Ads (728x90)



ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်ကို အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သံသယ ဖြစ်မိကြောင်း အောက်တိုဘာလ ၃ ရက်နေ့ ည ၈နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနများမှ တစ်ဆင့် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်ကို ထုတ်ပြန် ကြေညာသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း နေပြီဟု ယုံကြည်၍ ရခိုင်ပြည်နယ်၏ ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လေ့လာရန်၊ ပြည်ထောင်စု အစိုးရအနေနှင့် ကူညီသင့် သည်များကို အကူအညီပေးရန် လာရောက်သည့် ခရီးစဉ်တွင် သာမန်အငြင်းပွားမှု တစ်ခုမှ ပဋိပက္ခ များ ပေါ်ပေါက်ခဲ့ကြောင်း၊ ၎င်းလာချိန်တွင် အချိန်ကိုက် လုပ်ဆောင်ခြင်းဟု သံသယဖြစ်စရာ ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုသည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ရှိ ရခိုင်၊ ကမန်တိုင်းရင်းသား မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်နှင့်ကမန်တိုင်းရင်းသားများသည် နှစ်ပေါင်းများစွာ အေးချမ်းစွာအတူနေထိုင်ခဲ့သူများ ဖြစ်ပြီး ဘေးပယောဂကြောင့်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ပြဿနာများကိုအကြမ်းဖက်မှုဖြင့် ဖြေရှင်း၍မရနိုင်သဖြင့် ဆွေးနွေးမှုများဖြင့်သာအဖြေရှာရန်လိုအပ်ကြောင်းသမ္မတကဆိုသည်။

ပဋိပက္ခများတွင် အခြေခံဥပဒေက ပေးထားသည့် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ တရားဥပဒေ စိုးမိုးရေးကို မဖြစ်ဖြစ်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောကြား သည်။

နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်သို့ အောက်တိုဘာလ တစ်ရက်နေ့မှ သုံးရက်နေ့ထိ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲမြို့များသို့ ရောက်ရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထားပြီး ယနေ့ (အောက်တိုဘာလ ၃ ရက်) ညပိုင်းတွင် ဒေသခံများကို ထပ်မံ ဖမ်းဆီးနေကြောင်း သံတွဲမြို့ခံများက ပြောကြားသည်။
“အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေလို့ နောက်မှ ဖုန်းဆက်ပါ” ဟု အဆိုပါ အဖွဲ့မှ ဦးမြင့်မိုးက အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီတွင် ဖြေကြားသည်။

ရွှေလှေကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ အကြမ်းဖက်မှုတွင် အနီးအနားမှ ဆင်ခေါင်း၊ ညောင်ခြေထောက်၊ အိမ်တန်းကြီး ကျေးရွာတို့မှ ဒေသခံ အချို့က အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီနှင့် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နာရီတို့တွင် ဝင်ရောက် မီးရှို့ခဲ့မှုကြောင့် နေအိမ် စုစုပေါင်း ၅၀ ကျော် မီးရှို့ခံခဲ့ရပြီး လူငါးဦး သေဆုံးခဲ့ကြောင်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံ MRTV မှတစ်ဆင့် အောက်တိုဘာလ ၃ ရက်နေ့ ည ၈နာရီတွင် ကြေညာသည်။

ကမန်တိုင်းရင်းသားများသည် ရခိုင် တိုင်းရင်းသားများနှင့် နှစ်ပေါင်း ကြာရှည်စွာ အတူတ ကွ နေထိုင်ခဲ့ပြီး ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း ဆင်ခေါင်း၊ ညောင်ခြေထောက်၊ အိမ်တန်း ကြီး ကျေးရွာများသို့ ပြောင်းရွှေ့လာသည့် ပျံကျ လုပ်သားများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

သဗြုချိုင်ကျေးရွာ အပါအဝင် ကျေးရွာများ၌ အကြမ်းဖက်မှုတွင် ကြိုတင်၍ သာသနာ့အလံ လွှင့်ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ သာသနာ့ အလံကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓ ဘာသာနေ့တွင် ဗီနိုင်းများဖြင့် ရပ်ကွက် ကျေးရွာများတွင် ချိတ်ဆက်ခြင်း၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှု ရှိခဲ့ပြီးနောက် အလံများအား အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း၊ ဒေသခံများ အနေနှင့် အကြမ်းဖက်ခံရမှုတွင် မပါဝင်ရန် အလံငယ်များ ဝယ်ယူခဲ့ခြင်း၊ အကြမ်းဖက်မှု ပြုလုပ်စဉ် အလံများကို ကြိုတင် လွှင့်ထူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

The Voice

Ref ; http://www.oppositeyes.info/2013/10/blog-post_3043.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...