Ads (728x90)


ယွန်းယွန်းဆိုတဲ့ ပွင့်လန်းစပန်းလေးတစ်ပွင့်လို့လှပတဲ့ အနုပညာရှင်လေးဟာ ပါရမီအရာမှာတော့ ခေသူမဟုတ်ပါဘူး။ အကယ်ဒမီဆုကြီးကို ကလေးသရုပ်ဆောင်ဘ၀ကတည်းက ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဆယ်ကျော်သက်သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုများစွာကို ပညာရေးတစ်ဘက်နဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့ သူကလေးဖြစ်ပါတယ်။
လာမည့် ဇူလိုင်လ ၃ရက်မှာ ကျရောက်မယ့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် သူမကိုကာဗာရိုက်ကူးပြီး ပရိသတ်အတွက် ထူးခြားဆန်းသစ်စေမယ့် မြင်ကွင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

ယွန်းယွန်းရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။
အခုအချိန်ကလည်း ယွန်းက ကျောင်းကို ဆိုက်ကိုလော်ဂျီမေဂျာနဲ့ Day တက်နေတာဆိုတော့ ပညာရေးကိုလည်း ဦးစားပေးနေရပါတယ်။
ဒါပေမဲ့ ယွန်းကို ကမ်းလှမ်းလာတဲ့ ကြော်ငြာလေးတွေလည်း ရိုက်ကူးဖြစ်နေတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ကာဗာတွေလည်း ရိုက်ကူးပေးဖြစ်နေပါတယ်။ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်ချင်တဲ့အတွက် ကိုယ်ရတဲ့အချိန်လေးမှာ ပညာရေးရော အနုပညာအလုပ်ကိုပါ နှစ်ဘက်မျှပြီးဆောင်ရွက်ဖြစ်နေပါတယ်။

ဇာတ်ကားတွေရော ဘာတွေရိုက်ကူးထားတာရှိသေးလဲ။ ဒီနှစ်အတွင်းမှာဘာတွေတင်ဆက်ဖို့ကျန်နေသေးလဲ။ ယွန်း နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားကတော့ “မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲ”ပေါ့နော်။ အဲဒီကာရိုက်တာကလည်း ယွန်းနဲ့လိုက်ဖက်တယ်။ ပရိသတ်ကလည်း စိတ်ဝင်စားမှုရှိစေနိုင်တဲ့ ဇာတ်ကားလေးပေါ့။ အဲဒီလိုမျိုး ယွန်းနဲ့လိုက်ဖက်ပြီး ပရိသတ်အတွက် ထူးထူးခြားခြားလေးမြင်တွေ့စေနိုင်တဲ့ ဇာတ်ကားလေးတွေကိုတော့ ချပြသွားချင်ပါတယ်။
အဲဒီလို ဇာတ်ကားလေးတွေ ကမ်းလှမ်းလာတယ်ဆိုရင်လည်း ရိုက်သွားဖြစ်မှာပါ။

မနေ့ကဖြစ်သည် ကာရိုက်တာအတွက်ဘယ်လိုပြင်ဆင်ခဲ့ရလဲ။ ပရိသတ်အားပေးမှုကရော။ ဆိုက်ကိုဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်ရုပ်ဖြစ်နေတယ်။ တစ်ခါမှလည်း မလုပ်ဖူးတော့ ကိုယ့်အတွက်စိန်ခေါ်မှုလိုဖြစ်သွားတယ်။

အသက်ကြီးတဲ့ ကောင်လေးတစ်ယောက်ကို ကြိုက်ရတဲ့ ကားဆိုတော့ကိုယ့်အပြင်ပုံစံနဲ့လည်းကွာခြားနေတော့ နည်းနည်းတော့ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီကားထဲက ပန်းရောင်ကာရိုက်တာကိုသဘောကျတယ်။ အားလုံးက ပန်းရောင်ဖြစ်အောင်လည်း ၀ိုင်းဝန်းပံ့ပိုးပေးကြပါတယ်။ အဲဒီကားထဲမှာ ကာရိုက်တာသဘောအရကတော့ အထူးပြင်ဆင်ခဲ့ရတာမျိုးမရှိပါဘူး။

