Ads (728x90)


အနာဂတ် လိင်မှုဘဝ အဖော်မွန်ဖြစ်လာနိုင်သည့် စက်ရုပ်များ
လက်တွေ့နှင့် ကင်းကွာလွန်းသော အခြေအနေ တစ်ခုဟု အငြင်းပွားကောင်း ပွားလိမ့်မည်။ သို့သော်လည်း လူသားတို့၏ လိင်မှုဘဝ သာယာရေးကို ဖြည့်ဆည်းပေးရန် ဆိုသည်မှာ စက်ရုပ်နည်းပညာ တီထွင်ဖန်တီးသူများ၏ အကြီးမားဆုံး ဆန္ဒတစ်ခုလည်း ဖြစ်နေကြောင်း သိရှိရသည်။ "ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေဟာ စီးပွားရေး လုပ်ငန်းသုံးနဲ့ စစ်ဘက်ဆိုင်ရာ စက်ရုပ်တွေ ထုတ်လုပ်ဖို့ အဓိက ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ နည်းပညာ ဖွံ့ဖြိုးမှုနဲ့ ဈေးကွက်နယ်ပယ် ခိုင်မာလာအောင်တော့ ကျွန်တော်တို့ အခွင့်အလမ်းသစ်တွေ စောင့်မျှော်ရဦးမယ်။ စက်ရုပ် နည်းပညာဟာ အများပြည်သူ ကျန်းမာရေး ကဏ္ဍအတွက်လည်း မျှော်မှန်းချက်တွေ ရှိနေတယ် ဆိုတာက အားလုံးအသိပါ။ ဒါပေမဲ့ လူသိနည်းတဲ့ အချက်တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ လိင်မှုဘဝမှာ ပိုပြီး ကောင်းမွန်ပြည့်ဝတဲ့ ထုတ်ကုန်တစ်မျိုးလည်း ဖြစ်လာစေဖို့ပါပဲ"ဟု စက်ရုပ်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်ဂလက်စ် ဟိုင်းစ်က ပြောကြားခဲ့သည်။

ဟိုင်းစ်သည် Roxxxy ဟု အမည်ပေးထားသည့် စက်ရုပ်တစ်ခုကို ဖန်တီးအဆင့်မြှင့်မှု ပြုလုပ်နေသူလည်း ဖြစ်သည်။ "လိင်မှုဘဝကို ထောက်ပံ့ပေးရတာက နည်းပညာသစ် မဟုတ်ပါဘူး။ ကျွန်တော်တို့က မှတ်ဉာဏ်တုရယ်၊ လူသားနဲ့ ထပ်တူ တုံ့ပြန်နိုင်စွမ်းတွေရယ်ကို အဓိက တိုးမြှင့်ပေးဖို့ လိုပါတယ်"ဟုလည်း ၎င်းက ဆိုသည်။ စက်ရုပ်များနှင့် လိင်သာယာမှု ရယူခြင်းကို (၂၀၀၇)ခုနှစ်က ကတည်းက ဗြိတိသျှ စစ်တုရင် ကစားသမားနှင့် ခြေတုလက်တု နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဒေးဗစ်လီဗီက ၎င်း၏ Love and Sex with Robots အမည်ရှိ စာအုပ်တွင် ရေးသားခဲ့ဖူးသည်။ ထိုစဉ်က လီဗီက မိမိတို့ လူသားများသည် (၅)နှစ်အတွင်း စက်ရုပ်များနှင့် လိင်ဆက်ဆံလာနိုင်ပြီး နောက်ထပ် နှစ်ပေါင်း(၄၀) အကြာတွင် စစ်မှန်သော ချစ်သူများပါ ဖြစ်လာနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။

စက်ရုပ်နည်းပညာ တိုးတက်ဖြစ်ထွန်းရေးတွင် အဓိက အဟန့်အတား တစ်ရပ်သည် လမ်းလျှောက်နိုင်သည့် လူတူစက်ရုပ်များအတွက် စီးပွားရေးကဏ္ဍ သတ်မှတ်ချက် သီးသီးခြားခြား ရှိမနေခြင်း ဖြစ်သည်။ စက်ရုပ်များအတွက် ကုန်ကျစရိတ် ကြီးမားပြီး အသုံးပြုသည့် ရည်ရွယ်ချက်ကို တိကျစွာ ဖော်ဆောင်နိုင်မှု နည်းပါးနေခြင်းသည်လည်း ပြဿနာ တစ်ရပ်ဟု ဟိမ်းစ်က မှတ်ချက်ပြုခဲ့သည်။ စက်ရုပ်နည်းပညာ ဖွံ့ဖြိုးသည်ဟု အသိအမှတ ပြုခံရသည့် ဂျပန်နိုင်ငံတွင် အမျိုးသား ခေတ်ရှေ့ပြေး စက်မှုသိပ္ပံနှင့် နည်းပညာဌာနက HRP-4C အမည်ရှိ စက်ရုပ် အမျိုးသမီးကို တီထွင်ထားပြီး သူမသည် သီချင်းဆိုနိုင်၊ ကခုန်နိုင်သည့် အဆင့်ထိ အောင်မြင်မှု ရရှိထားသည်။ သို့သော်လည်း ဘက်ထရီ သက်တမ်းမှာ တိုတောင်းလွန်းပြီး မိနစ်(၂၀)ဝန်းကျင်တွင် ဓာတ်အားကုန်သွားလေ့ရှိကြောင်း သိရှိရသည်။

