျိုးတွေရဲ့ ဆုံးရှုံးမှုတွေ အမြောက်အမြားကို သွားတွေ့ရပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မမြောက်ခဲ့ဘူးဆိုရင်တောင် အဲလောက်နီးနီးအနေအထားကို ရခိုင်လူမျိုးတွေခံစားခဲ့ရတာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံစလုံးမှာ မျိုးနွယ်စုနှစ်ခုစလုံးရှိနေပေမယ့် ဘာဖြစ်လို့ မြန်မာနိုင်ငံဖက်ခြမ်းမှာပဲ လာဖြစ်နေရတာလဲ။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာဖြစ်ပြီး သိပ်မကြာဘူး အာသံမှာထပ်ဖြစ်တယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဘင်္ဂလားဒေ့ရှ်က ရခိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်မူဆလင်တွေကြားမှာ ဘာကြောင့် အာသံနဲ့မြန်မာမှာလို အဓိကရုဏ်းဆိုးဆိုးဝါးဝါး မဖြစ်တာလဲ။ မေးခွန်းတွေအများကြီး ရှိနေပါတယ်။ အာသံပြဿနာက ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် ခဏဘေးဖယ်ထားလိုက်ပါ။ မြန်မာနိုင်ငံဖက်ကိုပဲ ကြည့်ကြရအောင်။ မြောက်ဦးခေတ်ကတည်းက ဘာမှပြဿနာမရှိပဲ အတူတူယှဉ်တွဲနေထိုင်ခဲ့ကြပါလျက်နဲ့ ဘာကြောင့် ဒီဖက်ခေတ်ကျမှ ပြဿနာဆိုးဆိုးဝါးဝါးစဖြစ်တာလဲဆိုတဲ့ အဖြေက ဘင်္ဂလားက၀င်လာတဲ့ ဘင်္ဂလီတွေကြောင့်ပဲဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ရင်းရင်းနှီးနှီးအတူတူနေထိုင်ခဲ့တဲ့ ဘင်္ဂလီနဲ့ရခိုင်တွေကြားမှာ အဓိကရုဏ်းကာလအတွင်းမှာတောင် အချင်းချင်းအပြန်အလှန်ကူညီမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားက၀င်လာတဲ့ ဘင်္ဂလီကိုတော့ ရခိုင်တွေဖက်က အဲလိုမျိုးသဘောထားကြီးနိုင်ဖို့ မဖြစ်နိုင်သလို အဲဒီဘင်္ဂလီတွေဖက်ကလည်း ဒီမြေမှာ ရခိုင်လူမျိုးမရှိမှ သူတို့ရပ်တည်ခွင့်ရမယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေမှာ သေချာပါတယ်။ မြောက်ဦးခေတ်ကတည်းက ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကြားမှာ ဒီဘင်္ဂလားသား ဘင်္ဂလီတွေကြောင့် နှစ်ဘက်သေဆုံးအနာတရ၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ချစ်ကြည့်ရင်းနှီးမှုတွေလည်း ဆုံးရှုံးသွားပြီး သံသယနဲ့အဆိုးမြင်စိတ်တွေ အစားထိုးနေရာယူလာခဲ့ပါတယ်။ အဲဒီနေရာမှာ ခုတချို့စွပ်စွဲပြောဆိုနေကြတဲ့ ရခိုင်တွေဟာ လူမျိုးရေးခွဲခြားသူတွေ၊မုန်းတီးသူတွေဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒီအဓိကရုဏ်းတွေမဖြစ်ခင် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ဘင်္ဂလီနဲ့ရခိုင်တွေကြားမှာ ပြဿနာတစ်စုံတစ်ရာတက်ခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းမတွေ့ရတဲ့အတွက် ခုဖြစ်နေတဲ့ရခိုင်လူမျိုးတွေရဲ့ ကုလားတွေအပေါ်ထားတဲ့ သဘောထားဟာ သူတို့ခံစားခဲ့ရတဲ့ ဘင်္ဂလီတွေရဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် ဖြစ်လာရတဲ့အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဘင်္ဂလီတချို့ရဲ့ယုတ်မာရက်စက်မှုကြောင့် ဘင်္ဂလီအားလုံးကိုအပြစ်တင်တယ်ဆိုတာ သဘာဝမကျဘူးလို့ပြောနိုင်ပေမယ့် မိသားစုတစ်ခုနဲ့တစ်ခု ပြဿနာတက်တာမျိုးမဟုတ်ပဲ မျိုးနွယ်စုချင်းဖြစ်တဲ့ ပြဿနာမှာ ဒီသုံးသပ်ချက်ဟာ အလုပ်မဖြစ်ပါဘူး။ ခုချိန်မှာ ရခိုင်တွေဖက်က မြန်မာတမျိုးသားလုံး တက်တခေါက်ခေါက် နာကျည်းခံပြင်းဒေါသထွက်နေကြပြီး ဘင်္ဂလီတွေဖက်ကလည်း တကမ္ဘာလုံးကမူဆလင်တွေ ခံပြင်းဒေါသထွက်ပြီး မြန်မာသံရုံးကို ၀င်ရမ်းကား၊မြန်မာနိုင်ငံတော်အလံကို မီးရှို့၊ မြန်မာပြည်ကို ဂျီဟတ်ကြေငြာတာမျိုး လုပ်နေကြတာကို အားလုံးအသိပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြောင်းတလျှောက် ကန့်ကွက်ခြင်း၊ထောက်ခံခြင်း တစ်စုံတရာမှ ၀င်မပါခဲ့ဖူးတဲ့ ကိုယ်တိုင်လည်း ဘာသာရေးနှိပ်ကွပ်မှု၊ လူ့အခွင့်အရေးတွေချိုးဖောက်နေဆဲဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားအပါအ၀င် အာရပ်နိုင်ငံတွေက ဒီအရေးအခင်းကျမှ လူသားချင်းစာနာသူတွေ၊ လူအခွင့်အရေးဘက်တော်သားတွေ ထဖြစ်ပြီး မြန်မာနိုင်ငံကို အမျိုးမျိုးပြစ်တင်ဝေဖန်မှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ ဒီတုန့်ပြန်မှုတွေကို ဆန်းစစ်ကြည့်ရင် မူဆလင်အချင်းချင်း စည်းလုံးညီညွတ်မှုကို ခုတုံးလုပ်ပြီး ကမ္ဘာအရပ်ရပ်က မူဆလင်တွေရဲ့ အားပေးထောက်ခံမှုကိုရအောင် ဘင်္ဂလီတွေက ဒီပြဿနာကို ဘာသာရေးပြဿနာအဖြစ် အမည်တပ်လိုက်တာလို့ သုံးသပ်မိပါတယ်။ အဲဒါကြောင့်လည်း ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် ဘင်္ဂလီတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို အစ္စလာမ်မစ်နိုင်ငံတွေ၊အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု၊ကူညီပေးမှုတွေ အများအပြားရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရအဆက်ဆက်ရဲ့ အကျင့်ပျက်ချစားမှုတွေ၊ တရားဥပဒေစိုးမိုးမရှိခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်းစတဲ့ နာမည်ပျက်မှုတွေကလည်း ဘင်္ဂလီအုပ်စုတွေကို မြန်မာ့အတိုက်အခံနိုင်ငံရေးလောကမှာ ထိုးဖောက်ခွင့်ရဖို့ အခွင့်အရေးတွေအများကြီးရစေခဲ့ပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တော်လှန်ရေး၊နိုင်ငံရေးသမား နာမည်ခံကိုယ်ကျိုးရှာသမား ရခိုင်တချို့ ဘင်္ဂလီတွေရဲ့ဖျားယောင်းမှုကြောင့် ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါတယ်လို့ လက်မှတ်ထိုးထောက်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလူတွေဟာ ရခိုင်ပြည်အတွက် ဘာတစ်ခုမှ ထိထိရောက်ရောက်မလုပ်ပေးနိုင်ခဲ့တဲ့အပြင် ခုချိန်မှာ နိုင်ငံရေးအဖွဲ့အစည်းတွေက ၀ိုင်းကျဉ်ထားတာခံနေရပြီး နာမည်ပျက်တွေတပုံကြီးနဲ့ လူရာမ၀င်တဲ့လူတွေဖြစ်ကုန်ပါပြီ။ ဥပမာ ခု အမေရိကမှာ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ဒေါက်တာရွှေလူမောင်ဆိုရင် အဲဒီလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ လုပ်စားနိုင်ငံရေးသမားတွေကို ငွေနဲ့မျှားပြီးတိုက်ရိုက်စည်းရုံးတာမျိုးရှိသလို အန်ဂျီအိုတွေကနေတဆင့် နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဖို့ ဖန်ငွေချပေးတဲ့အခါ မဆီမဆိုင် ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ် ထောက်ခံရမယ်ဆိုတဲ့ ချည်တုပ်တဲ့ဗျူဟာမျိုးတွေလည်း အသုံးပြုခဲ့ပါတယ်။ အဲဒီလိုကိစ္စမျိုးတွေကြောင့် ပြည်ပအခြေစိုက် အတိုက်အခံနိုင်ငံရေးအုပ်စုတွေကြားမှာ အကွဲအပြဲဇာတ်လမ်းပေါင်း မြောက်မြားစွာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဗျူဟာအောက် ၀င်သွားတဲ့အထဲမှာ သိက္ခာကိုငွေနဲ့ရောင်းစားခဲ့တဲ့ ထူးချွန်ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ ပါဝင်နေတာကြောင့် ခုချိန်မှာ တချိန်က အတိုက်အခံတွေကို ရာနှုန်းပြည့်ယုံကြည်အားကိုးခဲ့ကြတဲ့ ပြည်သူတချို့ရဲ့ ထောက်ခံမှုတွေကျဆင်းလာခဲ့ရပါတယ်။
