Ads (728x90)




ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ဆန်းဒါးလန်းအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဆန်းဒါးလန်းရဲ့ အလင်းရောင် အားကစားကွင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဒီနေ့ တွေ့ဆုံကြတဲ့ ၂ သင်းစလုံးဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလာဒ်ဆိုးများနဲ့ ကြုံတွေ့နေကြရတဲ့ ၂ သင်းဖြစ်ပြီး ဒီနေ့ပွဲမှာ ရလာဒ်ကောင်း ရယူနိုင်ဖို့ နှစ်သင်းလုံး ကြိုးစားလာနိုင်တဲ့ ပွဲတစ်ခု ဖြစ်တဲ့အတွက် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက် နည်းပြ ဒေးဗစ် မိုယေးစ်အနေနှင့် ဖိအားတွေ ရင်ဆိုင်နေရပြီ ဖြစ်သလို ဆန်းဒါးလန်းနည်းပြဖြစ်ခဲ့သူ ဒီကာနီယိုဟာလည်း အလုပ်ထုတ်ခံခဲ့ရပြီး ယာယီနည်းပြနဲ့သာ နှစ်ပါးသွားနေရတဲ့ ကာလ ဖြစ်ပါတယ်။
ပွဲထွက် ကစားသမားများအဖြစ် အိမ်ရှင် ဆန်းဒါးလန်းအသင်းမှာ ဂိုးသမား ဝက်စ်ဝုဒ်၊ နောက်တန်းမှာ ဆယ်လုကာ၊ အသင်းခေါင်းဆောင် အိုရှေး၊ ရိုဘာ့ဂ်နှင့် ကိုးလ်ဘတ်ခ်တို့ ပါဝင် ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ကာတာမိုး၊ ကီ၊ အဒမ် ဂျွန်ဆင်နှင့် ဂါ့ဒ်နာတို့ ပါဝင်လာပြီး တိုက်စစ်မှာ ဂီယာချာဒီနီနှင့် အယ်လ်တီဒိုရီတို့ ဦးဆောင် ကစားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ အီဗရာ၊ ဗီဒစ်၊ ဖီးလ်ဂျုန်းနှင့် ရာဖေးလ်တို့ နေရာယူထားပါတယ်။ ကွင်းလယ်မှာ နာနီ၊ မိုက်ကယ်ကာရစ်၊ ကလဲဗားလေးနှင့် လူငယ်ကစားသမားလေး အက်ဒ်နန် ဂျနုဇတ်တို့ ပွဲထွက်လာပြီး တိုက်စစ်မှူးများအဖြစ် ဗန်ပါစီနှင့် ဝိန်းရူနီတို့ ဦးဆောင် ကစားမှာ ဖြစ်ပါတယ်။
အရှုံးရလာဒ်များကြားကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြတဲ့ အသင်းများ ပီပီ ပွဲအစကတည်းက မြန်မြန်ဆန်ဆန် တိုက်စစ်ဆင် ကစားခဲ့ကြပါတယ်။ အိမ်ရှင် ဆန်းဒါးလန်းအသင်းဟာ ကစားကွက် မြန်မြန်နဲ့ စတင် ပွဲထွက်လာပြီး ပွဲချိန် အစ ၅ မိနစ်မှာ အဖါင့်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။ ဖီးလ်ဂျုန်းနှင့် ဗီဒစ်တို့ရဲ့ ဖျက်ထုတ်ပုံ အမှားကနေတစ်ဆင့် ဆန်းဒါးလန်း ကွင်းလယ်လူ ဂါ့ဒ်နာရှေ့မှ ကျသွားတဲ့အတွက် ဂါ့ဒ်နာက အကောင်းဆုံး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရလာဒ်ဆိုးတွေနဲ့ မန်ယူနိုက်တက်အတွက်တော့ အိမ်မက်ဆိုး တစ်ခုပါပဲ။ ဒီဂိုး ပေးလိုက်ရတဲ့အတွက် မန်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၇ ပွဲစလုံး ပေးဂိုး အနည်းဆုံး တစ်ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။ ညံ့ဖျင်းတဲ့ ခံစစ်ပါပဲ။
