Ads (728x90)



သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းမည့် သတင်းတွေ့သော အခါ စိုပြေ စိတ်ဆိုးသွားသည်။
တော်တော်ကို အသိဥာဏ်ပါးလှချေတကား။
သစ်ထုတ်လုပ်မှုကို ဘာလို့ ရပ်ခိုင်မတုန်း။
ခရိုနီ အကျိုးရှိ။ တရုတ် အကျိုးရှိ၊ လက်နက်ကိုင်တွေ အကျိုးရှိ။ အိမ်ဆောက်ချင်သူတွေလည်း အကျိုးရှိ။ သစ်စက်တွေ အကျိုးရှိ၊ အားလုံး အကျိုးရှိမည့် ကိစ္စကို ရပ်ခိုင်းလိုက်တာကိုတော့ နားမလည်နိုင်။
ပြီးတော့ မြန်မာနိုင်ငံကြီး ပြောင်းလဲသွားဖို့ကလည်း ဒီသစ်ထုတ်လုပ်မှုအပေါ်မှာ ရှိနေသည်မဟုတ်ပါလား။

တကယ်ဆို မြန်မာ့ သစ်တောတွေက တော်တော်ပြောင်နေပြီ။
လမ်းနှင့် ဝေးသည့် တောနက်နက်တွေသာ ကျန်တော့သည်။
ဂိုဂဲလ်က ကြည့်လိုက်လျှင်တော့ မြန်မာပြည်ကြီး စိမ်းစိမ်းစိုစို ဖြစ်နေတာကို မြင်ရမည်။
သို့သော်လည်း တကယ်တမ်း အောက်ခြေကို သွားကြည့်လျှင် သစ်ပင်တွေ မဟုတ်။
ခြုံပုတ်တွေ၊ နွယ်ပင် မြက်ပင်တွေသာ ဖြစ်သည်။
ကျန်နေသည့် သစ်တွေကလည်း ဒီပုံစံအတိုင်း ထုတ်လိုက်လျှင် နောက်ဆယ်နှစ်တောင် မခံ။
ခြံပုတ်တွေပါ အကုန်ပြောင်မှာ။
ခရိုနီက နာမည်ခံ၊ တရုတ်တွေက ချိန်းဆောတွေနဲ့ လာဖြတ်။
လက်နက်ကိုင်တွေက လုံခြုံရေးယူ။ တရုတ်တွေက ကားတွေနဲ့ တင်။
ဝန်ထမ်းအချို့ကတော့ သဒ္ဒါကြေးလေး ဘာလေး ရတာပေါ့။
ဟိုးအရင်ခေတ်ကဆို သစ်ပင်ခုတ်ဖို့ အားကြီးခက်သတဲ့လေ။
သစ်တောဌာနက ခုတ်လို့ရတဲ့ အပင်တွေလိုက်စစ်။ လုံးပတ်စံမှီ၊ အနီးနားက အပင်တွေ မထိခိုက်လျှင် စာရင်းသွင်း။
နောက်ထပ် တဖွဲ့က သင်းသတ်။ သင်းသတ်လို့ အပင်ကြီး ခြောက်သွားတော့မှ ခုတ်။
ခုတ်ပြီးလျှင်လည်း စနစ်တကျသယ်။
အခုတော့ ဒီလိုမဟုတ်။ တောတစ်တောကို ၀င်လျှင် အောက်ခြေမှာ ရှိသမျှ အပင်ခုတ်သည်။
အကြီးတွေလည်း ခုတ်။ အသေးတွေလည်း ခုတ်။
ပြီးရင် ခုတ်ပြီးသား အသေးတွေကို ချန်ထား။ အကြီးတွေ ရွေးယူ။
အပင်သေးတွေကိုတော့ မျှောတိုင်တွေအဖြစ် ဒေသခံတွေက ယူ။ လက်နက်ကိုင်တွေ ရှိနေရင်တော့ ယူလို့ မလွယ်။
အပင်ကြီးမှန်သမျှကို တရုတ်က မ သည်။ အချို့ သစ်ပင်အမြစ်ကြီးကြီးတွေကိုလည်း သယ်သတဲ့လေ။ ပန်းပုထုရအောင်ဆိုလား။
ကိုယ်လည်း မယူသည့် အပင်သေးတွေကို ဘာလို့ ခုတ်လဲ ဆိုတာတော့ စိုပြေလည်း နားမလည်။
တောင်ယာစိုက်မယ့်လူတွေ၊ ဓားမဦးချ လယ်လုပ်မည့်သူတွေ ရှင်းရ လင်းရ သက်သာအောင်ကူညီပေးတာလားတော့ မသိ။
ဟိုတလောက မုံရွာလမ်းဘေးက သစ်ပင်ကြီးတွေ ခုတ်မယ်ဆိုတာကိုလည်း ကြားလိုက်သေးသည်။
ဝိုင်းကန့်ကွက်သဖြင့် မခုတ်ဖြစ်လိုက်။