ရိုးရိုးသားသားဆယ်ကျော်သက်လေးတစ်ဦးအနေနဲ့ပဲ သရုပ်ဆောင်ရတာပါ။ ဒါပေမဲ့ Mood နဲ့မျက်လုံးကတော့ တကယ့်ကို Balance ဖြစ်အောင် အသေအချာကြိုးစားလုပ်ခဲ့ရတယ်။ ပရိသတ်က တရားခံဆိုတာစောစီးသိသွားရင် စိတ်ဝင်စားစရာမကောင်းဘူး။ ပြနေတဲ့အချိန်မှာတော့ အိုဗာဖြစ်တယ်ဆိုပြီး အပြောခံရတာမျိုးရှိတယ်။

ယွန်းကတော့ သူတို့ဝေဖန်တဲ့ အကြောင်းအရာကိုသိပါတယ်။ ကိုယ်လည်း အဲဒီလိုဖြစ်အောင်လုပ်ခဲ့ရတာဆိုတော့လေ။ နောက်ဆုံးတော့ ပရိသတ်တွေက ယွန်းရဲ့ ကာရိုက်တာသဘောကို နားလည်သွားကြပါတယ်။ အခုအချိန်မှာ စိတ်ကြိုက်အဖြစ် ဘယ်လိုကာရိုက်တာမျိုးလေးတွေကို ရိုက်ကူးချင်ပါသလဲ ဆယ်ကျော်သက်ကာတာရိုက်မျိုးလေးတွေ အရမ်းရိုက်ချင်တယ်။

ဆယ်ကျော်သက် နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေလည်း စုံအောင်ရိုက်ကြည့်ချင်ပါတယ်။ အသက်အရွယ်အနေနဲ့လည်း ကိုယ်လည်း ဆယ်ကျော်သက်ဖြစ်တုန်းကိုပေါ့။ ကိုယ်တိုင်ကလည်း လူကြီးကာရိုက်တာတွေ တာဝန်ပေးလာမယ်ဆိုရင် ပရိသတ်တွေကြည့်ရမှာ အဆင်မပြေမှာလည်းကြောက်တယ် ကိုယ်တိုင်လည်း လုပ်ရမှာ နည်းနည်းလန့်နေတာ။

ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့တာများလာတော့ အခု ဆယ်ကျော်သက်ဘ၀မှာရော ဘာတွေ ထူးခြားပြောင်းလဲသွားလဲ။ 
ယွန်းကတော့ အခုအချိန်အထိ ရိုက်ကွင်းထဲမှာကလေးပဲ။ စီနီယာတွေကလည်း ယွန်းကို ချစ်ကြတယ်။ အားလုံးက တကယ့်ကို မောင်နှတွေလိုမျိုးပဲ။
ကိုယ်က အရွယ်အနေနဲ့ပြောင်းလဲမှုရှိလာတယ်၊ ဆယ်ကျော်သက်သရုပ်ဆောင်ဖြစ်ပေမဲ့ ရိုက်ကွင်းမှာတော့ ကလေးတစ်ယောက်လိုပဲ ဆက်ဆံခံရတာများပါတယ်။ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာတဲ့အပေါ်မှာ ကျေနပ်မိသလား။ ယွန်းကတော့ မိန်းကလေးဖြစ်ရတာကောင်းတယ်လို့ ယူဆပါတယ်။

ကိုယ့်ကိုယ်ကိုယ်မိန်းကလေးတစ်ဦး ဖြစ်နေတဲ့အတွက်လည်း ဂုဏ်လည်းဂုဏ်ယူတယ်။ မြန်မာနိုင်ငံမှာကလည်း အမျိုးသမီးတွေကို ချန်ရစ်ထားတာပြီး၊ အတားအဆီးဖြစ်စေတာမျိုး၊ နောက်ပို့ထားတဲ့ ပုံစံမျိုးမရှိပါဘူး။ အမျိုးသမီးတွေကို ရှေ့တန်းတင်တဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေနဲ့အညီလည်း တန်းတူအခွင့်အရေးရတာတွေ များပါတယ်။ ဒါကြောင့် ခုအချိန်၊ ဒီဘက်ခေတ်မှာ မိန်းကလေးတစ်ဦး အဖြစ်ရှင်သန်ရတာကို တကယ့်ကိုဝမ်းသာမိပါတယ်။

