Ads (728x90)



ပြီးခဲ့သော မေလ (၁၉)ရက်နေ့၊ နံနက် (၇)နာရီ၊ (၇)မိနစ်တွင် (၈၈၄၈)မီတာမြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့အား ယနေ့ မေလ (၂၇)ရက် ညနေခင်းတွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ မင်္ဂလာခန်းမတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌပါမောက္ခဒေါက်တာ နေစိုးမောင်က မြန်မာနိုင်ငံတွင် တောင်တက်အားကစားမှာ လူသိနည်းသည့်အားကစားတစ်ခုဖြစ်နေပြီး လူထုအကြားတွင် ပိုမိုဖွံ့ဖြိုးလာစေရန် မိမိတို့အနေဖြင့် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဧ၀ရတ်တောင်ထိပ်သို့ ပထမဆုံးအကြိမ်အောင်မြင်စွာခြေချနိုင်ခဲ့သော
မြန်မာလူငယ်တောင်တက် သမားဖြစ်သည့် ကိုပြည့်ဖြိုးအောင်မှ သူ့၏တောင်တက်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး အောင်မြင်မှု ရရှိစေရန် ၀ိုင်းဝန်းဆုတောင်းပေးခဲ့ကြသော မြန်မာပြည်သူများအားလုံးကိုလည်း များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ဂုဏ်ပြုဆုများဆက်လက်ချီးမြှင့်ခဲ့ရာ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း မြန်မာ့ တောင်တက်အားကစားသမိုင်း စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးခဲ့သည့် ကိုပြည့်ဖြိုးအောင်၊ကိုဝင်းကိုကိုနှင့် ကိုညီညီအောင်တို့ (၃)ဦးအား အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD Bank) ၏ Managing Director (MD) ဦးထူးထက်တေဇမှ ဆုငွေချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ဂုဏ်ပြုဆုများချီးမြှင့်မှုအပြီးတွင် မြန်မာ့ဂုဏ်ဆောင်တောင်တက်သမား (၃)ဦး၏ ဧ၀ရတ်ခရီးစဉ် ရုပ်သံမှတ်တမ်း ကို ကြွရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးမင်းများ၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများ၊ တောင်တက် အားကစားဝါသနာရှင်များနှင့် သတင်းရုပ်သံမီဒီယာများအား ပြသခဲ့ပါသည်။

ထို့နောက် ကြွရောက်လာသည့် ဧည်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့်လည်း တင်ဆက်ခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ မြန်မာ့အားကစားသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည့် ခရီးစဉ်တွင် ပါဝင်ကူညီခွင့်ရရှိခဲ့သဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထို့အပြင် တောင်တက် သမားများအား ဘေးမသီရန်မခဘဲ အောင်မြင်မှုရရှိစေရန် ၀ိုင်းဝန်းဆုတောင်းပေးခဲ့ကြသော မြန်မာနိုင်ငံသား များအားလုံးကိုလည်း ထူးဖောင်ဒေးရှင်းအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Htoo Foundation added 30 new photos at Kandawgyi Palace Hotel.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...