Ads (728x90)



Pick up ကားတွေ သံရည်ကျို အပ်မယ်ဆိုရင် လူစီးယာဉ် (အိမ်စီးကား) တင်သွင်းခွင့်မပြုတော့ဘူးလို့ ဒီနေ့မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါပြီ။
ဒါနဲ့ ပတ်သက်ပြီး ကိုအရည် ကြို ကိုလည်း အခုလို မေးဖြစ်ခဲ့ပါတယ်။

မေး - အကိုရေ ... သက်တမ်းလွန် Pick up ကားတွေ အခုချိန် သံရည်ကျိုအပ်မယ်ဆို ဘာကားပြန်သွင်းလို့ရမလဲ၊ အိမ်စီးကားတွေ ပြန်သွင်းလို့ မရတော့ဘူးဆို ?
ဖြေ - Pick Up, Truck, Light Truck (လုပ်ငန်းသုံးယာဉ်)တွေသာ ပြန်သွင်းလို့ရတော့ပါမယ်။ အိမ်စီးကားတွေ မရတော့ပါ။
မေး - အိမ်စီးကားတွေ မပေးဘူးဆိုတာက တိုက်ကြေတွေပဲလား၊ သက်တမ်းလွန်ကားတွေရော ပါလား ?
ဖြေ - ဟုတ်တယ်၊ Pick up တွေ Truck တွေကို စလစ်ထုတ်မယ်ဆို တိုက်ကြေပဲဖြစ်ဖြစ် သက်တမ်းလွန်နဲ့ပဲဖြစ်ဖြစ် လုပ်ငန်းသုံးယာဉ်တွေသာ ပြန်သွင်းခွင့်ရှိပါတော့မယ်။ အိမ်စီးကား သွင်းလို့မရတော့ပါ။
===========================
အဲဒါနဲ့ ဆက်စပ်ပြီး တွေးမိတာကတော့ မဖြစ်သင့်ဘူးလို့ပဲ ထင်ပါတယ်။
ကိုယ့်ကားဟောင်း အပ်ရင် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်ရှိမယ့် စလစ်ရမယ်။ အဲဒီစလစ်ကိုက အမှန်ဆို လိုကို မလိုတာပါ။
လုပ်ငန်းသုံးယာဉ်တွေဆို အရင်ကတည်းက စလစ်မလိုဘဲ ဖရီးပါမစ်အနေနဲ့ တင်သွင်းခွင့် ရှိနေတာလေ။ ဒီတော့ လုပ်ငန်းသုံးယာဉ်စလစ်က ဘာအတွက် သွားသုံးမလဲ။
မနည်းဖျစ်ညှစ် ဖြည့်စဉ်းစားပေးရင်တော့ ကျေနပ်စရာဆိုလို့ ရန်ကုန်လိုင်စင်ရနိုင်တယ်။ ဝင်ငွေခွန်ထပ်မဆောင်ရလို့ ဖရီးပါမစ် သွင်းတဲ့ကားတွေထက် အနည်းငယ် ပိုသက်သာမယ်။ ဒါကလွဲပြီး တခြားဘာမှ အကျိုးခံစားခွင့် မရှိပါဘူး။
ဒါပေမယ့် ဘာမှ စိတ်ဝင်စားစရာမကောင်းလှပါဘူး။
အမှန်တော့ 2014 တုန်းကတည်းက Pick up တွေကို လုပ်ငန်းသုံးယာဉ် အမျိုးအစားထဲ ထည့်သွင်းထားကြောင်းစာထုတ်ပြီးသားပါ။ သို့ပေမယ့်လည်း Pick up တွေအပ်ရင် လူစီးယာဉ်စလစ် ထုတ်ပေးနေတာဟာ မနေ့ကအထိပါ။ မူအရ အားဖြင့် ကြည့်ရင်တော့ မူနဲ့ ဘောင်နဲ့ ကိုက်အောင် လုပ်တယ်လို့ ပြောလို့ရပေမယ့် ကြိုကြိုတင်တင်တော့ သတိပေး ကြေညာသင့်တယ်လေ။
သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ တစ်ခု ဖြည့်စဉ်းစားပေးစေချင်တာက မူဝါဒတစ်ခုခု ပြောင်းတော့မယ်ဟေ့ဆိုရင် ဘာကြောင့်ပဲဖြစ်ဖြစ် အချိန်လေးတစ်ခုတော့ ပေးသင့်ပါတယ်။ မူအရ၊ ဘောင်အရ လုပ်မယ်ဟေ့ဆိုရင်တောင်မှ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ကြိုကြိုတင်တင် အသိပေးသင့်ပါတယ်။
ကျွန်တော်တို့နဲ့ကတော့ အနေသာကြီးပါ။ ကိုယ်နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့်လည်း မဖြစ်သင့်ဘူး ထင်လို့...
