Ads (728x90)




သားမောင်ရဲ့ အသက်အရွယ်ဟာ 25 နှစ်ဆိုတော့
ပညာရေးမှာလည်း ရပ်တည်လို့ရတဲ့ အဆင့်ရောက် ...
သွေးသားကလည်း ဆန္ဒပြအရွယ်ဆိုတော့
ပညာစုံ ကြင်ယာစုံရမယ်ဆိုတဲ့စကား မင်းနားထဲရောက်ပြီပေါ့ ဆိုတဲ့ ချစ်ဖေဖေရေ ...

သွေးသားကလည်း ဆန္ဒပြဆိုတဲ့ စာသားဟာ
သားမောင်အတွက်မှာ တော်တော်ကို တုန်လှုပ်သွားခဲ့ရပါတယ် ...
ဘာ့ကြောင့်ဆိုတာကို ရှင်းပြရရင် တော်ရုံလူ နားလည်နိုင်မှာ မဟုတ်ပါဘူး ...

ရဟန်းသံဃာတော်တွေ အပါအဝင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြင့်ဆုံးရည်ရွယ်ချက်က
ဘာလဲဆိုတော့ ဆင်းရဲမှုခပ်သိမ်း ချုပ်ငြိမ်းဖို့ (နိဗ္ဗာန်ရဖို့/ရောက်ဖို့ပါပဲ။)
အနှိုင်းမဲ့ချမ်းသာ အမတသုခ ရရှိဖို့ပါပဲ ...
အမတသုခ နိဗ္ဗာန်ဟာ ဘာပါလိမ့်ဆိုတော့ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတဲ့
ဒေသနာတော်အရ တဏှာ ချုပ်ငြိမ်းခြင်းဟာ နိဗ္ဗာန်ပါတဲ့ ...
ဒီတော့ တဏှာရဲ့သဘောကို သိဖို့လည်း လိုအပ်လာပြန်ပါတယ် ...
တဿတိ ပရိတဿတီတိ တဏှာ - ဆာတတ်တဲ့ တရားဟာ တဏှာပဲ။
ထမင်းဆာတယ် ... ရေဆာတယ်ဆိုတဲ့ ဆာပုံမျိုးပါ ...

ဆာတော့ မရမနေ ကြိုးစားရှာဖွေတော့တာပဲ။ သူ့ရဲ့အစွယ်အပွားတွေက -
- ရူပတဏှာ = မျက်စိက အမြင်အာရုံလေးတွေကို ဆာတယ်။ (မြင်လိုတယ်)
- သဒ္ဒတဏှာ = နားက သာယာသံ အကြားအာရုံလေးတွေကို ဆာတယ်။ (ကြားလိုတယ်)
- ဂန္ဓတဏှာ = နှာခေါင်းက အနံ့အာရုံလေးတွေကို ဆာတယ်။ (နမ်းရှူလိုတယ်)
- ရသတဏှာ = လျှာက အရသာအမျိုးမျိုးကို ဆာတယ်။ (စားလိုတယ်)
- ဗောဋ္ဌဗ္ဗတဏှာ = ကိုယ်ခန္ဓာက အထိအတွေ့ နူးညံ့မှုလေးတွေကို ဆာတယ်။ (ထိတွေ့လိုတယ်)
- ဓမ္မတဏှာ = စိတ်က အတွေးအာရုံအမျိုးမျိုးကို ဆာတယ်။ (တွေးနေလိုတယ်)

ဒါ့ကြောင့် အဘိဓမ္မာပိဋက ပဋ္ဌာနပါဠိ ဒေသနာတော်မှာ
- ရူပါယတနံ စက္ခုဝိညာန ဓာတုယာ
- သဒ္ဒါယတနံ သောတဝိညာန ဓာတုယာ
- ဂန္ဓာယတနံ ဃာနဝိညာန ဓာတုယာ
- ရသာယတနံ ဇိဝှာဝိညာန ဓာတုယာ
- ဗောဋ္ဌဗ္ဗာယတနံ ကာယဝိညာန ဓာတုယာ
- ဓမ္မာယတနံ မနောဝိညာန ဓာတုယာ တဲ့ ...
ဘာတွေ ဖြစ်ကုန်လဲ ဆိုတော့ ...
ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ
တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ (........... အာရမ္မဏ ပစ္စယေန ပစ္စယော။)
ဒါဆိုရင် ဖေဖေ နားလည်မှာပါ။ ကြိုးစားကြည့်လိုက်ပါအုံး။

