Ads (728x90)



(ကြားဖြတ်နှင့် သတင်းအကျဉ်း)

ကိုကိုအောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၀ မိနစ်    

ရန်ကုန် (မဇ္ဈိမ) ။       ။ တောင်သူလယ်သမားများ၏ နစ်နာချက်များ အရေးဆိုရန်နှင့် လယ်သမားဘဝ တိုးတက်ရေး
ဆောင်ရွက်ရန်အတွက် ဧရာဝတီတိုင်း၊ မြောင်းမြနှင့် ပုသိမ် မြို့နယ်များတွင် တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့မည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် သမဂ္ဂ ခေါင်းဆောင်တဦးက ပြောသည်။

တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖူလုံ တိုးတက်မြင့်မားရေး၊ ဆုံးရှုံးလျက်ရှိသော အခွင့်အရေးကို တောင်းဆို ကာ တိုးတက်သော ခေတ်မီစိုက်ပျိုးရေးစနစ်  ဖြစ်လာရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းသွားမည်ဟု မြောင်းမြ မြို့နယ် တောင်သူ လယ်သမားများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်ဇော်ဦး က ပြောသည်။

သမဂ္ဂတွင် ဥပဒေရေးရာ ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ မြေယာနှင့် ကြွေးမြီပြဿနာ ဖြေရှင်းရေး ကော်မတီ၊ ဘဏ္ဍာရေးနှင့် ချေးငွေ ကော်မတီ၊ စည်းရုံးရေး ကော်မတီ၊ သာမှုနာမှု ကော်မတီ နှင့် စာရင်းစစ် ကော်မတီ ဟူ၍ အဖွဲ့ ၇ ဖွဲ့ ပါဝင်မည်ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

သမဂ္ဂဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် တောင်သူလယ်သမားသမဂ္ဂ အနေဖြင့် ဧပြီ ၁၉ ရက်နေ့က လည်းကောင်း၊ ပုသိမ်မြို့နယ်က မတ်လ ၉ ရက်နေ့က လည်းကောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ စာတင်ပြီး ဖြစ်ကြောင်း ဦးသန့်ဇော်ဦး က ပြောသည်။

ကွယ်လွယ် ကျေးရွာတွင် ယာယီ တည်ထောင်ထားသည့် မြောင်းမြမြို့နယ် သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်း ၁,၁ဝဝ ခန့် ရှိနေပြီး ကြက်ပေါင် ကျေးရွာတွင် ယာယီတည်ထောင်ထားသည့် ပုသိမ်မြို့နယ် သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်း ၁,ဝဝဝ ခန့် ရရှိပြီးဖြစ်ကြောင်း သိရသည်။

“လယ်သမားတွေ တကယ်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဆောင်ရွက်တဲ့အခါ တဦးချင်းထက် အစုအဖွဲ့နဲ့ ဆောင်ရွက်ရ တာ ပိုကောင်းတယ်။ အကြောက်တရားနဲ့ မွေးဖွားလာတဲ့ လယ်သမားတွေကို မကြောက်အောင်၊ အသင်းဝင်ဖြစ်အာင် စည်းရုံးရတာ မလွယ်ပါဘူး။ ခုတော့ သူတို့အကျိုးအတွက် သမဂ္ဂဖွဲ့ ဆောင်ရွက်တယ်ဆိုတာ နားလည်လာပါပြီ” ဟု ပုသိမ်မြို့နယ်မှ သမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုမျိုးကိုကို က ပြောသည်။

အလားတူပင် အိမ်မဲမြို့နယ်နှင့် လပွတ္တာမြို့နယ်များတွင်လည်း လယ်သမားသမဂ္ဂများ ဖွဲ့စည်းသွားကာ ဧရာဝတီတိုင်း လယ်သမားသမဂ္ဂ ပေါ်ပေါက်သည်ထိ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

by Mizzima - News in Burmese on Thursday, 23 August 2012 at 16:02 ·

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...