ဂိုးပေးလိုက်ရပြီးတဲ့နောက် မန်ယူနိုက်တက်ဖက်ကလည်း ချေပဂိုး ရယူဖို့ ကြိုးစားလာခဲ့ပြီး ၇ မိနစ်မှာ နာနီ အဝေးကနေ လှမ်းကန်ခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ်မှာတော့ ဆန်းဒါးလန်းအနေနှင့် နောက်ထပ် တစ်ဂိုးရဖို့ အတော်နီးစပ်ခဲ့ပါတယ်။ မန်ယူ ကစားသမားတစ်ယောက်ရဲ့ အမှားကနေ တစ်ဆင့် ဂါ့ဒ်နာ ဘောလုံးရသွားပြီး ဆန်းဒါးလန်း ကစားသမား ၃ ယောက်၊ မန်ယူ နောက်ခံလူ တစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အနေအထားပါ။ ဒါပေမယ့် ဂါ့ဒ်နာ အချိန်ဆွဲနေတဲ့အတွက် နောက်က ပြေးလိုက်လာတဲ့ ဖီးလ်ဂျုန်းက ဖျက်ထုတ်နိုင်ခဲ့လို့သာ မန်ယူတို့ သက်သာခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ဆန်းဒါးလန်းကစားပုံဟာ မာမာထန်ထန်နဲ့ အသင်းလိုက်ကစားပုံ အင်မတန် ကောင်းမွန်နေပါတယ်။ ကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ ဂျက်ခရီနီ၊ ဂျွန်ဆင်နှင့် ဂါ့ဒ်နာတို့ အထူးကောင်းမွန်နေခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်ဖက်ကလည်း ချေပဂိုး ရဖို့ ကြိုးစားမှုတွေ တွေ့ရပြီး ၁၇ မိနစ်မှာ ဧရိယာထိပ်ကနေ ဂျနုဇတ် အပြင်း ကန်သွင်းခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်မှာလည်း တိုင်ဘေးက ကပ်ထွက်သွားခဲ့တဲ့အတွက် နစ်နာခဲ့ရပါတယ်။
၁၈ မိနစ်မှာတော့ မန်ယူ ဧရိယာထိပ်နားမှာ ဗီဒစ် ဖျက်ထုတ်ပုံ ကြမ်းတဲ့အတွက် ပြစ်ဒါဏ်ဘော ကန်ခွင့် ပေးရပါတယ်။ ဒီပြစ်ဒါဏ်ဘောကို ဂျက်ခရီနီ ကန်သွင်းခဲ့ပေမယ့် လူတံတိုင်းကို ထိပြီး ဒီဂီအာ ဖမ်းယူနိုင်ခဲ့ပါတယ်။ ၂၀ မိနစ်မှာ မန်ယူနိုက်တက်အတွက် အခွင့်အရေးကောင်း တစ်ခု ထပ်ရခဲ့ပေမယ့် ဒီတစ်ကြိမ်လည်း ဂိုးပေါက် မတည့်ခဲ့ပါဘူး။ အီဗရာ မတင်ပေးလိုက်တာကို နာနီ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့တာပါ။ မြေမကျဘော ကန်သွင်းခဲ့ပြီး ဂိုးပေါက် လွဲချော်ခဲ့တာဖြစ်ပါတယ်။
၂၁ မိနစ်မှာလည်း ဂျနုဇတ် အဝေးကနေ ကန်သွင်းခဲ့ပါသေးတယ်။ ကန်ချက်ပျော့တဲ့အတွက် ဆန်းဒါးလန်း ဂိုးသမား အေးအေးဆေးဆေး ဖမ်းယူနိုင်ခဲ့ပါတယ်။ လူငယ် ကစားသမားလေး ဂျနုဇတ်ဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပြ ကစားနေခဲ့ပေမယ့် ဂိုးသွင်းယူဖို့ ဆန္ဒစောနေပုံ ရပြီး အဝေးကနေ လှမ်းလှမ်းကန်နေတဲ့အတွက် အခွင့်အရေးတွေ ဖြုန်းတီးနေသလိုဖြစ်နေခဲ့ပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ဒီနေ့ပွဲအတွက် အထူး ပြင်ဆင်နိုင်ခဲ့ပုံရပြီး အသင်းလိုက် ကစားပုံ အတော့်ကို ကောင်းမွန်နေခဲ့ပါတယ်။ တစ်သင်းလုံး အဆင်းအတက် ညီညီညာညာနဲ့ မမောတမ်း၊ မနားတမ်း ကစားနေခဲ့ကြတာပါ။ ဦးဆောင်ဂိုးလည်း သွင်းယူထားနိုင်ပြီ ဖြစ်တဲ့အတွက် ဒီနေ့မှာတော့ ဆန်းဒါးလန်းအသင်း ရလာဒ်ကောင်းသွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ၃၃ မိနစ်မှာလည်း ဆန်းဒါးလန်းအသင်း ဒုတိယဂိုး ရသွားနိုင်တဲ့ အခွင့်အရေး တစ်ခု ရခဲ့ပါတယ်။ ဂျွန်ဆင် မတင်ပေးလိုက်တဲ့ ဘောလုံးကို ဂျက်ခရီနီ ခေါင်းတိုက် သွင်းတာ သိပ်ကောင်းခဲ့ပေမယ့် ဂိုးသမား ဒီဂီအာ လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်လိုက်နိုင်တဲ့အတွက် ဆန်းဒါးလန်းအတွက် နစ်နာခဲ့ရပါတယ်။ ခေါင်းတိုက်သူရော ပုတ်ထုတ်သူပါ အင်မတန် ကောင်းခဲ့တာ ဖြစ်ပါတယ်။