ကားဟောင်းလေးတွေနဲ့ ၀ယ်ရောင်းလုပ်၊ စလစ်တွေ ၀ယ်ရောင်းလုပ်နေကြသူတွေအဖို့ ဒီပေါ်လစီအပြောင်းအလဲဟာ သူတို့အတွက် အများကြီးနစ်နာလှပါတယ်။
လက်ထဲမှာ ၀ယ်ထားမိလျက်သား ဒီ pick up ကားတွေ ဘာလုပ်ရမလဲ၊ လွှင့်ပဲပစ်ရမလိုလို မီးပဲ ရှို့ရမလိုလိုတွေ ဖြစ်ကုန်မှာပေါ့။ သူတို့ ၀ယ်ထားတဲ့ကားတွေအတွက် ငွေတွေက အလကား ရထားတာမှ မဟုတ်တာ။ မခိုးမ၀ှက်ဘဲနဲ့ သမာအာဇီဝနဲ့ လုပ်စားနေတဲ့ သာမာန်ပြည်သူတချို့ရဲ့ ငွေတွေ အသလွတ်ဆုံးရှုံးရမယ့်သဘောဖြစ်နေတယ်။
===========================
ကားဟောင်းပဲ ဒုက္ခရောက်တာလားဆိုတော့ မဟုတ်ဘူး။ အားလုံးက ဆက်စပ်နေတာပါ။ ကားသစ်တင်သွင်းတာကလည်း နဂိုကတည်းကမှ ရန်ကုန်လိုင်စင်အတွက် ဖရီးပါမစ်ကားတွေ ပိတ်ထားလို့ စလစ်လေးတွေကိုသာ အဓိက ထားတင်သွင်းနေရတာ။
အခု စလစ်တွေ နောက်ထပ် ထုတ်ယူဖို့အတွက်လည်း ကန့်သတ်ချက်တွေ ပိုများသွားလို့ လူစီးယာဉ် (အိမ်စီးကား) တင်သွင်းခွင့် ရှိမယ့် စလစ်တွေက ဈေးပိုတက်သွားပါဦးမယ်။ စလစ်ဈေးတက်ရင် ကားဈေးတက်တာနဲ့ အတူတူပါပဲ။
အမှန်တော့ စလစ်မလိုဘဲ ဖရီးတင်သွင်းခွင့် ရှိတဲ့ လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်ကို ကိုယ့်ကားဟောင်းအပ်မှ စလစ်ထုတ်ပေးမယ်ဆိုတာက ရယ်ချင်စရာကောင်းလှပါတယ်။
ကိုယ့်ကားဟောင်း အပ်လည်း ဒါပဲသွင်းခွင့်ရှိမယ်၊ ကားဟောင်းမအပ်ဘဲနဲ့လည်း ဒီအတိုင်း အလွတ် တင်သွင်းခွင့်ရှိမယ်။ ဒီတော့ ကားအပ်ရမယ့် သူတွေက ဂလချာလိုက်ကုန်မှာပေါ့။
ကိုယ် အပ်လိုက်ရမယ့် ကားဟောင်းက အသလွတ် ပလုံဖြစ်သွားမယ့် ကိန်းဆိုက်နေတာပေါ့။ သက်ဆိုင်ရာ လူကြီးတွေတော့ ဘယ်လိုတွေးကြလဲ မသိဘူး။
ကျွန်တော့်အမြင်ကတော့ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကားတင်သွင်းမှုနဲ့သက်ဆိုင်တဲ့ မူဝါဒတွေကို နားမလည်လို့ မဟုတ်ဘူး။ ပေါ်လစီ၊ မူဝါဒတွေအကြောင်း နားလည်လွန်းလို့သာ တမင်ကို ခက်သထက် ခက်အောင်၊ ဈေး တက်သထက်တက်အောင် တစ်ရစ်ပြီးတစ်ရစ် တင်းကျပ်နေတယ်လို့ပဲ မြင်မိပါတော့တယ်။