တကယ်ဆို ခုတ်လိုက်ရမှာ။ ခုတ်ပြီး တရုတ်ပြည်ကို ပို့။ နိုင်ငံခြားဝင်ငွေရ။
ဘယ်လောက်အကျိုးရှိတုန်း။
ဒီလိုမျိုး သစ်ပင်တွေကို ခရိုနီတွေ၊ တရုတ်တွေ၊ လက်နက်ကိုင်တွေ၊ စီးပွားရေးသမားတွေ၊ ဒေသခံတွေကသာ ပုံမှတ်လေး ခုတ်ပေးလျှင် နောက်ဆယ်နှစ်ဆို မြန်မာပြည်မှာ သစ်ပင် ပြောင်ပြီ။
အဲ့လို သစ်ပင်တွေ ပြောင်တာမှ တကယ့် အခွင့်အလမ်းအသစ်လာမှာ။
သစ်ပင်တွေ မရှိတော့လျှင် မိုးခေါင်လာလိမ့်မည်။
မိုးခေါင်လာရင် အခု ကျန်နေသေးသည့် ခြုံပင်၊ မြက်ပင်တွေ သေသွားလိမ့်မည်။
အဲ့လို သေသွားလျှင် မြေကြီးတွေကို ကုတ်ယူမည့် အပင်မရှိတော့။
တဖြည်းဖြည်းနဲ့ မြေကြီးတွေ ခြောက်သွေ့၊ ပြီးရင် ကန္တာရ တစ်ခု အစပြုလာလိမ့်မည်။
ကန္တာရက သေးသေးလေး စဖြစ်ပြီး မကြာမီ အခြားဒေသသို့ပါ ကူးစက်သွားလေ့ရှိ၏။
ကန္တာရဖြစ်သွားရင်တော့ မြန်မာပြည် အပြောင်းအလဲကြီးပေါ့။ အဲ့လိုဆို မြန်မာပြည်လည်း အာရပ်ပြည်တွေလို တိုးတတ်လာမှာ။
ထိုကန္တာရကို အရင်းပြုပြီး ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်ရမည်။ ခရီးသွားတွေ စီးဖို့ ကုလားအုပ်တွေကို ပြည်ပက တင်သွင်းရမည်။
ကန္တာရဖြစ်လျှင် ရေနံတွေ ထွက်လိမ့်မည်။ အာရပ်မှာတော့ ထွက်တာပဲ။ ရေနံဈေးကစားနေသည့် အာရပ်ပြည်ကို အနောက်နိုင်ငံတွေက စိတ်ပျက်နေပြီ။
ဈေးလျှော့ရောင်းလျှင် မြန်မာကန္တာရက ရေနံတွေကို ဥရောပက ၀ယ်လိမ့်မည်။
ခရီးသွားတွေအတွက် ဟိုတယ်တွေ ဆောက်ရမည်။ မြန်မာပြည်က နေ့စားပန်းရံသမားတွေ၊ လူကြမ်းတွေ အလုပ်အကိုင်အခွင့်အများကြီးရမှာ။
အာရပ်ပြည်က ကန္တာရတွေ ကို ညီးငွေ့နေသည့် ကမ္ဘာလှည့် ခရီးသွားတွေက မြန်မာပြည်ကို မျက်စိကျလာမည်။
ဘယ်လောက်ကောင်းလိုက်တုန်း...။ သစ်တွေကုန်ပြီး ကန္တာရဖြစ်သွားလျှင် မြန်မာပြည် မြန်မြန် ချမ်းသာမှာ။
သစ်ကုန်ချိန်နှင့် ကန္တာရမဖြစ်ခင် စပ်ကြားတော့ ပြည်သူတွေ နည်းနည်း သီးခံရမှာပေါ့လေ။
အခုတော့ အစိုးရက သစ်ထုတ်ခွင့် ဆယ်နှစ်ပိတ်လိုက်သတဲ့။ ဒါမြန်မာပြည် တိုးတတ်မည်ကို မနာလိုသည့် တိုင်းတပါးသားတွေရဲ့ အကြံပဲဖြစ်မှာ။
သို့သော်လည်း ကိစ္စမရှိ။ ဒါက မြန်မာပြည်ပဲ။ လက်နက်ကိုင်တွေရှိသမျှ တရုတ်တွေ သစ်ခုတ်နေဦးမှာပဲ။
ခရိုနီတွေ ရှိနေသမျှ လာဘ်ထိုးပြီး ခုတ်ခွင့်ရှိနေဦးမှာပဲ။ အဲ့တော့ မြန်မာပြည်၏ ကန္တာရအိမ်မက်ကား ဝေးတော့မည် မထင်။

စိုပြေ
5:33 PM 7/27/2016


( သရော်စာဖြစ်ပါသည် သို့ ပါသောကြောင့် သရော်စာအနေဖြင့်သာ ဖတ်ရှုပေးပါရန် )


 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...