အဲဒီ ဆာတဲ့တရားတွေကြောင့် ဆာမှုတွေဖြစ်၊ စိတ် စေတသိက်တွေဖြစ်
ဆင့်ကာ ဆင့်ကာ ဖြစ်လာတဲ့အခါ အဆာပြေဖို့ ဖြည့်ဆည်းဖို့ ရှာရင်းက
ကံတွေဖြစ် ဝိညာဏ်တွေဖြစ် နာမ်ရုပ်တွေဖြစ်ပြီး ဒုက္ခပင်လယ် ဝေတော့တာပါပဲ။
(ကမ္မ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ-တဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ရှုပါ)

အဲဒီ တဏှာတွေမှာ သုံးမျိုး သုံးစား ရှိနေပါတယ် ... ဘယ်လိုလဲ ဆိုတော့ ...
(၁) ဝီတိက္ကမ တဏှာ - ကာယကံ ဝစီကံမြောက် ကျူးလွန်ပစ်မှားခြင်း။
(သီလဆိုတာ ကာယကံနဲ့ ဝစီကံကို မလုပ်သင့် မပြောထိုက်တာတွေကို
စောင့်ထိန်းရတာမိုလို့ သီလအကျင့်နဲ့ ပယ်သတ်ရပါတယ် ...)

(၂) ပရိယုဋ္ဌာန တဏှာ - စိတ်ထဲမှာ ထကြွဆာခြင်း၊ တပ်မက်ခြင်း။
(စိတ်ကို အာရုံတစ်ခုခုမှ စူးစိုက်ပြီးထားရတဲ့ သမာဓိ၊ သမထ၊ ဝိပဿနာ
အကျင့်တွေနဲ့ ပယ်သတ်ရပါတယ် ...)

(၃) အနုသယ တဏှာ - အကြောင်းညီညွတ်တဲ့အခါမှာ ဖြစ်လာခွင့်ရှိတဲ့
နှလုံးသားထဲမှာ အတွင်းသဏ္ဍာန်မှာ နက်ရှိုင်းစွာ ငုပ်လျှိုးကိန်းဝပ်နေတဲ့ တဏှာ။
(ဝိပဿနာ မဂ်ပညာနှစ်မျိုးနဲ့ ပယ်သတ်ရပါတယ်) ဒီတဏှာမှာတော့ -
(က) အာရမ္မဏာ နုသယတဏှာ - အာရုံအပေါ်မှာ ကိန်းဝပ်နေတဲ့ တဏှာ။
မြင် ကြား နံ မွှေး စတာလေးတွေမှာ တပ်မက်တဲ့ စိတ်ကလေး ဖြစ်ပေါ်
သွားရတယ် ဆိုပါတော့ ... ပြန်ပြီး သတိရတဲ့အခါမှာ၊
ပြန်တွေးတဲ့ အခါမှာ တပ်မက်မှု ပြန်ဖြစ်လာခြင်းပါပဲ။
(ဝိပဿနာပညာလို့ ခေါ်တဲ့ အာရုံတွေကြုံတိုင်း မြင်ရင် မြင်တယ်၊
ကြားရင် ကြားတယ် ... သတိပဋ္ဌာန်နည်းနဲ့ ရှုပွားပယ်သတ်ရပါတယ် ...)
(ခ) သန္တာနာ နုသယတဏှာ - အခုကာလ တဏှာမဖြစ်သေးပေမယ့်
အကြောင်း ညီညွတ်တဲ့အခါမှာ ပြန်ဖြစ်ဖို့ စိတ်ထဲမှာ ကိန်းဝပ်နေတဲ့ တဏှာ။
(ဝိပဿနာဉာဏ်က ရမယ့် မဂ်ပညာနဲ့သာ ပယ်သတ်လို့ ရပါတယ်။)
မဂ်ပညာရဖို့ကျတော့ ဝိပဿနာအလုပ်ကို အမြဲအားထုတ်နေဖို့ လိုပါတယ်။

အဓိကအားဖြင့် သံသရာက လွတ်မြောက်လိုသူဟာ မဂ်ပညာကိုရအောင် ကြိုးစားအား
ထုတ်နေဖို့ လိုပါတယ် .... ဘာ့ကြောင့်လဲ ဆိုတော့ မဂ်ပညာရဲ့ ပယ်သတ်ခြင်းခံရတဲ့
တဏှာဟာ နောင်ကာလ ဘယ်တော့မှ ပြန်ဖြစ်ခွင့်မရှိလို့ပါပဲ။
တဏှာ နိရောဓော နိဗ္ဗာနံ - တဏှာချုပ်ငြိမ်းခြင်းဟာ နိဗ္ဗာန်ဆိုတဲ့အတွက်
နိဗ္ဗာန်ဓာတ်ကို ရလိုရောက်လိုတဲ့လူဟာ တဏှာ(ကိလေသာ)တွေကို
တားဆီးသတ်ဖြတ်နေဖို့ လိုပါတယ် ...

ဒါဆိုရင် ဘုရားစေတီတွေရှေ့ လူစည်ကားတဲ့အချိန် လူအထင်ကြီးအောင်
ပုတီးကုန်းစိပ်နေတာမျိုး၊ စိတ်ကတောရောက် တောင်ရောက်နဲ့ ခုနစ်အိမ်ကြား
ရှစ်အိမ်ကြား အစိန္တေယျ အစိန္တေယျ လုပ်နေတာမျိုး၊ ကိုယ့်အလှည့်ကျမှ ပုရိမာ
ပုရိမာ ထလုပ်ပြီး စားချင်တာစား၊ နေချင်သလိုနေ၊ ပြောချင်တာပြော
ခပ်ပေါပေါလုပ်နေတာမျိုးတွေမှာ တဏှာပယ်သတ်နေတဲ့ အလုပ် မပါတာကြောင့် ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ နိဗ္ဗာန် မဂ် ဖိုလ် ရက်တိုတိုနဲ့ ရပါလို၏ ဆုတောင်းနေရုံ၊ တဏှာပယ်သတ်မှုမပါဘဲ
ဘုရားရှိခိုး၊ ပုတီးစိပ်၊ သုတ်တွေ ရွတ်ပွားနေရုံ ဆိုရင်တော့ ရွှေပြည်တော်
မျှော်တိုင်းဝေး နေကြမှာ အမှန်ပါပဲ။

လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ စတဲ့ တဏှာအမျိုးအစားဟာ
အရေအတွက်အားဖြင့် တစ်ထောင့်ငါးရာ ရှိပါတယ်။ ဒါ့ကြောင့်လည်း
တစ်ထောင့်ငါးရာ ကိလေသာ လူသားတွေလို့ ဆိုကြတာပဲ မဟုတ်လား။
(သမီးရည်စား ချစ်မေတ္တာကို တစ်ထောင့်ငါးရာအချစ်လို့ ဖွဲ့ဆိုကြပေမယ့်
တပ်မက်တဲ့ အာရုံတိုင်းမှာ ကိလေသာတစ်ထောင့်ငါးရာ ပါဝင်ပါတယ် ...)

တဏှာထူပြော ငနူတောက လူပေါတစ်ကောင် မင်းမင်းအောင်ရဲ့
ရှေ့ဆောင်ဦးစေ ချစ်ဖေဖေရေ ...
Prevention is better than Cure - ကာကွယ်ခြင်းဟာ ကုသခြင်းထက်
ထိရောက်တယ် ဆိုတဲ့အတိုင်း မဖြစ်ပေါ်သေးတဲ့ တဏှာတွေကို
သီလအကျင့် (ကာယကံ ဝစီကံမြောက် ကျူးလွန်ခြင်းကို ထိန်းတဲ့အကျင့်)နဲ့
ကြိုတင်ကာကွယ်ရမှာ ဖြစ်သလို ဖြစ်ပေါ်ဆဲတဏှာတွေကို သတိလေးနဲ့
သမာဓိခိုင်ခိုင်ဆောက်ပြီး ဆက်လက်မဖြစ်ပေါ်အောင် ရှုပွားဆင်ခြင်ရမှာ
ဖြစ်ပါတယ် ... ဖြစ်ပေါ်ခဲ့ဖူးတဲ့ ရိုးရိုး(အာရမ္မဏာ) အနုသယတဏှာကိုကျတော့
ဝိပဿနာ အားထုတ်ခြင်းနဲ့ ပယ်သတ်ရမှာ ဖြစ်ပြီး အနူးညံ့ဆုံး အရိုးစွဲ
အနုသယတဏှာကိုတော့ ဝိပဿနာအားထုတ်ရာက
ရရှိလာမယ့် မဂ်ပညာတွေနဲ့ ဖိနှိပ်ညှဉ်းဆဲ သတ်ဖြတ်ရမှာ ဖြစ်ပါတယ် ...