အမျိုးသမီးတစ်ဦးဖြစ်ရတဲ့အတွက်ရော ကိုယ့်အတွက် ဘယ်အရာတွေက အခက်အခဲရှိတယ်လို့ ထင်ပါသလဲ။ 
ယွန်းကတော့ မြန်မာမိန်းကလေး ဖြစ်ရတာကိုပိုပြီး ကျေနပ်တယ်။ နောက်တစ်ချိန်မှာ ပြန်မွေးလာရင်လည်း မိန်းကလေးပဲဖြစ်ချင်တယ်။ အခုအချိန်မှာယွန်းက မိန်းကလေးဖြစ်တဲ့အပြင် မင်းသမီးဘက်ကို အသွင်ကူးပြောင်းဖို့ လုပ်နေတဲ့အချိန်မှာ အံဝင်အောင် မနေတတ်သေးဘူး။ ယွန်းက တစ်ဦးတည်းသောသမီးဖြစ်တဲ့အပြင် မိဘတွေကလည်း မွေးကတည်းက ပိုးမွေးသလိုမျိုး မွေးလာတဲ့အတွက် အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ခံယူမယ်ဆိုရင်တော့ စိတ်ထဲမှာတစ်ချို့နေရာလေးတွေ နည်းနည်းတော့ အခက်အခဲရှိပါတယ်။

မြန်မာအမျိုးသမီးတွေထဲမှာ ဘယ်သူ့ကို အားကျအတုယူမိပါသလဲ။ 
အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း အရမ်းသဘောကျတယ်။ အမျိုးသမီးတွေဆိုရင် အနုပညာထဲကပဲဖြစ်ဖြစ်၊ စီးပွားရေးထဲကပဲဖြစ်ဖြစ် ထူးချွန်ထက်မြက်တဲ့ လူတွေအားလုံးကို အရမ်းသဘောကျတယ်။ အားလည်းကျတယ် ။ ကိုယ်လည်းသူတို့လိုမျိုးဖြစ်အောင်ကြိုးစားဖို့အတွက် အင်အားတွေဖြစ်ရပါတယ်။

အနုပညာအလုပ်အပြင် အခြားဝါသနာကရော။ 
ယွန်းက တခြားအလုပ်အဖြစ် စီးပွားရေးကိုလည်း ၀ါသနာပါတယ်။ ကိုယ်ကလည်း အခုက UK ကဖွင့်တဲ့ Business Management သင်တန်းကိုတက်နေတာဆိုတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးအရမ်းစိတ်ဝင်စားတယ်။ ငွေကြေးတစ်ခုတည်းမဟုတ်ဘဲ ကိုယ်နဲ့ဆက်စပ်တဲ့ အနေထားလေးတွေ၊ အစိတ်အပိုင်းလေးတွေကို အသုံချပြီး စီးပွားရေးအဖြစ် လုပ်ကိုင်ရတာကို ၀ါသနာပါပါတယ်။ Product တစ်ခုခုရောင်းတာ ထက်စာရင် Service ပေးရတဲ့လုပ်ငန်းမျိုးကိုလည်း ပိုသဘောကျတယ်။

ဘ၀အတွက်အပြောင်းအလဲတစ်ခုခုကို ဒီအသက်အရွယ်ရရှိသွားပြီလို့ ယူဆပါသလား။ ပြောင်းလဲသွားတာတော့ ၁၀တန်းပြီးတဲ့အချိန်မှာသိသာပါတယ်။ ၁၀တန်းပြီးတော့ အရင်က နေခဲ့ဖူးတဲ့ ဥအိမ်ကလေးထဲက ထွက်သွားသလိုမျိုးပါပဲ။ ပြင်ပနဲ့ပိုပြီးထိတွေ့လာရတယ်။ အသိအမြင်တွေအရမ်းကျယ်သွားတယ်။ ကိုယ်ငယ်စဉ်ကတည်း သိလာတာတွေနဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက် ကသိလာတာတွေနဲ့အရမ်းကွာခြားသွားတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုပြီးရင့်ကျက်လာသလိုမျိုး ခံစားလိုက်ရတယ်။

အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံမှုမှာ ဘာတွေ အခက်အခဲ ရှိပါသလဲ။ 
သူငယ်ချင်းတွေနဲ့ Hangout လုပ်လို့မရဘူး။ Fan တွေနဲ့တွေ့ရင် အချိန်ပေးရတယ်။ အဲဒါကြောင့် ယွန်းသူငယ်ချင်းတွေကိုအားနာပါတယ်။ ကိုယ့်ကြောင့် သူတို့တွေ စောင့်စောင့်နေရတာမို့ လိုရာမရောက်တော့ဘူး။ University က သူငယ်ချင်းတွေကတော့ ရွယ်တူတွေဆိုတော့ စိတ်အနှောက်အယှက်ဖြစ်စရာမရှိပါဘူး။

လူငယ်တစ်ဦးဖြစ်တာမို့ အချစ်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုတွေခံယူချက်ထားပါသလဲ။ 
ယွန်းကတော့ လက်ရှိအချစ်အကြောင်းပြောပြပါဆိုရင်ကိုယ်လည်းမရှာဘူး၊ ထွက်လည်းမပြေးပါဘူး။ အချစ်ကိုတွေ့ရင် ခံစားလိုက်မယ်၊ ရင်ခုန်လိုက်မယ် လူငယ်တစ်ယောက်ရဲ့ပုံမှန် သဘာဝတရားတစ်ခုလိုပဲ စဉ်းစားထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အချစ်နဲ့ပတ်သက်လာရင် ဘာမှထူးခြားတာမျိုး မရှိသေးပါဘူး။

လူမှုကွန်ယက်မှာလည်းကိုယ့်ကို အားပေးတဲ့သူတွေ နဲ့ ဘယ်လိုမျိုးဆက်ဆံရေး တည်ဆောက်ထားပါသလဲ။ ယွန်းအနေနဲ့ လူမှုကွန်ယက်မှာက ဖန်တွေနဲ့ ရင်းရင်းနှီးနှီးရှိကြပါတယ်။ ယွန်းရဲ့ပရိသတ်တွေကလည်း အသက်အရွယ်အမျိုးမျိုးလည်းရှိပါတယ်။ ကိုယ့်အစ်ကို အစ်မတွေ၊ ဦးလေးအဒေါ်တွေလို မောင်လေး၊ညီမလေး အရွယ်တွေကအစ ပါကြပါတယ်။

ယွန်းရဲ့ဖန်တွေအားလုံးကလည်း အနုပညာအလုပ်တွေကိုသာမကပါ၊ ကိုယ်ရေးကိုယ်တာတွေအထိပါ အကြံဥာဏ်ပေးတာ၊ ဂရုတစိုက်ပြောပေးကြတာတွေရှိပါတယ်။ ဒါကြောင့် ဖန်တွေနဲ့ ဆက်ဆံရေးကတော့ ကိုယ့်မိသားစုလိုဖြစ်နေတယ် လို့ ပြောလို့ရပါတယ်။

