Ads (728x90)

ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအ၀ိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟူသော အသုံးအနှုန်းအပေါ် ကန့်ကွက်သည့်အနေဖြင့် မောင်တောမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်


ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု ခေါ်ဝေါ်သုံးစွဲခြင်းအပေါ် ကန့်ကွက်ကြောင်းနှင့် ဇွန် ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံတွင် မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအ၀ိုင်းဟု သုံးနှုန်းပြောဆိုရန် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဇူလိုင် ၃ ရက်က ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ဒေသအချို့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာက ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအ၀ိုင်းနှင့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဆိုတဲ့ အသုံးအနှုန်းကို လက်မခံလို့ပဲ။ ဒါဟာ လူမျိုးတစ်ခု ပျောက်ကွယ်သွားမယ့် စကားရပ် ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားသက်ဆိုင်သူတွေကိုလည်း စာပို့ထားပါတယ်။ ဘင်္ဂါလီဆိုတာ ဘင်္ဂါလီသာ ဖြစ်တယ်။ ဒီလို ပြောဆိုလိုက်တာဟာ ဘင်္ဂါလီတွေရဲ့ မူရင်းဇာတိ လာရာဒေသကို ဖျောက်ဖျက်လိုက်သလို ဖြစ်နေတဲ့အတွက် အခုလိုမျိုး လမ်းထွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ဒါကို အစိုးရက ပြတ်ပြတ်သားသား ဖြေရှင်း ပေးစေလိုပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သည့် စစ်တွေမြို့ခံ ဦးအောင်ဌေးက ပြောကြားသည်။


ဆန္ဒထုတ်ဖော်ရာတွင် ရခိုင်လူမျိုး အမည် မတိမ်ကောရေးနှင့် ဘင်္ဂါလီကို ဘင်္ဂါလီဟု ခေါ်ဆိုရမည်၊ ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်နေရာဖြစ်သည်၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုး တည်ရမည်၊ တိုင်းရင်းသား တန်းတူညီမျှရှိရမည်၊ ရခိုင်ပြည်နယ်မှ အစ္စလာမ် ကိုးကွယ်သူများ ဆိုသည်ကို လုံးဝလက်မခံ ကန့်ကွက်သည်၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဆိုသည်ကို လုံးဝလက်မခံ ကန့်ကွက်သည် ရခိုင်လူမျိုးဟုသာ အသုံးပြု ရန်၊ လူ့အခွင့်အရေး ဆိုသူများ ရခိုင်သားကို အားနာပါ အစရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ချီတက်ခဲ့ကြပြီး ရခိုင်ပြည် မပျောက်ပျက်ရေး၊ ရခိုင်လူမျိုး မပျောက်ပျက်ရေး၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုး တည်ရမည်၊ ဘင်္ဂါလီကို ဘင်္ဂါလီဟု ခေါ်ဆိုပါ ၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အစရှိသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

“ဆန္ဒ ထုတ်ဖော်ရတာကတော့ ကုလသမဂ္ဂမှာ ဘင်္ဂါလီကို ရခိုင်ပြည်နယ်က မွတ်စလင်လို့ ခေါ်ပါဆိုပြီးပြောတာဟာ ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့သူတွေဖြစ်ကြောင်း ပြောလိုက်တာနဲ့ တူတယ်။ ဘင်္ဂါလီတွေဟာ နတ်မြစ်တစ်ဖက်ကမ်းက လာတဲ့သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မောင်တောသားတွေ အသိဆုံးပါပဲ။ သူတို့ကို ရခိုင်ပြည်နယ်က လူတွေလို့ ပြောလိုက်ရင် ကျွန်တော်တို့ ရခိုင်လူမျိုးကို ပျောက်အောင်လုပ်တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့မြို့ပေါ် လူထုသာမက နယ်ကရွာသားတွေပါ မြို့ပေါ်တက်ပြီး လူ ၇၀၀ လောက် မိုးထဲလေထဲမှာ တခြားမြို့တွေနဲ့ တစ်ချိန်တည်းမှာ ဘင်္ဂါလီကို ဘင်္ဂါလီလို့ ဆက်ခေါ်မယ်ဆိုတာကို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု မောင်တောမြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ ဦးစိန်လှဖြူက ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်မှုနည်းပါးခဲ့သော မာန်အောင်မြို့ အနေဖြင့်လည်း  ယခုဆန္ဒထုတ်ဖော်မှုတွင် ပါဝင်လာခဲ့ကြောင်းနှင့် စစ်တွေ အပါအ၀င်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ မာန်အောင်၊ ဘူးသီးတောင်၊ မောင်တော၊ ဂွ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော အစရှိသော မြို့နယ်အားလုံးတွင် တစ်နေ့တည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မြို့နယ်အများစုတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ကျန်မြို့နယ်များ အနေဖြင့် နောက်နေ့များတွင် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။         

Writer: 
သန်းလှိုင်၊ ၀င်းမောင်
 
Ref ; Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...