==============================
တချို့က ပြောကြတယ်။ ကလိန်ကကျစ်လုပ်ပြီး တချို့တွေဟာ တိုက်ကြေစလစ် ထုတ်ကြတယ်။ လုပ်စားကြတယ်။ ဒါကြောင့်မို့ အားလုံးကို ပိတ်ပစ်တာတဲ့။
အဲဒီအဆိုကို ကျွန်တော် လုံးဝ လက်မခံပါဘူး။
အကယ်လို့ တိုက်ကြေလုပ်စားတယ်ဆို လုပ်စားတဲ့သူကို ဥပဒေအရ တရားဆွဲပါ။ ထိထိရောက်ရောက်ကို အရေးယူပါ။
အရင်တုန်းကလိုမျိုး တစ်ခုခု ပြသနာတက်တိုင်း အားလုံး ၀ါးလုံးသိမ်းကျုံးပြီး ပတ်ရမ်းတာမျိုးကို ဒီအစိုးရလက်ထက်မှာ ထပ်မဖြစ်ဈေင်တော့ဘူး။
မရိုးမသား လုပ်စားသူနဲ့ ရိုးရိုးသားသား ပြည်သူ ဘယ်ဟာ အရေတွက် ပိုများမလဲ။ ကလိန်ကကျစ်ဆို အဲဒီလူကိုသာ အရေးယူပါ။ ကျန်တာကတော့ ပုံမှန်အတိုင်းပဲ ဆက်ရှိနေစေချင်တယ်။ တစ်ယောက်မကောင်းလို့ အားလုံး သိမ်းကျုံးပြီး ၀ိုငးခံကြရမယ်ဟေ့ဆိုတာ ဒီဘက်ခေတ်တွေမှာ မဖြစ်သင့်၊ မရှိသင့်တော့ပါဘူး။
==============================
ဖရီးပါမစ် ခက်အောင် လုပ်တာက လက်ခံလို့ရသေးတယ်။ ကားအသစ်တိုးတာကိုး။ အခုက ကားဟောင်းကို ကားအသစ်နဲ့ လဲလှယ်တာလေ။ လဲတယ်သာ ပြောတာပါ။ ကားအသစ်အတွက်အခွန်တွေလည်း တနစ်တပိုး ပေးရပါသေးတယ်။
အခုအတိုင်းဆို ကားဟောင်း pick up တွေ truck တွေ မကိုက်တော့ မအပ်ဘူး။ မအပ်တော့ အဲဒီ ဖွတ်ဖွတ်ညက်ညက် ကြေနေတဲ့ ကားအဟောင်းကိုပဲ တ၀ဲလည်လည် စီးနေကြရဦးမယ်။
အခုက ကားဟောင်းအစားထိုးဖို့ကို ခက်အောင်လုပ်တာ ပြည်သူကို ကားအစုတ်တွေ ပေးစီးခိုင်းထားတာနဲ့ အတူတူပါပဲ။
ကားဟောင်းအစားထိုးခွင့် မရတော့ ဘာဖြစ်မလဲ။
ကားပိတ်တာလည်း ပိုမရှင်းသွားသလို ကားစုတ်တွေနဲ့မို့ တိုင်းပြည်လည်း နစ်နာတယ်။ ဘာမှလည်း အကျိုးမရှိဘူး၊ မြို့ရွာရဲ့ အမြင်လည်း မလှဘူး။ နိုင်ငံတော်လည်း အခွန်ငွေ မရဘူး၊ ပြည်သူလည်း အစုတ်စီးရတယ်။ ကားလက်ဝယ်ရှိသူတွေလည်း ရှုံးတယ်။ ဒီပေါ်လစီကို တစ်ခုခု ပြန်လည်စီစစ်သင့်ပါပြီ။
ကိုထွဋ်ထိပ်

မူရင်းတင်ထားသည့်နေရာ - ကားဈေးတက်အောင် စီမံနေခြင်းလား ???

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...