ကိုယ့်ရဲ့ပရိသတ်တွေနဲ့ သီးခြားတွေ့ဆုံပွဲမျိုးတွေရောလုပ်ပေးသွားဖို့ စီစဉ်ထားတာရှိပါသလား။
ယွန်းအနေနဲ့ We Love Yoon Yoon’s Fan တွေလည်းရှိတယ်။ သူတို့ကလည်း ယွန်းနဲ့အပြင်မှာ တွေ့ချင်တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ယွန်းက ခုအချိန်မှာ ကိုယ့်ဘာသာကိုယ် စီစဉ်လုပ်ကိုင်နိုင်သေးတဲ့ အချိန်မဟုတ်တဲ့အခါကျတော့ မိဘတွေကိုအကူညီယူရမယ်။ တွေ့ဆုံပွဲလေးလုပ်ချင်ပေမဲ့ လောလောဆယ်မှာလုပ်ဖို့ အရှိန်မရသေးဘူး။ နောက် ၂၀၁၈လောက်မှာ အနုပညာအလုပ်တွေ အရှိန်အဟုန်နဲ့လုပ်မယ်ဆိုရင် ဖန်တွေနဲ့အပြင်မှာ ရင်းရင်းနှီးနှီးတွေ့ဆုံသွားဖို့အစီအစဉ်ရှိပါတယ်။
ယွန်းက ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုကိုအသစ်ဖွင့်သုံးထားပါတယ်။ တစ်နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ သူငယ်ချင်းအသစ်တွေကို တစ်နေ့၅ယောက်ပုံမှန် လက်ခံပေးတယ်။ ကိုယ်က အကောင့်ကိုတော့ Comment တွေကို Public ဖွင့်မထားတတ်ဘူး။ ဘာလို့လဲဆိုတော့ ယွန်းစိတ်က မခံစားနိုင်ပါဘူး။ Add Me ဆိုရင် Add ပေးချင်တယ်။ ဒါပေမဲ့ သူငယ်ချင်းအဖြစ်က အများကြီးလက်ခံပေးလို့လည်းမရတော့ အရမ်းအားနာပါတယ်။ ဒါကြောင့် အများကြီးဆိုရင် ကိုယ့်အနေနဲ့ Respond လုပ်ပေးဖို့လည်း အားမထုတ်နိုင်ဘူး၊ ခုကတော့ ယွန်းအကောင့်မှာ Friend များများလက်ခံပေးတယ်။
ကိုယ့် Friend တွေက ပြောတာတွေကို အဆင်ပြေသလို ပြန်ပြီးပြောပေးပါတယ်။ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးလည်းရှိပါတယ်။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖို့ ဘယ်လောက်အထိ အချိန်ယူသွားမလဲ။ 
အခုကြော်ငြာတွေရိုက်ပြီး အနုပညာအလုပ်တွေအတွက် အရှိန်ယူနေပါတယ်။
နောက်နှစ်လောက်ဆိုရင်တော့ ကျောင်းကလည်း ရိုက်မယ်ဆိုရင် ခွင့်ယူလို့ရပါတယ်။ ဒါကြောင့် ပိုပြီးသေသေချာချာလေး အရှိန်အဟုန်မြှင့်လုပ်သွားဖို့ ရှိပါတယ်။ ယွန်း ပြောချင်တာကတကယ်လည်း ပရိသတ်လက်ခံနိုင်တဲ့ဇာတ်လမ်းတွေရိုက်ကူးမှသာ ပရိသတ်ရင်ထဲကို ပိုဝင်သွားမှာပါ။ ပရိသတ်တွေကိုလည်း ကိုယ်မင်းသမီးဖြစ် ပြီးပြီးရောရိုက်ကူးမပေးချင်ပါဘူး။ ကိုယ့်ကိုချစ်တဲ့အခံလေးရှိတော့ ပရိသတ်တွေ တစ်မျိုးမြင်သွားမှာလည်း စိုးရိမ်မိပါတယ်။ ဒါကြောင့် အကောင်းဆုံးအနေအထားရအောင် ကိုယ့်ဘက်ကချပြနိုင်မှသာ ပရိသတ်ဆီသေချာလေးပို့ပေးချင်ပါတယ်။

 ပရိသတ်အတွက်စကားလက်ဆောင်ကိုလည်း ပြောပြပေးပါဦး။
အနုပညာရှင်တစ်ယောက်ရဲ့ဘ၀မှာ ပရိသတ်တွေချစ်ဖို့ဆိုတာကလည်း တကယ့်ကိုမလွယ်ကူပါဘူး။ ဒါပေမဲ့ ယွန်းကို ကလေးသရုပ်ဆောင်ဘ၀တည်းက ပရိသတ်တွေ အချစ်ခံရတဲ့အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ယွန်းကို ဘယ်အချိန်ပဲဖြစ်ဖြစ် မိသားစုလိုသဘောထားပြီဝေဖန်ပေးပါဦးလို ယွန်းက ပညာရေးကို တစ်ဖက်က လုပ်နေတာမို့ နည်းနည်းလေးဝေးသွားသလိုဖြစ်ခဲ့ရင်တောင် ယွန်းအကောင်းဆုံးကြိုးစားတဲ့အနုပညာအလုပ်တွေကိုလည်း စိတ်ရှည်ရှည်နဲ့စောင့်မျှော်အားပေးကြပါဦးလို့ပြောချင်ပါတယ်။

Credit’ http://www.sundayjournalmyanmar.com/yoon-yoon-6-18/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...