ဒီနေ့ Halloween နေ့မှာ အမှတ်တရ သရဲ အကြောင်းတော့ရေးချင်တယ်။ ခက်တာက ကျွန်တော် သရဲ အခြောက် မခံရသေးဘူး။ ဒီတော့ သူငယ်ချင်းတွေ ပြောတဲ့ သရဲ အကြောင်းပဲ ရေးတော့မယ်။ ရန်ကုန်မှာ ကျတော့ သရဲခြောက်ဖို့ နဲနဲခက်တယ်။ သရဲက လူတွေ ပြန်ကြောက် နေရလို့လေ။ နယ်မှာကတော့ တော်တော်များများ သရဲအခြောက်ခံဘူး ကြတယ်။ ကျွန်တော် ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက အရှေ့ဘက်မှာ ရထားလမ်းပဲလေ အဲဒီနေရာက သရဲ အရမ်းခြောက်တယ်လို့ နာမည်ကြီးတယ်။ များသောအားဖြင့် လူကို ရထားတိုက်ပြီ ဟေ့ဆို ဘယ်မှမသွားနဲ့ ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့က ရထားလမ်းနေရာပဲ။ ခဏတိုင်း အဲဒီနားမှာ လူသေတယ်။ ကျွန်တော်တို့ အိမ်နဲ့ အဲဒီနေရာနဲ့က ၅ လမ်းလောက်တော့ ခြားတယ်။ တိုက်ပြန်ပြီဆို လူတွေသွား ကြည့်ကြပြန်ရော။ ကျွန်တော်က သွားကြည့်ချင်တာ အရမ်းပဲ။ အိမ်က ကလေးဆိုတော့ မလွှတ်ဘူးဗျာ။ တိုက်လိုက်ရင်လည်း လူက အပိုင်းပိုင်း အပြတ်ပြတ်ပဲတဲ့။ ဒါနဲ့ပဲ သွားကြည့်တဲ့ သူငယ်ချင်းတွေ ပြောတာကိုပဲ စိတ်မှန်းနဲ့ ပုံဖော်ကြည့်ရတယ်။
အဲဒီနေရာမှာ လူခဏခဏ ရထားအတိုက်ခံရတဲ့ အကြောင်းအရင်းတခု ရှိမယ်လို့တော့ ကျွန်တော် တွေးမိပါတယ်။ တခါမှာတော့ ကျွန်တော် တွေးတာ မှန်တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် သိလိုက် ရတော့တယ်။ တနေ့က ကျွန်တော် ကျောင်းကနေ အိမ်ကိုပြန်တဲ့နေ့က မြို့အစွန်ဘက်က သူငယ်ချင်းအိမ် ကာတွန်းစာအုပ် သွားယူပြီး အပြန်ပေါ့။ အိမ်ကို ပြန်ဖို့ ရထားလမ်းကို ကားလမ်းဖြတ်တဲ့ နေရာကနေ သွားမယ်ဆိုရင် ကွေ့ပတ်နေရဦမှာ ဒီ နားက လမ်းတိုလေးကနေ ရထားလမ်းကို စက်ဘီးမပြီး ကျော်မယ်ဆိုရင် ခဏနဲ့ ရောက်မှာပဲ ဆိုပြီး ကျော်ဖို့ အဲဒီလမ်းကို သွားတယ်။