သမာဓိရဖို့အတွက် သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းတရား ပွားများလိုတဲ့သူဟာ
သီလတည်းဟူသော မြေကြီးပေါ်မှာ အမှီပြုပွားများရမယ်လို့ မဟာသတိပဋ္ဌာန်
တရားတော်မှာ ဗုဒ္ဓဟောကြားခဲ့တာကြောင့် သံသရာကလွတ်မြောက်
နိဗ္ဗာန်ရောက်လိုတဲ့လူဟာ ပထမဆုံးအနေနဲ့ သီလလုံခြုံရမှာ ဖြစ်ပါတယ် ...
(ဒါ့ကြောင့်လည်း သားမောင်အနေနဲ့ သီလတရားကို အလေးအမြတ်ထားနေရခြင်းပဲ
ဖြစ်ပါတယ်။) သောတာပန္နော သီလေသု ပရိပူရကာရီ - သောတာပန်ပုဂ္ဂိုလ်ဟာ
သီလအရာမှာ ပြီးပြည့်လုံခြုံပြီးသူ ဖြစ်ရတာကိုလည်း လေ့လာသိရှိရပါတယ် ...
အနိမ့်ဆုံး စူဠသောတာပန်ပဲ ဖြစ်စေအုံး ... ရှစ်ဘဝမြောက် ပဋိသန္ဓေမနေရတော့ဘူး
လို့လည်း မြတ်ဗုဒ္ဓက ထုတ်ဖော်သဖြင့် နှုတ်တော်ဖွင့်ခဲ့ပါတယ် ချစ်ဖေဖေ ...

တကယ်လို့ တဏှာသုံးမျိုးအနက် အားလုံးကို တပြိုင်တည်း နှိမ်နှင်းနေတာမျိုး
မလုပ်နိုင်သေးရင်တောင် တောက်လောင်နေတဲ့ မီးထဲကို နောက်ထပ်
လောင်စာ ထပ်မထည့်တော့ရင် ကြာရှည် မလောင်ကျွမ်းနိုင်တော့သလို
ကာယကံ ဝစီကံမြောက် ကျူးလွန်ပြစ်မှားတဲ့ အကြီးစားတဏှာတွေ
ပြင်းထန် ထင်ရှားတဲ့ တဏှာတွေ (တကူးတက မရမနေ ကြိုးစားရတာတွေ)ကို
ထပ်မံ မဖြစ်ပေါ်နိုင်အောင် ကာယကံ ဝစီကံကို ထိန်းချုပ်တဲ့အကျင့်
သီလတရား အမြဲစောင့်ထိန်းခြင်းအားဖြင့်လည်း မဂ်ဉာဏ်ရောက်ကြောင်း
ဖြစ်တာကိုလည်း သုံးသပ်သိမြင်နိုင်ပါတယ် ချစ်ဖေဖေ ...

သုံးဆယ့်တစ်ဘုံ ရှိတဲ့အနက် ကာမဘုံမှာပါဝင်တဲ့ လူသားတွေအနေနဲ့
အားအကြီးဆုံးတဏှာ ဖြစ်ပေါ်စေနိုင်တာဟာ (ဖိုမဒွန်တွဲ)ကာမသုခနဲ့
ဓနဥစ္စာပါ။ ဗုဒ္ဓရဲ့ အကျယ်အားဖြင့် ကုဋေခြောက်သိန်း အကျဉ်းအားဖြင့်
၂၂၇ သွယ်သော ဝိနယသိက္ခာပုဒ်တွေကို ခြုံငုံလေ့လာသုံးသပ်ကြည့်ရင
ဒီအချက်တွေ (တဏှာဖြစ်စေမှုတွေ)ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်တားဆီး
ထားတာကို တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် ရှမ်းကျောင်းကြီးဆရာတော်
ဥုးစာရိတ္တက ရဟန်းတို့လည်ပင်းကို ဖြတ်တတ်သော အထက်မြက်ဆုံး
ဓားနှစ်စင်းသည် မိန်းမနဲ့ ငွေကြေးလို့ မိန့်ကြားတာပဲ ဖြစ်ပါတယ် ...