"လူတူစက်ရုပ်တွေ ဖန်တီးမှုမှာ အရေးကြီးတဲ့ ရည်ရွယ်ချက် တစ်ခုဟာ ဖျော်ဖြေရေး နယ်ပယ်ကို မျှော်ကြည့်ဖို့ပါ။ စက်ရုပ်တွေဟာ လူသားတွေနဲ့ ပိုပြီး ဆင်တူအောင် ရွေ့လျား လှုပ်ရှားနေဖို့လည်း လိုပါတယ်"ဟု HRP-4Cကို သုတေသန ပြုနေသည့် ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။ ဟိုင်းစ်၏ လက်ရာဖြစ်သော Roxxxyကမူ အရပ်(၅)ပေ၊ (၇)လက်မမြင့်ပြီး ကိုယ်အလေးချိန် ပေါင်(၁၂၀)ရှိသည်။ လူသားများ၏ လှုပ်ရှားနိုင်သော ခြေလက်များ ရှိနေပြီး လူသားတစ်ဦး၏ သဘာဝ အသားအရေအတိုင်း ဆင်တူသည့် အရေပြားတုဖြင့် ဖုံးအုပ်ထားသည်။ ဆံပင်အရောင်ကို အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်အောင်လည်း စီစဉ်ထားသည်။ True Companionကို ထူထောင်သည့် ဟိုင်းစ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်များက Roxxxyကို နှစ်ပေါင်းများစွာ အချိန်ယူ တီထွင်နေခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ နယူးဂျာစီတွင် အခြေစိုက်သော True Companionသည် (၂၀၁၀)ပြည့်နှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့က AVN Adult Entertainment Expo ပြပွဲကြီးတွင် ချစ်တင်းနှီးနှောဖော် စက်ရုပ်အဖြစ် Roxxxyကို စတင်မိတ်ဆက်ခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း နည်းပညာကဏ္ဍ ဆက်လက်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်နေဆဲဖြစ်ပြီး လူသားနှင့် ပိုမိုနီးစပ်အောင် ဖန်တီးလာခဲ့သည်။ ဟိုင်းစ်က မိမိ၏ ကုမ္ပဏီသည် လိင်အသားပေး စက်ရုပ်များအပြင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးမည့် ကျန်းမာရေး အထောက်အကူပြု ဆေးဘက်ဆိုင်ရာ စက်ရုပ်များပါ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

"လိင်မှုရေးရာအတွက် ထုတ်လုပ်တဲ့ စက်ရုပ်တွေက ရိုးရှင်းတဲ့ လိင်မှုဘဝကို ထောက်ပံ့ဖို့ရယ်၊ အဖော်အဖက်အဖြစ် ဖျော်ဖြေမှု ပေးဖို့ရယ်အတွက် အဓိက ရည်ရွယ်ပါတယ်"ဟုလည်း ဟိုင်းစ်က ရှင်းပြခဲ့သည်။ ၎င်းက "စက်ရုပ်တစ်ရုပ်ကို တစ်ဘဝစာ အဖော်အဖြစ် မှီတင်းထားဖို့ ဆိုတဲ့ အတွေ့အကြုံကတော့ ကျယ်ပြန့်လွန်းတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အဲဒီစိန်ခေါ်မှု အတွက်ပဲ ဦးတည်နေတာပါ"ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိတွင် ဈေးကွက်တွင် Roxxxy စက်ရုပ်များ စတင်ရောင်းချမှု ပြုလုပ်နေပြီး ဈေးနှုန်းသည် ဒေါ်လာ (၉၀၀၀)ဝန်းကျင် ရှိနေကြောင်း သိရသည်။ သို့သော်လည်း ဟိုင်းစ်တို့ အဖွဲ့သည် ပိုမိုလူသားဆန်သော Roxxxyမျိုးဆက်သစ်များကို ဖန်တီးနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် အမျိုးသမီးများ ဝယ်ယူရန်အတွက် Rocky အမည်ရှိ အမျိုးသား စက်ရုပ်တစ်မျိုးကိုပါ ဖန်တီးထားပြီး ဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီအနေဖြင့် ပိုမိုသက်ဝင်နိုးကြားစွာ လှုံ့ဆော်နိုင်၊ တုံ့ပြန်နိုင်သော စက်ရုပ်မျိုးကို မိတ်ဆက်နိုင်ရန် မျှော်လင့်ထားကြောင်း ဟိုင်းစ်က ဆိုသည်။ "အဲဒီအခါ စက်ရုပ်တွေက ပိုပြီး ချောချောမွေ့မွေ့ လှုပ်ရှားနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ထိန်းချုပ်နိုင်လိမ့်မယ်"ဟု ၎င်းက ရှင်းပြခဲ့သည်။ Roxxxyသည် True Companion၏ နဝမမျိုးဆက် လိင်အသားပေး စက်ရုပ်လည်း ဖြစ်သည်။ Roxxxyကို (၂၀၀၁)ခုနှစ်က စတင်၍ ဖန်တီးအဆင့်မြှင့်လာခဲ့ခြင်း ဖြစ်သည်။