အဲဒီ လမ်းရဲ့ ရထားလမ်း ကျော်တဲ့နေရာက ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့ ရထား အရမ်းတိုက်ပါတယ် ဆိုပြီး နာမည်ကြီးတဲ့ နေရာ အဲဒီမှာ ကျွန်တော် စက်ဘီးနဲ့ မကူးခင် ကြည့်လိုက်သေးတယ် ရထား လာမလာပေါ့။ ရထားမလာဘူးဆိုပြီး စက်ဘီး မပြီး ကူးနေတုန်းမှာ ခပ်လှမ်းလှမ်းကနေ ရထား ဥသြဆွဲသံကြီး ကြားရတော့တာပဲ။ ကျွန်တော်နဲ့ နီးနေပြီ ဒါပေမယ့် ကျွန်တော့် စက်ဘီးက ဒေါက်က ရထားလမ်းနဲ့ ညှိနေတယ်။ ကျွန်တော် လန့်သွားတယ်။ သေပြီပေါ့။ အတင်းရုန်းတယ် မရဘူး။ နောက်တခါ ထပ်ရုန်းတယ်မရဘူး။ နောက်ဆုံး အားကုန်ကို ရုံးလိုက်တော့မှ ကျွန်တော် လွတ်သွားပြီး စက်ဘီးရော လူပါ ရထားလမ်းပေါ်ကနေ ဆင်းလိုက်နိုင်တယ်။ ကျွန်တော် အဆင်း ရထားလည်း အဖြတ်ပဲ။ Aerosmith သီချင်းထဲက လိုပဲ။ အဲဒီ တုန်းကမှ အဲဒီနားမှာ လူဘာလို့ အသေများရတာလဲ ကျွန်တော် သိတော့တယ်။ မမြင်ရတဲ့ အရာတွေက ဆွဲနေတာကိုး။ ကျွန်တော်သာ အဲဒီ အချိန်က မရုန်းနိုင်ခဲ့ရင် အခုချိန်မှာ ဒီစာလေးတောင် ရေးနိုင်တောမှာ မဟုတ်လောက်ဘူး။
အဲဒီနားက ခြောက်တယ်လို့ နာမည်ကြီးတယ်။ အခြောက်ခံရတဲ့ သူတွေ ပြောပြတာက ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းက လည်းခြောက်တယ်တဲ့။ ညဘက် ဖြတ်သွားတုန်း အသံတွေကြားရလို့ဆိုပြီး ခဲနဲ့ထုလိုက်တာ ခဲက ပြန်ထွက်လာတယ်တဲ့။ ကျောင်းစောင့်ရှိပေမယ့် သူက ကျောင်းတဲ့ နဲနဲလှမ်းတဲ့ ကျောင်းဝန်းထောင့်ဘက်မှာနေတာ သူလည်း ဘာမှမလုပ်ပါဘူးတဲ့။ နောက် ကျွန်တော်တို့ အိမ်ရဲ့ လမ်းအရှေ့ဘက်မှာ အိမ် ၅ အိမ်လောက်ရှိတယ် သူတို့ အနောက်ဘက်မှာ ကိုက် ၅၀၀ ပတ်ပတ်လည်လောက်ရှိမယ့် ပေ ၂၀ လောက်နက်တဲ့ ချိုင့်ကြီးရှိတယ်။ အဲဒီထဲက လူလည်း မဆင်းကြဘူး ဆူးပင်တွေ ခြုံတွေနဲ့ နောက် စိန်ပန်းပင် အကြီးကြီးတွေ တမာပင်တွေ မကျည်းပင်တွေနဲ့ အုပ်ဆိုင်းပြီး တောကြီးလိုပဲ အဲဒီ ချိုင့်ကြီး ဟိုဘက်မှာက အိမ်လေးတလုံးရှိတယ်။ အဲဒီ အိမ်က မိန်းမကြီးပေါ့ ညဘက် ၈ နာရီလောက် ရေတွင်းမှာ ရေချိုးသွားတာ စိန်ပန်းပင်ကြီး ဘက်ကနေ ဆံပင်ဖားလားကြီးနဲ့ မိန်းမကြီး တစ်ယောက်ထွက်လို့တဲ့။ တပတ်လောက် ဖျားသွားတယ်။