မိနစ် ၄၀ မှာ မန်ယူနိုက်တက်အတွက် ဂိုးရဖို့ နီးစပ်တဲ့အနေအထား တစ်ခု ရခဲ့ပါတယ်။ နာနီ မြေမကျဘော အပြင်း ကန်သွင်းတာ သိပ်ကောင်းပေမယ့် ဆန်းဒါးလန်း ဂိုးသမား ဝက်စ်ဝုဒ် ပုတ်ထုတ် ကာကွယ်လိုက်နိုင်ပါတယ်။ အဲဒီလိုပဲ ဆန်းဒါးလန်းအသင်းကလည်း ၄၃ မိနစ်မှာ ဂိုးရလုနီးပါး အခွင့်အရေး ရခဲ့ပါသေးတယ်။ ဂျွန်ဆင်ရဲ့ ခြေစွမ်းပြ ထိုးဖောက်မှုကနေတစ်ဆင့် ဂျက်ခရိုနီ ဂိုးပေါက် ရှေ့တည့်တည့်ကနေ ကန်သွင်းခွင့်ရခဲ့ပေမယ့် အပေါ် ထောင်သွားခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ပထမပိုင်း ပြီးဆုံးသွားခဲ့ပြီး ဆန်းဒါးလန်းအသင်းက တစ်ဂိုးအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ကစားပုံအရ ဆန်းဒါးလန်းအသင်းကို ချီးကျူးရမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနှင့် ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာနှုန်းအထိ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းအသင်းဟာ ဘောလုံးပိုင်ဆိုင်ချိန်မှာ တစ်သင်းလုံး တိုက်စစ်ဆင်ခဲ့သလို ဘောလုံးဆုံးရှုံးသွားချိန်မှာလည်း တစ်သင်းလုံး ဆင်းပြီးတော့ ခုခံကစားနိုင်ခဲ့ကြတဲ့အတွက် မန်ယူနိုက်တက်အတွက် ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဘောလုံးဆုံးရှုံးနေချိန်မှာ ၃ ယောက်၊ ၄ ယောက် စုပြုံ ဖျက်ထုတ်ခဲ့ကြတဲ့ ဆန်းဒါးလန်း ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုအရ တစ်ဂိုး အသာစီး ရလာဒ်ဟာ ထိုက်တန်တဲ့ ရလာဒ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ တစ်ချိန်လုံး ဖိအားပေး တိုက်စစ်ဆင်နေပေမယ့် ဆန်းဒါးလန်းရဲ့ တန်ပြန် တိုက်စစ်ကို မန်ယူနောက်တန်းသမားတွေ အသည်းအသန် ဖျက်ထုတ် ကာကွယ်နေခဲ့ရတာာပါ။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ နှစ်ဖက်အသင်း လူစာရင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပြီး မန်ယူနိုက်တက်က ချေပဂိုး ရဖို့ ကြိုးစားတဲ့အနေနဲ့ ၄၇ မိနစ်မှာ ရူနီ ဖန်တီးပေးတဲ့ ဘောလုံးကို နာနီ ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ကန်ချက်က အင်မတန် ပျော့တဲ့အတွက် ဘာမှ အရာမထင်ခဲ့ပါဘူး။ ၄၈ မိနစ်မှာတော့ လူငယ်ကစားသမားလေး ဂျနုဇတ် အဝါကဒ် ပြသခံခဲ့ရပါတယ်။ ဆန်းဒါးလန်း ဧရိယာထဲမှာ နောက်ခံလူ ၃၊ ၄ ယောက်ကြားထဲမှာ အတင်း ရုန်းထွက်ရင်း လဲကျခဲ့တဲ့အတွက် ဟန်ဆောင်လှဲချမှုနဲ့ အဝါကဒ် ပြသခံရတာ ဖြစ်ပါတယ်။ လံကျချိန်မှာ နောက်ခံလူတွေနဲ့ ထိထိမိမိ မဖြစ်ခဲ့တဲ့အတွက် အဝါကဒ် ပြသရမယ့် အနေအထားပဲ ဖြစ်ပါတယ်။
 