ဒီနေရာမှာ ရဟန်းဆိုတဲ့နေရာမှာ သံသရာက လွတ်မြောက်အောင်
ကျင့်ဆောင်သူအားလုံးကို သိမ်းယူထည့်လို့ရသလို မိန်းမ ဆိုတာထက်
ဖိုမဒွန်တွဲမှုက ဖြစ်ပေါ်လာတဲ့ ကာမတဏှာလို့ဆိုမှ မိန်းမယောက်ျား
အားလုံးအတွက် ပြည့်စုံမှာ ဖြစ်ပါတယ် ...
ဒါ့ကြောင့် ယောက်ျားလေးတွေအတွက် မိန်းမတွေအပေါ်မှာ အခြေပြုပြီး
ဖြစ်ပေါ်လာမယ့် ကာမတဏှာဟာ အားအကြီးမားဆုံးဖြစ်စေတာကို
သုံးသပ်သိမြင်ခဲ့တဲ့ သားမောင်ဟာ ငယ်စဉ်ကတည်းက ကာမဂုဏ်အာရုံကို
အထူးစောင့်ထိန်း ရှောင်ကြဉ်ခဲ့ပါတယ် ... ကာမေသုမိစ္ဆာစာရာ - သူတပါး
သားမယား ပြစ်မှားခြင်းကို မဆိုထားနဲ့။ အဗြဟ္မစရိယာ - (မမြတ်သော)
မေထုန်အမှုကို ပြုကျင့်ရမှာကြောက်သလို ဖြစ်ပေါ်မှာကိုလည်း စိုးကြောက်ခဲ့
တာကြောင့် မိန်းမနဲ့ပတ်သက်လာရင် အလေးအမြတ် ရှောင်ကြဉ် ထိန်းသိမ်း
နေထိုင်ခဲ့ပါတယ် ... ဥပေါသထ- ကိုးပါးသီလနဲ့၊ အာဇီဝဋ္ဌကမ ရှစ်ပါးသီလတွေကို
စောင့်ထိန်းကျင့်သုံးတဲ့အခါမှာ အခါအားလျော်စွာ အခြေအနေအကြောင်း
အမျိုးမျိုးကြောင့် အခြားသီလသိက္ခာပုဒ်တွေမှာ ထိခိုက်ညှိုးနွမ်းတာမျိုး
ရှိခဲ့ဖူးပေမယ့် ဒီကာမ(ကာမေသု)သိက္ခာပုဒ်မှာတော့ ယနေ့ (28.6.06) တိုင်ထိ
ကျိုးပြတ်ခြင်း ညှိုးနွမ်းခြင်း ထိခိုက်ပွန်းပဲ့ခြင်း အလျဉ်း မရှိခဲ့သေးပါဘူး ...
(တေနသစ္စေန ဗောဓိဉာဏဿ ပစ္စယော ဟောတု- ဒီအမှန်စကားပြောကြား
ရခြင်းသည် သံသရာကလွတ်ကြောင်း အထောက်အပံ့ ဖြစ်ပါစေသား)