တခါကလည်း အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ် ညဘက်ပြန်လာကြတုန်း ရက်ကွက်ထိပ်က ဓာတ်ပုံဆိုင်ကတိုက်က အရှေ့ဘက်မှာ လက်ပြတ်ကြီး ထွက်နေတာကို မြင်ခဲ့ကြတယ်တဲ့။ နောက် ကျွန်တော်တို့ လမ်းတိုလေး အနောက်ဘက်နားလောက်က ကုက္ကိုပင်ကြီး ဘေးနားမှာ ဆေးလိပ်သောက်နေတဲ့ အဖိုးကြီး တစ်ယောက်ကို ညဘက်မှာ တချို့တွေ တွေ့ရတယ် ပြောကြတယ်။ နောက် တခါက ကျွန်တော်တို့ လမ်း အလယ်လောက်မှာနေတဲ့ အိပ်က sunny ကားလေးနဲ့ ရန်ကုန်ကပြန်လာကြတာ ပဲခူးသချိုင်းမှာ ကားက အရမ်းလေးသွားပြီး နောက်ထိန်းမရတော့ပဲ ချောက်ထဲကျသွားတာ ကားကို စုတ်ပြတ်ပိတ်လိမ်နေတာပဲ အဲဒီကားကြီး ကျွန်တော်တို့လမ်းထဲမှာ ရပ်ထားပြီး ပရိတ်ကြိုးတွေပတ် သဲဖြူး ပရိတ်ရေလောင်း ဘုန်းတော်ကြီးတွေ ဘုရားစာရွတ်နဲ့ အတော်လုပ် လိုက်ကြရတယ်။
အမေတို့ တခါကလည်း ဟိုင်းလတ်ကားဝယ်ဖို့ မန္တလေးမှာ ကားကြည့်တော့ ကားတော်တော်ကောင်းတာ တစင်းတွေ့ကြတယ်တဲ့။ အဲဒီကားကြိုက်ပြီးဝယ်မယ်လုပ်တော
ကျွန်တော် ငယ်ငယ်က အဒေါ်အိမ် ပါရမီမှာ နေတုန်းက အဒေါ်တို့အိမ်ကနေ ထွက်ရင် တော်တော်လေး သွားမိရင် သချိုင်း အကျယ်ကြီးတစ်ခုရှိတယ်။ အဲဒီနေရာက ညဘက်ဆို တော်တော်ခြောက်ဆိုပဲ။ ဆိုက်ကားသမားတွေဆို ခဏတိုင်း အခြောက်ခံရတယ်။ နောက် အဲဒီ သချိုင်းကြီး ရွှေ့တော့ ကားအလွှတ်တွေနဲ့ တက်ကြပါ သချိုင်းရွှေ့ရအောင်လို့ ပြောတာ ကားက အလိုလိုလေးသွားတယ်တဲ့။ အဲဒီလိုနဲ့ သချိုင်းကြီးရွှေ့လိုက်ကြတယ်။ အခုတော့ အဲဒီနေရာမှာ သရဲ အခြောက်တော့ပါဘူး။ စည်ပင် ၀န်ထမ်းအိမ်ရာ ဖြစ်သွားပြီ သရဲကပဲပြန်ကြောက်ရတော့မှာ လူတွေက အဲဒီနေရာမှာ ၂၄ နာရီလုံး ရှိနေကြတော့ သရဲပဲလန့်ပြေးလောက်ပါပြီ။
အမေတခါက ရန်ကုန်ဆေးရုံကြီးမှာ အမျိုးတစ်ယောက် ဆေးရုံတက်တုန်းက ဦးနှောက်နှင့် အာရုံကြောမှာ စောင့်တုန်းက ညဘက်ဆို အမေ လမ်းသွားရင် အနောက်ဘက်က ခြေသံတွေ လိုက်လာသလို ကြားရတတ်တယ် လို့ပြောတယ်။ ဒီနှစ် ဇူလိုင်လောက်တုန်းက ကျွန်တော့်ညီ စက်ဘီးကုန်းဆင်းပေါ်ကနေ မှောက်ရက်ကျပြီး ရန်ကုန်ဆေးရုံကြီး မေးရိုးဌာနဘက်မှာ ညဘက်ချုပ်ကြသေးတယ်။ ကျွန်တော် အဲဒီတုန်းက ညဘက် ၁၂ ကျော်လောက်ကို လသာ ၂ ဘက်ခြမ်းက မေးရိုးဌာနနဲ့ ဟိုးဘက်က အရေးပေါ်ဌာနက ဆေးဆိုင်ကို ကူးလိုက်ပြန်လိုက်လုပ်နေတာ သရဲ အခြောက် မခံခဲ့ရဘူးဗျာ။ သရဲဆိုမှ ရယ်စရာလေးပြောရဦးမယ် ကျွန်တော်ငယ်ငယ်က ညဘက်ဆို အိမ်ရာထဲမှာ မီးအကုန်ပိတ် သီချင်းကို နားကြပ်နဲ့ အသံကုန်ဖွင့်ပြီး နားထောင်ပြီးမှ အိပ်တာ။ တရက်က ကျွန်တော့်ညီက အမေခေါ်ခိုင်းလို့ဆိုပြီး အမှောင်ကြီးထဲကနေ ကျွန်တော့် ခြင်ထောင်ကို မျက်နှာကြီးကပ်ပြီး လာကြည့်ပါလေရော။ ကျွန်တော်က သီချင်းနားထောင်နေရင်း ခြင်းထောင်ကို ကြည့်နေတာကနေ ခြင်ထောင်ကြီးက မျက်နှာပုံစံကြီး ပေါ်လာတာနဲ့ သရဲမှတ်ပြီး ကုန်းအော်တာ နားကြပ်ကလည်း အသံကုန်ဖွင့်ထားတော့ အော်တဲ့ အသံက အကျယ်ကြီးထွက်နေတာပေါ့။ အကုန်လန့်နိုးကုန်ကြရော။ ပြီးတော့မှ ကျွန်တော့်ညီ ဖြစ်နေတယ်။ ကျွန်တော်က သရဲ အခြောက်ခံချင်တာ တခါမှမတွေ့ဖူးသေးဘူး။
အိမ်မှာတော့ ကြည့်လိုက်ရင် သရဲကား အကောင်ကားတွေကြည့်ပဲ။ တချို့က သရဲဆိုတာ တကယ်မရှိဘူး ပြောကြတယ်။ မဟုတ်ပါဘူး တကယ်ရှိမှာပါ။ တရားစာအုပ်တွေ မှာပါတဲ့ ပြိတ္တာဆိုတာ တကယ်တော့ သရဲပါပဲ။ သူတို့က ဘာလို့ ခြောက်ကြလည်း။ တကယ်တော့ ခြောက်တာ မဟုတ်ပါဘူး။ သူတို့ အကူအညီလိုချင်လို့ ကိုယ်ယောင်ပြကြတာပါ။ ဒါပေမယ့် သူတို့က ရုပ်ဆိုးတဲ့ ကိုယ်ခန္တာကြောင့် သရဲခြောက်ပါတယ် ဖြစ်သွားရတာ။ သူတို့က အမျှဝေတာလိုချင်ကြတယ်။ တချို့ကြတော့ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေကို စွဲလမ်းပြီး သေတော့ သရဲ ဖြစ်သွားကြတာ။ တချို့က သူတို့ကိုယ်သူတို့ သေမှန်းမသိကြဘူး။ သူတို့ လူသတ်သလားဆိုတော့ သူတို့က ရုပ်ဆိုးတဲ့ အတွက် တချို့ အသည်းငယ်တဲ့ လူတွေက ကြောက်ပြီး နှလုံးသွေးရပ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက သရဲက အဲဒီလောက် ရူပမဆိုးပေမယ့် သရဲက တွေ့ရင် လူကိုသတ်စားတယ်၊ ဘာညာနဲ့ သူများပြောတာတွေ နောက် ဇာတ်ကားတွေထဲကလို တကယ်စိတ်မှာ ထင်မှတ်ပြီး သွေးရပ်ပြီး သေကြရတာပါ။ အဲဒီအခါမှာ သရဲက သတ်ပါတယ်ဖြစ်ရော။ တကယ်တော့ သူတို့က ရုပ်ဆိုးနဲ့ အကူအညီလိုနေတဲ့ လောကသားတွေပါပဲ။
Credit To-htootayzar.com
Post by: မိုးတိမ် ပုံပြင်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။