၅၄ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်အတွက် အဖိုးတန် ချေပဂိုး တစ်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။ ဘယ်ခြမ်းကနေ အီဗရာ အနိမ့်ဘော ခင်းပေးလိုက်တာကို အက်ဒ်နန် ဂျနုဇတ် ကန်သွင်းပြီးတော့ ချေပဂိုး ရယူလိုက်တာ ဖြစ်ပါတယ်။ ဂျနုဇတ်အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခါင့် ရတဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ဂျနုဇတ် သွင်းယူလိုက်တဲ့ ဂိုးဟာ ဒီနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးရဲ့ ၁၅၀ မြောက် ဂိုး ဖြစ်ပါတယ်။
 
၅၇ မိနစ်မှာလည်း အခွင့်အရေး တစ်ခု ထပ်ရခဲ့ပြီး အီဗရာ တင်ပေးတဲ့ ဘောလုံးကို ဗန်ပါစီ မြေလှိမ့်ဘော ကန်သွင်းနိုင်ခဲ့ပေမယ့် ဝက်စ်ဝုဒ် ကာကွယ်နိုင်ခဲ့ပါတယ်။
 
မိနစ် ၆၀ မှာတော့ မန်ယူနိုက်တက်တို့ အနိုင်ဂိုး သွင်းယူလိုက်နိုင်ပါပြီ။ ညာခြမ်းကနေ နာနီ မတင်လိုက်တာကို ဆန်းဒါးလန်း နောက်ခံလူ ခေါင်းတိုက် ဖျက်ထုတ်တာ မသပ်ရပ်ခဲ့ပဲ ဂျနှုဇတ်ဆီ ရောက်သွားရာမှာ ဂျနုဇတ်က မြေမကျဘော ကန်သွင်းလိုက်ရာမှာ ညာဖက် ဂိုးတိုင်ခြေနားကို ကပ်ဝင်သွားတဲ့အတွက် ဝက်စ်ဝုဒ် ဘာမှ မတတ်နိုင်လိုက်ပဲ အနိုင်ဂိုး ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး အဝေးကန်ချက်တွေနဲ့ အခွင့်အရေးတွေ ဖြုန်းတီးနေခဲ့တဲ့ ဂျနုဇတ်ဟာ ဒုတိယပိုင်းမှာတော့ ၂ ဂိုး ဆက်တိုက် သွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ၁၈ နှစ်နှင့် ၂၄၂ ရက် အသက်အရွယ်ရှိ ဂျနုဇတ်ဟာ မန်ယူနိုက်တက်အတွက် တစ်ပွဲအတွင်းမှာ ၂ ဂိုး သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်သွားပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို၊ ရူနီနှင့် ရိုင်ယန်ဂစ်တို့ကို ဖြတ်ကျော်ပြီး အသက်အငယ်ဆုံး တစ်ပွဲအတွင်းမှာ ၂ ဂိုး သွင်းယူနိုင်သူအဖြစ် မှတ်တမ်း ဝင်သွားတာ ဖြစ်ပါတယ်။ နောက်ထပ် မှတ်တမ်း တစ်ခုလည်း ရေးထိုးခဲ့ပါသေးတယ်။ မန်ယူနိုက်တက်ကစားသမားအဖြစ် ပထမပွဲထွက် ကစားခွင့်ရတဲ့ ပထမဆုံး ပွဲမှာ ၂ ဂိုး သွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။ ရုဒ် ဗန် နစ္စတယ်ရွိုင်းဟာလည်း ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့် ရတဲ့ ပထမဆုံးပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
 
၇၃ မိနစ်မှာတော့ ရူနီတစ်ယောက် အခွင့်အရေး တစ်ခု ဖြုန်းတီးခဲ့ပါတယ်။ ရာဖေးလ်ဆီကနေ တစ်ဆင့် ရလာတဲ့ ဘောလုံးကို ရူနီ ရသွားပြီး နောက်ခံလူ တစ်ယောက်ကို လှည့်ထွက်ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ တစ်ခြားစီ ဖြစ်ခဲ့ပါတယ်။ ၇၅ မိနစ်မှာတော့ မန်ယူနိုက်တက်ဟာ လူစားလဲမှု ၂ ခု တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။ နာနီအစား ဝဲလ်ဘတ် ဝင်ကစားပြီးတော့ ဂျနုဇတ်အစား ဗလင်စီယာ ဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
 