ဒီကာမသိက္ခာပုဒ်ကို ကာယကံ ဝစီကံမြောက် မဖြစ်ရအောင် သီလအကျင့်
(ကိုယ်ကျင့်တရားကောင်း)နဲ့ စောင့်စည်းထိန်းသိမ်းခဲ့သလို လူပျိုတစ်ဦးရဲ့
သဘာဝအရ စိတ်ထဲမှာ ထကြွမွတ်သိပ်ဆာလောင်ခဲ့ရင်တောင် ဆင်ခြင်ခြင်း
ရှုမှတ်ခြင်းတွေနဲ့ နှိပ်ကွပ်နိုင်ခဲ့ပါတယ် ချစ်ဖေဖေ ... ဒါ့ကြောင့် သွေးသားဆန္ဒပြ
အရွယ်မို့ ရည်းစားထားတယ် ဆိုတဲ့ ဖေဖေရဲ့စကားကို သားမောင် တုန်လှုပ်
ခဲ့ရသလို ထို့ကြောင့်ဤသို့ဆိုတာကို လုံးဝဥဿုံ ငြင်းဆိုပါတယ် ...
ဖေဖေ ထပ်ပြောချင်သေးတယ်ဆိုရင်တော့ သားမောင် နားထောင်ပေးပါ့မယ် ...
ကလိထိုးပေးပြီးမှ ပြောပါ။ (ဖွယ် ... ရိုင်းပလေ ... ရာဂီမြူမျှင် စွန်းမထင်တဲ့
ရွှေစင်ခဲကို ပြောရက်ပလေ ... လူ့တိုင်းပြေမှာ (ကြားဖို့မှမတော် ကျော်ဖို့မှမကောင်း)
နေဖို့လည်းမကောင်း ရွှေရင်ကြားကို ဓားနဲ့မွေ သတ်သေဖို့သာ ကောင်းတော့တယ်
ဆိုတာ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ် ...)

သွေးသားဆန္ဒပြလို့ ချစ်သူရှာတယ်ဆိုရင် သိက္ခာကျခံစရာတောင် မလိုပါဘူး ...
သားမောင်နေတဲ့ ကျောင်းလမ်းဂိတ်ရဲ့ မလှမ်းမကမ်းက ကန်သာယာနဲ့ မြင်းလှည်းဂိတ်
မှာ ညနေဆိုရင်ညဥ့်ငှက်လှလှကလေးတွေ ၄၀၀၀/၅၀၀၀။ တည်းခိုခန်းမှာ တစ်ညတာ
နားနေခက ၂၀၀၀/၂၅၀၀။ ယိုးဒယားဘက် အောက်လမ်းက ဝင်လာတဲ့ စိတ်ထ/
စိတ်ကြွဆေးက ၆၀၀။ ပေါမှ ပေါဗျာ ... လူပျိုလေး တစ်ယောက် ပျက်စီးဖို့ ဆိုတာ
လွယ်မှ လွယ်။ အဲ- ကွန်ဒုံးဆိုတာက ၃၀။
ကဲ- ဘဲဥပြုတ် အခွံခွာစားရတာကမှ ခက်ဦးမယ်နော့။
အကွပ်မဲ့ ကြမ်းတွေက ဗရမ်းဗတာ။

အဲထဲမှာ သားမောင်တော့ မပါဘူးပေါ့ဗျာ ...
ဆရာကောင်း တပည့် အမိကောင်း သား မဟုတ်လား ...
(ဟင် စကားပုံကြီးကလည်း ဖေဖေ့သားလို့တောင် မပါ ပါလားဗျ)
=========================================

ဒီစာစုလေးကတော့ အသက် 25 နှစ်အရွယ်လောက်က ချစ်သူတစ်ယောက်
ထားခဲ့တဲ့အချိန်မှာ ချစ်သော ဖေဖေက သားမောင်အတွက် မေတ္တာထားပြီး
မမှားသင့်တာ မမှားရအောင် (ချစ်သူရွေးတတ်စေဖို့) ရေးသားပေးပို့တဲ့
မေတ္တာစာလွှာကို ပြန်လည်ရှင်းလင်း ရေးသားပေးပို့လိုက်တဲ့
( ဖေဖေထံစေ စာပလွေ သို့မဟုတ် မေတ္တာထောင်ထု ချစ်မှုရယ်တဲ့ ပိုခဲ့တယ်)
ကျွန်တော့်ရဲ့ ဘဝအထ္ထုပ္ပတ္တိစာစုမှတ်တမ်းကနေ ထုတ်နှုတ်ထားတာပါ ...

ဒီစာစုထဲမှာ သီလ ဘာ့ကြောင့် စောင့်ထိန်းရတယ်၊ သီလစောင့်ခြင်းရဲ့ အဓိက
ရည်ရွယ်ချက်၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်လမ်းစဉ်၊ တဏှာရဲ့သဘော၊
တဏှာ ပယ်သတ်ပုံတွေကို ရှင်းလင်းစွာ လေ့လာသိရှိနိုင်တဲ့အတွက် ကုသိုလ်တရား
တိုးပွားနိုင်ကြစေဖို့ ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ် ...
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...