ဟိုင်းစ်က "ကျွန်တော်တို့ရဲ့ ပထမဆုံး လိင်မှုစက်ရုပ်က Trudy ပါ။ (၁၉၉၀)ပြည့်လွန်နှစ်တွေက စပြီး တီထွင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီစက်ရုပ်ကို ဈေးကွက်ထဲ ဖြန့်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ Trudy ဟာ Roxxxy နဲ့ Rocky တို့ရဲ့ မူလရင်းမြစ် အခြေခံလို့တော့ ဆိုနိုင်ပါတယ်"ဟုလည်း ရှင်းပြခဲ့သည်။ Roxxy တွင် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုနှင့် တူညီသည့် စနစ်တုတစ်ခု ထည့်သွင်းထားသလို နှလုံးခုန်သည့် လှုပ်ရှားနိုးကြားမှုမျိုးကို ခံစားနိုင်စေမည် ဖြစ်သည်။ Roxxxy သည် ထိတွေ့ကိုင်တွယ်မှုများကို တုံ့ပြန်နိုင်သလို အပြန်အလှန် စကားပြောဆိုမှု အချို့ကို ပြုလုပ်နိုင်ကြောင်း True Companion က ကြေညာထားသည်။ Roxxxy ၏ လိင်ပိုင်းဆိုင်ရာ အင်္ဂါတုများ ဖန်တီးတည်ဆောက်မှုကို အနုစိတ် ဖန်တီးထားပြီး သဘာဝနှင့် အနီးစပ်ဆုံး ကျေနပ်နှစ်သိမ့်မှုကို ခံစားရစေမည်ဟုလည်း သိရှိရသည်။

လက်ရှိဈေးကွက်အတွင်း လိင်ဖျော်ဖြေရေး အရုပ်များအနက် Roxxxyသည် လူကြိုက်များသော ဖန်တီးမှုတစ်ခု ဖြစ်လာခဲ့ပြီး လူသားများ အနေဖြင့် သဘာဝမကျသော ရင်းမြစ်တစ်ခုကို လိင်အတွေ့အကြုံအတွက် အသုံးချမှုမျိုးကို စိုးရိမ်သူများလည်း ရှိနေသည်။ "ဘာမှမရှိတာထက်စာရင် စက်ရုပ်တစ်ရုပ်ကို သုံးနေတာမျိုးက တကယ်ပဲ ပိုကောင်းရဲ့လားလို့ ပြန်စဉ်းစားစရာ ဖြစ်လာပါပြီ"ဟု မက်ဆာချူးဆက် နည်းပညာဌာနမှ စိတ်ပညာဆိုင်ရာ ပရော်ဖက်ဆာ ရှယ်ရီတာကဲလ်က ဆိုသည်။ "တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်အတွက် ဂရုစိုက်မှုနဲ့ အဖော်ပြုမှုကို စက်ရုပ်တစ်ရုပ်ဆီက ရှာဖွေနေပြီဆိုရင် အဓိပ္ပါယ်က အမှန်တကယ် လိုအပ်တဲ့ လူတွေကို မျက်ကွယ်ပြုသလို ဖြစ်သွားလိမ့်မယ်။ တကယ်ဆို ဒီအရာတွေကို သူငယ်ချင်း၊ မိသားစုနဲ့ လူ့ပတ်ဝန်းကျင် ဆီကနေ အဖြေရှာသင့်တယ်လေ"ဟု ပရော်ဖက်ဆာ ရှယ်ရီက ထောက်ပြခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဟိုင်းစ်ကမူ မိမိ၏ ဖန်တီးမှု လက်ရာသည် လူ့အဖွဲ့အစည်းကို အတိုင်းအတာ တစ်ရပ်ထိ အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။ Roxxxyကို မှာယူသူများသည် ရှက်ရွံ့တတ်သူ၊ အရိုင်းဆန်သူ၊ ခံစားမှုကို အလွန်အကျွံ ဖွင့်ဆိုပြတတ်သူ၊ နုံအရိုးသားသူ၊ အတွေ့အကြုံရင့်ကျက်ပြီး ဖြစ်နေသူ အစရှိသည့် ဝိသေသများအနက် စိတ်တိုင်းကျ ပုံစံကို ရွေးချယ်ခွင့် ရှိကြောင်းလည်း သိရသည်။ "ဒါဟာ ခင်ဗျားအနေနဲ့ ကိုယ့်ရည်းစားကိုယ် စိတ်တိုင်းကျ ပုံသွင်းလို့ရတဲ့ အခွင့်အရေးလို့ ပြောရင် မငြင်းဘူး မဟုတ်လား"ဟုလည်း ဟိုင်းစ်က ရယ်ရယ်မောမော ပြောကြားသွားသည်။


Planet Myanmar Network.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...