ထူးဖောင်ဒေးရှင်း နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ပန်းကွေးကျေးရွာအုပ်စု၊ ပန်းကွေးရွာတွင် တည်ရှိသော ဘုန်းတော်ကြီးကျောင်းတွင် ယာယီဆေးခန်း ဖွင့်လှစ်၍ မေလ(၂၁)ရက်နေ့မှ(၂၃)ရက်နေ့အထိ ဒေသခံပြည်သူများကို သွားနှင့်ခံတွင်းဝေဒနာများ ကုသမှုပေးခဲ့ရာ စုစုပေါင်း လူနာ (၃၃၁)ဦး အား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။
ဆေးကုသမှုပေးခဲ့သည့် (၃)ရက်အတွင်း အံကပ်လိုအပ်သည့် သက်ကြီးရွယ်အို လူနာ(၂၅)ဦးအား လိုအပ်သော အံကပ်များ ပြုလုပ်ပေးခဲ့ ပါသည်။ နေ့အလိုက် ကုသမှုပေးခဲ့သော လူနာအရေအတွက်မှာ မေလ (၂၁) ရက်နေ့တွင် (၁၃၉)ဦး၊ ဒုတိယနေ့တွင် (၈၈)ဦးနှင့် နောက်ဆုံးနေ့ရက် တွင် (၁၀၄)ဦး၊ စုစုပေါင်း သွားနှင့်ခံတွင်း လူနာ (၃၃၁)ဦးကို အောင်မြင်စွာ ကုသပေးခဲ့ခြင်း ဖြစ်ပါသည်။
ဆေးကုသမှု နောက်ဆုံးနေ့ရက်တွင်လည်း ကုသမှုလာရောက်ခံယူသည့် လူနာများအားနေ့လည်စာများ လှူဒါန်းခဲ့ ပါသည်။ ဆေးခန်းဖွင့်လှစ်ခဲ့သည့် ပန်းကွေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များကိုလည်း ၀တ္ထုငွေ ကျပ် (၅)သိန်း၊ သင်္ကန်း (၁၇)စုံ နှင့် ခေါက်ဆွဲခြောက်များ၊ အသင့် အသုံးပြုနိုင်သော ဆန်ပြုတ်ထုပ်များ လှူဒါန်းခဲ့ပါသည်။
ဟဲဟိုးတွင် အဲပုဂံလေယာဉ် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးပြားအတွက် ရည်စူးပြီး ယခုနယ်လှည့်ဆေးကုသရေးအစီအစဉ်ကို ထူးဖောင်ဒေးရှင်း၏နာယက
ဦးတေဇ ၏ လမ်းညွှန်မှုဖြင့် ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆေးကောင်စီ မှ ဆရာဝန်ကြီးများက မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးသည့် အစီအစဉ် ဖြစ်ပါသည်။
အဆိုပါ ဆေးကုသမှု အစီအစဉ်အပြင် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သော ဦးပြားနှင့် ဒဏ်ရာရရှိခဲ့သော မောင်ဌေးအောင်တို့ ၏ နေအိမ်များသို့ ကလေးငယ်များအတွက် ကျောင်းဝတ်စုံများ၊ အမျိုးသမီး အ၀တ်အစားများနှင့် အစားအသောက်များလည်း သွားရောက်လှူဒါန်းခဲ့ ပါသည်။
ထူးဖောင်ဒေးရှင်းသည် နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာတက်စေမည့် ဧ၀ရတ်တောင်အောင်နိုင်ရေး ခရီးစဉ်အား ငွေအား၊ လူအားဖြင့် ကူညီပံ့ပိုးပေးခဲ့သကဲ့သို့ပင် အခြားတစ်ဖက် တွင်လည်း အမှန်တကယ် လိုအပ်လျှက်ရှိသော ဒေသများတွင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို အစွမ်းကုန် ဆောင်ရွက်လျက် ရှိပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။