Ads (728x90)


အခင်းဖြစ်ပွားရာ စိတ်ကူးသစ်တည်းခိုခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
မင်းသိန်းနိုင်၊ မြင့်သူ
ကြည့်မြင်တိုင်မြို့နယ်ရှိ “စိတ်ကူးသစ်” တည်းခိုခန်းတွင် အခန်းတံခါးအားထု၍ အော်ဟစ်ဆူပူခဲ့သည့် တည်းခိုသူအမျိုးသားကို သွားရောက်တားမြစ်ခဲ့သည့် ယင်းတည်းခိုခန်းမန်နေဂျာမှ ဓားဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ ၀န်ထမ်းများနှင့်အတူ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်ရှိ အင်းလျားကန်အတွင်း ပစ်ချအလောင်းဖျောက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် ည ၈ နာရီခန့်က ကို…… (၂၆) နှစ်မှာ ၎င်းနေထိုင်ရာ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်ရှိ နေအိမ်မှအပြင်သို့ခဏသွားမည်ဟုဆိုကာ ထွက်သွားခဲ့ပြီး ပြန်မလာဘဲ တစ်ရက်ခန့်ပျောက်ဆုံးနေစဉ် ၎င်း၏အစ်ကိုဖြစ်သူ ကိုရန်နောင်ကျော်ထံသို့ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဇူလိုင် ၂၂ ရက်တွင် ဖုန်းဆက်ကာ “စိတ်ကူးသစ်” တည်းခိုခန်းသို့ လာရောက်ရန်အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကိုရန်နောင်ကျော်ကသွားရောက်ခဲ့ရာ ကို……တည်းခိုခဲ့သည်ဟုဆိုသည့် တည်းခိုခန်းရှိ အခန်းနံပါတ် (၁၀၅) အတွင်းသို့ရောက်ရှိခဲ့ပြီး ညီဖြစ်သူကို…..အား မတွေ့ ရှိရဘဲ၊ ကုတင်ပေါ်ရှိခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေပြီး ဓားတစ်ချောင်းနှင့် ကို…..ကိုင်ဆောင်သောဖုန်းတို့အား တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် တည်းခိုခန်းအတွင်းရှိ တာဝန်ရှိသူများအားမေးမြန်းရာ ကို…..မှာ ဇူလိုင် ၂၁ ရက် ည ၁၀ နာရီခန့်က တည်းခိုခန်းမှ အပြင်သို့ထွက်သွားခဲ့ကြောင်း ပြောပြခဲ့ကြောင်း၊ ယင်းနောက် ကိုရန်နောင်ကျော်နှင့် ရဲတာဝန်ရှိသူများလိုက်လံရှာဖွေရာ မတွေ့ရသဖြင့်လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့တိုင်ကြားပြီး သုံးရက်မြောက်အကြာတွင် ၎င်းအား မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်အတွင်းမှ ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာသုံးချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၅၀၃/၁၄ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းစုံစမ်းခဲ့ရာ တည်းခိုခန်းမန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့အားမသင်္ကာ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ သေဆုံးသူ ကို…..သည် ဇူလိုင် ၂၀ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် အခင်းဖြစ်တည်းခိုခန်းသို့ ရောက်ရှိတည်းခိုသဖြင့် အခန်းအမှတ် (၁၀၅) တွင် နေရာချထားပေးခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက် ည ၁၀ နာရီခန့်တွင် ကို……က အခန်းတံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် ယင်းတည်းခိုခန်းမန်နေဂျာဖြစ်သူ ဦးမောင်မောင်က အခန်းအတွင်းဝင်ရောက်ကာ ဟန့်တားပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့တားမြစ်စဉ် နှစ်ဦးစကားများခဲ့ကြပြီး အပြန်အလှန်ထိုးကြိတ်မှုဖြစ်ပွားကာ ကုတင်ခြေရင်းတွင်တွေ့ရှိသည့် စတီးဓားဖြင့် ကို……၏ ၀မ်းဗိုက်နှင့် လည်ပင်းတို့အား ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။
ယင်းနောက်တွင် ဦးမောင်မောင်သည် ယင်းတည်းခိုခန်းမှ ၀န်ထမ်းလေးဦးနှင့်အတူ အလောင်းအား အင်းလျားကန်အတွင်း ပစ်ချကာ ဖျောက်ဖျက်ခဲ့သည်ကို ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
“ကျူးလွန်တဲ့သူတွေကိုတော့ ဖမ်းဆီးရမိထားပါပြီ။ ဥပဒေအရ အရေးယူသွားမှာပါ။ အခင်းဖြစ်သွားတဲ့တည်းခိုခန်းကိုလည်း စိစစ်ပြီး ဥပဒေအရအရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ကြည့်မြင်တိုင်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား ကြည့်မြင်တိုင်မြို့မရဲစခန်းမှ (ပ) ၅၀၃/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ဇူလိုင် ၂၅ ရက်တွင်အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

myanmarlatestnews

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...