မိနစ် ၈၀ မှာ ရာဖေးလ် ဧရိယာထိပ်နားအထိ ဆွဲသွားပြီး မြေလှိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ဝက်စ်ဝုဒ်အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှာတော့ ဆန်းဒါးလန်းဖက်ကလည်း ပြန်လည် ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီဂီအာ ကာကွယ်ရတဲ့အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ ၈၄ မိနစ်မှာ ဒါဏ်ရာ အနည်းငယ် ရရှိနေတဲ့ ရာဖေးလ်ကို ထုတ်ပြီး စမောလင်း ဝင်ရောက် ကစားခဲ့ပါတယ်။
 
၈၈ မိနစ်မှာတော့ ဗန်ပါစီတစ်ယောက် အခွင့်အရေးကောင်း တစ်ခု ဖြုန်းတီးခဲ့ပါတယ်။ ဗလင်စီယာ အစွမ်းပြ လှည့်ထွက်လာပြီး ဗန်ပါစီကို ထုတ်ပေးလိုက်ရာမှာ နောက်ခံလူတွေ ဘာမှ မတတ်နိုင်တော့ပဲ ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ ဒီနေ့ ခြေစွမ်း မပြနိုင်တဲ့ ဗန်ပါစီအနေနှင့် အပိုင် အခွင့်အရေးတစ်ခု ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းကတော့ ဒုတိယပိုင်းမှာ ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်မှ မရှိခဲ့ပဲ နာကျင် အချိန်ပို ၄ မိနစ်ရောက်မှ တစ်လုံးကန်သွင်းခဲ့ပေမယ့် အဲဒီ ဘောလုံးကလည်း နောက်ခံလူတွေနဲ့ ပိတ်မိနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန်းဒါးလန်းအသင်းက ချေပဂိုး ရဖို့ အသည်းအသန် ကြိုးစားခဲ့ကြပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်တော့ပဲ ၁-၂ ဂိုး ရလာဒ်နဲ့ပဲ မန်ယူနိုက်တက်က အနိုင်ရသွားခဲ့ပါတယ်။
 
ဒီနေ့ပွဲစဉ်မှာ နှစ်ဖက်အသင်း အထူး ကြိုးစားကစားခဲ့ကြတာကို တွေ့ရပါတယ်။ ဆန်းဒါးလန်းအသင်းဟာ အသင်းလိုက် ညီညီညာညာ အတက်အဆင်း ကစားခဲ့ကြသလို မန်ယူနိုက်တက်အသင်းကလည်း ကြိုးစား ကစားခဲ့ကြတာကို တွေ့ရပါတယ်။ ရလာဒ်ဆိုးများ ဆက်တိုက်ကြုံနေတဲ့ နှစ်သင်းရဲ့ ပွဲဖြစ်တာနဲ့ အညီ ရမှတ် ရယူနိုင်ရေးအတွက် အသည်းအသန် တိုက်ပွဲ ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းရဲ့ ကစားအားကို အသိအမှတ်ပြုရမှာ ဖြစ်သလို မန်ယူနိုက်တက်အနေနဲ့လည်း အရှုံးရလာဒ်ကနေ ပြန်လာနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစား သွားကြတာကို တွေ့ရမှာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီနေ့ အနိုင်ရမှတ် ၃ မှတ် ရယူနိုင်ခဲ့ပေမယ့် အလွယ်တကူ ရယူနိုင်ခဲ့ခြင်းတော့ မဟုတ်ပဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ရမှတ် ၃ မှတ် ဖြစ်ပါတယ်။ ဗန်ပါစီ၊ ရူနီ တိုက်စစ်အတွဲ ဂိုးပေါက် ပျောက်တဲ့ ပွဲမှာ လူငယ်ကစားသမားလေး ဂျနုဇတ်ရဲ့ အဆုံးသတ် ကောင်းမွန်မှု ၂ လုံးကြောင့်သာ ရလာဒ်ကောင်း ရခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အနိုင်ရလိုက်တဲ့ မန်ယူနိုက်တက်ဟာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Written by အောင်စိုးမိုး(နတ်ရွာ)


Ref ; http://www.football-cafe.com/newsdetail.php?newsid=1700#.UlB9KGcyjDc

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...