၁၉၄၂အဓိကရုဏ်းကနေစတင်ပြီး ယနေ့ချိန်ထိ ရခိုင်ပြည်နယ်တွင်းက ဖြစ်ပျက်ခဲ့သမျှ မှတ်တမ်းမှတ်ရာတွေကို ဒီနေရာမှာ အကုန်ချရေးမယ်ဆိုရင် ကျမ်းတစ်စောင်ဖြစ်သွားနိုင်တဲ့အတွက် အနီးစပ်ဆုံး ကျွန်တော်တို့ဆွေးနွေးတဲ့အချိန်နဲ့ မရှေးမနှောင်းမှာ ရေးသားခဲ့တဲ့ ဆရာငြိမ်းအေးအိမ်ရဲ့ အနောက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း ဆောင်းပါးအပိုင်း(၁၄)ပိုင်းကို စာရှုသူများအနေနဲ့ သွားရောက်ဖတ်ရှု လေ့လာကြည့်စေချင်ပါတယ်။ အဲဒီဆောင်းပါးစုထဲက သုံးသပ်ချက်လေးတစ်ခုကို တင်ပြပါရစေ။ သံအမတ်ကြီး ဦးဖေခင် ဘူးသီးတောင်ကို လာတဲ့အခါ အဲဒီဒေသက ဘင်္ဂလီတွေကို တွေ့ဆုံစကားပြောတဲ့အချိန်မှာ သူပြောတာကိုနားမလည်လို့ "ယခုစကားပြောရာ၌ တိုက်ရိုက်ဗမာစကားမသုံးရဘဲ၊ စကားပြန် ကြားမှာထားကာ၊ ပြောဟောရသဖြင့် သူသည် မြန်မာ နိုင်ငံတော်၏ တစ်နေရာသို့ ရောက်နေသည်ဟု မထင်ဘဲ အရှေ့ပါကစ္စတန်ပြည် တစ်နေရာသို့ ရောက်နေသလားဟုပင် ယုံမှားသံသယဖြစ်မိကြောင်း” ဆိုပြီး သူ့ရဲ့အတွေ့အကြုံအကြောင်းပြောသွားတာကို ဖော်ပြထားပါတယ်။ အဲဒီတော့ စဉ်းစားကြည့်ရအောင်။ ရခိုင်စကားနဲ့ဗမာစကားဟာ လေယူလေသိမ်းပဲကွဲပါတယ်။ အခြေခံအားလုံးအတူတူပါပဲ။ ရခိုင်မှာဘိုးစဉ်ဘောင်ဆက် ဘုရင်တွေခေတ်ကတည်းက အခြေချနေထိုင်လာခဲ့တဲ့ ဘင်္ဂလီတွေဆိုရင် ရခိုင်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်မှာ သေချာပါတယ်။ ရခိုင်လိုပြောတတ်တဲ့လူဟာလည်း ဗမာလိုနားလည်မှာသေချာပါတယ်။ အဲဒီတော့ခါ ဦးဖေခင်ရဲ့စကားကိုနားမလည်လို့ စကားပြန်နဲ့တောင် တဆင့်ခံပြောယူရတဲ့ပရိသတ်ဟာ ရခိုင်မှာမွေး၊ရခိုင်မှာကြီးတဲ့လူမျိုးတွေမဟုတ်တာတော့ သေချာသလောက်ရှိပါတယ်။
လက်ရှိအခြေအနေမှာ ရခိုင်မှာဖြစ်ပွားသွားတဲ့ ကုလား-ရခိုင်အဓိကရုဏ်းကြောင့် မြန်မာမူဆလင်နဲ့ မြန်မာဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ အက်ကြောင်းကြီးကြီးမားမားတစ်ခု ဖြစ်သွားခဲ့တယ်လို့ပြောရင် ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ ဒီအက်ကြောင်းကို ပြန်စေ့ဖို့ ကိုယ်တတ်နိုင်တဲ့ဖက်က အားသွန်ခွန်စိုက်ကြိုးစားနေသူတွေ ရှိသလို ဒီအက်ကြောင်းကို အမြတ်ထုတ်ဖို့ကြိုးပမ်းနေသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လူ့အခွင့်အရေးလှုပ်ရှားသူနာမည်ခံ လုပ်စားနေကြသူတွေရဲ့ စကားတွေ၊ အစိုးရရဲ့ ကိုးရိုကားယားလုပ်ပေါက်တွေကို အွန်လိုင်းပေါ်မှာ နေ့စဉ်မြင်တွေ့နေရတော့ တိုင်းပြည်အနာဂတ်အတွက် တကယ်ပဲရင်လေးမိပါတယ်။ အမုန်းတရားတွေနဲ့ အပြန်အလှန်တိုက်ခိုက်နေကြတာကို မြင်ရတဲ့အချိန်မှာ မြန်မာမူဆလင်တွေဟာ အလကားသက်သက် တန်ဆာခံဖြစ်ရရှာတယ်ဆိုပြီး တွေးနေမိပါတယ်။ တကယ်တော့ မြန်မာမူဆလင်တွေဟာ ရခိုင်ကဘင်္ဂလီတွေနဲ့ ဘယ်လိုမှနှိုင်းယှဉ်လို့မရတဲ့ တိုင်းပြည်အကျိုးပြုမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုသမိုင်းကြောင်းတွေ ပိုင်ဆိုင်ထားတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို တချို့ကမသိကြပါဘူး။ အများစုက အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်အကြောင်းကိုတောင် နာမည်လောက်ပဲသိကြပါတယ်။ ဦးရာဇတ်ရဲ့ မကျဆုံးခင်ကာလက တိုင်းပြည်အရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို မသိတဲ့လူအရေအတွက်က သိတဲ့လူထက်များပါတယ်။ နောက်ပြီးပင်လုံစာချုပ်ဖြစ်မြောက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်(နိုင်ငံဂုဏ်ရည် ပထမဆင့်)၊ ဟာဂျီမ ပျဉ်းမနားဒေါ်ပု(လူမှုထူးချွန်ပထမဆင့်)စတဲ့ မြန်မာမူဆလင်တွေဟာ နိုင်ငံအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြပါတယ်။ အဲဒီမတိုင်ခင် ကုန်းဘောင်ခေတ် ဘုရင့်နေပြည်တော်မှာ သစ္စာရှိစွာအမှုထမ်းခဲ့တဲ့ မြန်မာမူဆလင်တွေလည်း အများကြီးရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဦးဆုံးကျောင်းသား သမဂ္ဂဥက္ကဌ ကမန်လူမျိုး ဦးထွန်းစိန်တို့လို ပုဂ္ဂိုလ်မျိုးဟာလည်း နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေဖြစ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ဂုဏ်ယူစရာသမိုင်းကြောင်းတွေရှိခဲ့တဲ့ မြန်မာမူဆလင်တွေဟာ ဘာသာတူဘင်္ဂလီတွေနဲ့ရခိုင်တွေရဲ့ အဓိကရုဏ်းကြားမှာ ဓားစာခံဖြစ်ပြီး တခြားလူမျိုးတွေရဲ့ သံသယ၀င်ခြင်းကို ခံနေရပါတယ်။ ခုလက်ရှိအချိန်မှာ မြန်မာမူဆလင်တချို့က ဘာသာတူဘင်္ဂလီရိုဟင်ဂျာတွေကို သိသိသာသာကြီးကို အားပေးထောက်ခံနေခြင်းဟာလည်း ဒီအခြေအနေကို ပိုပြီးဆိုးဝါးလာစေပါတယ်။ အဲဒီလူတွေထဲမှာ မြန်မာနိုင်ငံထဲ မူဆလင်အင်အားတောင့်တင်းလာရင် နိုင်ငံရေးလောကကို ဒီထက်ပိုပြီးထိုးဖောက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတဲ့လူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဘင်္ဂလီရိုဟင်ဂျာဒုက္ခသည်တွေကိုဘန်းပြပြီး ငွေရပေါက်လမ်းကြောင်းလိုက်ရှာနေတဲ့ လုပ်စားနိုင်ငံရေးလှုပ်ရှားသူတွေလည်း ပါနိုင်ပါတယ်။ ဒီလိုမျိုးလူတွေကြောင့် မြန်မာမူဆလင်တွေကို တခြားမြန်မာတွေက မြန်မာလို့မမြင်တော့ပဲ ဘင်္ဂလီနဲ့တစ်တန်းတည်းထားပြီး ထိုးနှက်တိုက်ခိုက်လာတဲ့အချိန်မှာ ကိုးကွယ်ရာဘာသာတရားပါ စော်ကားခံလာရပါတယ်။ ဘင်္ဂလီတစ်ယောက်နဲ့ မြန်မာဗုဒ္ဓဘာသာတစ်ယောက် စကားများလို့ ကိုးကွယ်ရာဘာသာတရားကို အပြန်အလှန်စော်ကားပြောဆိုကြတဲ့အခါ ဘေးကမြင်နေရတဲ့မူဆလင်ရော၊ဗုဒ္ဓဘာသာရော ၀င်ပါလာကြပါတယ်။ ဒီအချက်ကို ဘင်္ဂလီတွေကောင်းကောင်းအသုံးချတတ်ပါတယ်။ အကြောင်းမသိတဲ့ မြန်မာဗုဒ္ဓဘာသာနဲ့ မြန်မာမူဆလင်တွေကတော့ အပြန်အလှန်ဆဲဆိုရန်ဖြစ်ရင်း ရန်မီးပွားလို့ခုထိမဆုံးကြသေးပါဘူး။ ဘင်္ဂလီတွေအတွက် သူတို့ဒီနိုင်ငံမှာခြေကုပ်ရဖို့ တစ်ခုတည်းသောအားကိုးရာဟာ မြန်မာမူဆလင်တွေရဲ့ အားပေးထောက်ခံမှုပဲဖြစ်ပါတယ်။ ဒါကြောင့်ပဋိပက္ခတွင်းကို မ၀င်ဝင်အောင် ဆွဲသွင်းနေတာလို့ပဲ မြင်မိပါတယ်။
ဒီဖက်ခေတ်မှာတောင် တကယ့်ကိုချီးကျူးဂုဏ်ပြုစရာကောင်းတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း မြန်မာမူဆလင်တစ်ဦးရှိခဲ့ဖူးပါတယ်။ သူကတော့ အမှတ်(၁၇၆)အစုန်ရထားရဲ့ စက်ခေါင်းမှူး ဦးဌေးနိုင်ပဲဖြစ်ပါတယ်။ ၁၁.၄.၂၀၁၂ က မော်လမြိုင်ကနေ ရန်ကုန်ကိုခုတ်မောင်းလာတဲ့ အဲဒီရထားဟာ ဒါးပိန်ဘူတာအ၀င် မနက်၁၁နာရီ ၂၀မိနစ်မှာ ရထားသံလမ်းကိုဖြတ်ကူးနေတဲ့ မြေးအဘွားနှစ်ယောက်နဲ့ ရင်ဆိုင်တိုးခဲ့ပါတယ်။ အဲဒီမြေးအဘွားနှစ်ယောက် ရထားကြီးလာနေတာကို သတိမမူပဲဖြတ်ကူးနေရာကနေ ရထားဥသြဆွဲသံကြားတော့ အကြောက်လွန်ပြီး သံလမ်းအလယ်တည့်တည့်မှာ ရပ်နေပါတယ်။ အရမ်းနီးကပ်နေလို့ ရထားအရှိန်မသတ်နိုင်ပဲ မြေးအဘွားနှစ်ယောက်ကို ၀င်တိုက်မယ့်ဆဲဆဲမှာ လက်ထောက်စက်ခေါင်းမောင်း မြန်မာမူဆလင်ဦးဌေးနိုင်ဟာ ရထားပေါ်ကနေ အလျင်အမြန်ခုန်ဆင်းပြီး အဲဒီမြေအဘွားနှစ်ယောက်ကို သက်စွန့်ဆံဖျား ရထားသံလမ်းဘေးကို တွန်းချပြီးအသက်ကယ်ခဲ့ပါတယ်။ အခန့်မသင့်ရင် သူကိုယ်တိုင်ရထားကြိတ်ခံပြီး အသက်ဆုံးရှုံးနိုင်တဲ့အနေအထားပါ။ အဲဒီလိုလူမျိုးတွေကို ကျွန်တော်တို့က ဘင်္ဂလီရိုဟင်ဂျာနဲ့ တစ်တန်းတည်းထားသင့်ပါသလား။ ဒီလိုသူရဲကောင်းဆန်တဲ့ပုဂ္ဂိုလ်တွေဟာ မုဒိန်းကျင့်၊လူသတ်နေတဲ့ ဘင်္ဂလီတွေရဲ့ အရိပ်ဆိုးအောက်မှာ အရိပ်ထိုးခံသင့်သလား။ ဒီမေးခွန်းဟာ ဒီစာကိုလာဖတ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာမူဆလင်ဘာသာဝင်တွေကို မေးတာပါ။
ရေးခဲ့သမျှအာလုံးကိုခြုံပြီး ကြားဖူးနားဝရှိတဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။
