Ads (728x90)


စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံ BPI မှ ထုတ်လုပ်သည့် ဆေးဝါးများကို အတုပြုလုပ် ရောင်းချပါက အရေးယူသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန ဝန်ကြီးရုံးတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ဆေးဝါးအတုပြုလုပ် ရောင်းချဖြန့်ဖြူးနေမှုများ ဖော်ထုတ်အရေးယူမှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သတိပေးချင်တာက BPI ထုတ် ဆေးဝါးများကို ဝယ်ယူရောင်းချနေမှုများ ရပ်တန်းကရပ်ပါ။ မရပ်လို့ရှိရင် ဒီ့ထက်ပိုပြင်းတဲ့ အရေးယူမှုတွေ ဆက်လာပါမယ်” ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ဆိုသည်။

ဆေးဆိုင်များအနေဖြင့် ဆေးဝါးကို အတုဟု သံသယရှိလျှင် ဖြစ်စေ၊ ဝယ်ယူသည့် ပစ္စည်းရင်းမြစ် နေရာကို သံသယရှိလျှင် ဖြစ်စေ ဆေးဝါးများကို သက်ဆိုင်ရာ ဆေးဝါးအာဏာပိုင် ဖြစ်သည့် FDA ရုံးများထံတွင် သွားရောက်စစ်ဆေးနိုင်ကြောင်း၊ ယင်းသို့ စစ်ဆေးခြင်း မပြုဘဲ ဆေးဝါးအတု ရောင်းချနေမှုကို စုံစမ်းသိရှိရပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ဆေးဆိုင်များ၊ ဆေးသိုလှောင်ရုံများကို ရှာဖွေခဲ့ရာ BPI ဆေးဝါးအတုနှင့် BPI ဆေးနှင့် ဆင်တူသည့် တရုတ်ဆေးများကို BPI ဗူးခွံတု၊ တံဆိပ်တုများဖြင့် ရောင်းချခြင်းများကို တွေ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ယင်းအပြင် BPI ထုတ် သက်တမ်းလွန် ဆေးများကိုပင် သက်တမ်းကုန်ဆုံးရက် ပါသော တံဆိပ်များကို ခွာ၍ သက်တန်းရှိ BPI တံဆိပ်အတုကပ်၍ ရောင်းခြင်း၊ MPF (ပြင်ဦးလွင်) နှင့် YPF (မှော်ဘီ) မှ ထုတ်သည့် ဆေးဝါးများကို BPI ဗူးခွံအတုများတွင် တံဆိပ်တုများကပ်ကာ ရောင်းချခြင်းတို့ကို တွေ့ရှိခဲ့ရကြောင်း ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

အထက်ပါ စစ်ဆေးတွေ့ရှိမှုတွင် ဆေးဝါးတု ၄၄ မျိုးနှင့် တံဆိပ်အတု ၁၈ မျိုး ပါဝင်ပြီး တန်ဖိုးငွေ ကျပ်သိန်း ၂၈၀၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။


# The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...