ကချင်ပြည်နယ်ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော
ဒေသခံတိုင်းရင်းသားများအား အောက်တိုဘာ ၂ ရက်နေ့မှစ၍
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံးမှ နှစ်စဉ်ကောက် ခံနေသော ဆန်၊ဆီ၊ဆား နှင့် ငွေကြေးတို့ကို လာရောက်ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာ (၃၀) ရက်နေ့အထိ ကချင်ပြည်နယ် မန်စီမြို့နယ်တွင်း၌
တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဆဒုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကလည်း
တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာမှာကို စိုးရိမ်ထိတ် လန့်နေရသော
ကာလဖြစ်ကြောင်း ယင်းမြို့ခံ တစ်ဦးက ဆိုသည်။
“ မြစ်ကြီးနားမှာ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ ကြိုတင်တွေ့ဆုံ ညှိနှိုင်းနေကြတယ်လို့
ကြားတယ်၊ ဒါပေမယ့် မန်စီဘက်မှာ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က တိုက်ပွဲတွေ
ဖြစ်နေတယ်လို့ သိရတယ်၊ ဒါဆိုရင် ဒေသခံတွေက ဘယ်ဟာကို အားကိုး ယုံကြည်ပြီး
စိတ်အေးလက်အေး နေရမှာလဲ မပြော တတ်တော့ပါဘူး ” ဟု မြို့ခံတစ်ဦးဖြစ်သူ
ဦးလောဂျာက ပြောပြသည်။
“ မနေ့က ဆမားဟောရွာက
ရွာသားသုံးလေးယောက် အိမ်ကို လာပြောကြတယ်၊ တစ်အိမ်ထောင်ကို ဆန်တစ်တင်း၊ ဆီ
(၅) ပိဿာ ၊ ဆား (၁) ပိဿာနဲ့ ငွေတစ်သောင်း KIO ဆဒုံးတိုက်နယ် ရုံးက
တောင်းထားတယ်လို့ ပြောကြတယ်၊ နယ်မြေမအေးချမ်းတဲ့ ကာလမှာ ရွာသူရွာသားတွေ
ကျီးလန့် စာစား ဖြစ်နေကြရတဲ့အထဲ အဲဒီလို တောင်းရမ်းမှုတွေက
အရမ်းစိတ်ပျက်စရာကောင်းတာပေါ့ဗျာ ” ဟု ဆက်လက်ပြောပြသွားသည်။
အဆိုပါ ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်ကြသော
ဒေသခံတိုင်းရင်းသားများမှာ နယ်မြေဒေသ အေးချမ်းမှုမရှိသေး၍
မိရိုးဖလာတောင်ယာလုပ်ငန်းများကို ကောင်းစွာ မလုပ်ခဲ့ရသဖြင့် မိသာစုစားဝတ်နေရေး အဆင်ပြေ အောင် ဖြစ်သလို ရုန်းကန်ရှာဖွေစားသောက်နေရကြောင်း၊
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များစွာက လည်း
ကျေးရွာတိုင်းလိုလို၌ ၀င်/ထွက် သွားလာနေပြီး လိုအပ်သောရိက္ခာနှင့်
ဆက်ကြေးများ တောင်းရမ်းနေသောကြောင့် ဒေသခံများမှာ စားဝတ်နေရေး
ပိုမိုကြပ်တည်းနေရကြောင်း ၊ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှာကိုလည်း
စိုးရိမ်ပူ ပန်နေရ ကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
အယ်နော်ဆိုင်း
Ref ; http://www.oppositeyes.info/2013/10/kio.html
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။