တချိန်က အိန္ဒိယအင်ပါယာကြီးမှာ ဟိန္ဒူဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်နေတဲ့အချိန် အရှေ့အလယ်ပိုင်းက စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာကြတဲ့ မူဆလင်မျိုးနွယ်စုတစ်ခုဟာ ဘုရင်ရှေ့တော်မှောက်ခစားဝင်ပြီး ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။ ဘုရင်က လူမျိုးခြား၊ဘာသာခြားဖြစ်နေလို့ လက်မခံချင်တဲ့အတွက် ဥပမာတစ်ခုလုပ်ပြပြီး ငြင်းပယ်ခဲ့ပါတယ်။ ဘုရင်ပေးတဲ့ဥပမာက ဖန်ခွက်အပြည့်နွားနို့တစ်ခွက်ပါ။ သူဆိုလိုချင်တာက ထပ်ဖြည့်လို့မရတော့ဘူး။ ထပ်ဖြည့်လိုက်လျှင် ဖန်ခွက်ထဲကနွားနို့တွေ လျှံကျကုန်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ မူဆလင်ခေါင်းဆောင်က ဘုရင်ကိုပြုံးပြပြီး သကြားတစ်ဇွန်းတောင်းလိုက်ပါတယ်။ သကြားရလာတော့ နွားနို့ဖန်ခွက်ထဲ အဲဒီသကြားကိုထည့်မွှေပြီး ဘုရင်ကိုသုံးဆောင်ခိုင်းလိုက်ပါတယ်။ မူဆလင်ခေါင်းဆောင်ဆိုလိုချင်တဲ့သဘောက နွားနို့ထဲမှာသကြားထည့်မွှေလိုက်လို့ ဖန်ခွက်မလျှံကျပဲ အရသာပိုရှိသွားတယ်။ အဲဒီလိုပဲ သူတို့ဒီနိုင်ငံမှာအခြေချနေထိုင်ပြီး ဒေသခံလူထုထဲ ရောနှောစိမ့်ဝင်သွားရင် သူတို့ဟာ ချိုမြိန်တဲ့သကြားလိုပဲ နွားနို့ဖြစ်တဲ့ ဒီနိုင်ငံရဲ့လူ့အဖွဲ့အစည်းကို အကျိုးပြုမယ်ဆိုတဲ့ ဥပမာပါ။ ခု ကျွန်တော်တို့နိုင်ငံသား မြန်မာမူဆလင်အများစုဟာ နွားနို့ထဲမှာပျော်ဝင်ပြီးသား သကြားတွေဖြစ်ကြပါတယ်။ ခု ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းကို တိုင်းရင်းသားနာမည်ခံပြီး ရောနှောဖို့ကြိုးစားနေတဲ့ ဘင်္ဂလီရိုဟင်ဂျာတွေကတော့ သူတို့ရဲ့နောက်ခံအနေအထားနဲ့ စိတ်ဓာတ်တွေကြောင့် ဘယ်လိုမှပျော်ဝင်နိုင်ဖို့ မလွယ်ကူပါဘူး။ သကြားဆိုတာမျိုးက အလွယ်တကူပျော်ဝင်တဲ့အပြင် သူပျော်ဝင်သွားတဲ့အရာကိုလည်း ချိုမြိန်စေပါတယ်။ ဒါပေမယ့် သကြားမဟုတ်တဲ့ သဲတွေကတော့ ဘယ်လောက်မွှေမွှေမပျော်ဝင်နိုင်တဲ့အပြင် နွားနို့ပါသောက်မရဖြစ်သွားတတ်ပါတယ်။ တချို့တလေပျော်ဝင်တယ်ဆိုရင်တောင်မှ သကြားမဟုတ်ပဲ နွားနို့ထဲ သံပုရာရည်ရောမွှေရင် အဆိပ်ဖြစ်တတ်ပါတယ်။ ဒီပြန်ကြားချက် သုံးပုံနှစ်ပုံလောက်ကို တစ်ထိုင်တည်း အားတဲ့အချိန်လုပြီးရေးလိုက်တာဖြစ်တဲ့အတွက် လက်ညောင်းသွားလို့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။
မြတ်သိန်းထွန်း(၃၁.၈.၂၀၁၂)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။