Ads (728x90)



ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်ကို အောင်မြင်စွာတက်ရောက်ခဲ့ကြသော
မြန်မာလူငယ်တောင်တက်အဖွဲ့သည် တောင်တက် အတွေ့အကြုံများနှင့် ပတ်သက်ပြီး ယနေ့ မေလ(၂၇)ရက်နေ့တွင် ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ် ၏ မင်္ဂလာခန်းမတွင် နေ့လည် (၁)မှ (၃)နာရီအထိ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 အဆိုပါဧ၀ရတ်တောင်တက်အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲကို ထူးဖောင်ဒေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက် အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌပါမောက္ခဒေါက်တာနေစိုးမောင်နှင့်တောင်တက် အားကစားဝါသနာရှင်များ ၊ တက္တသိုလ်ခြေလျင်နှင့်တောင်တက်အသင်းမှ
တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ Technical Climbing Club of Myanmar (TCCM)မှ အဖွဲ့ဝင်များ၊ တောင်တက် သမားများ ၏မိသားစုဝင်များနှင့် ဖိတ်ကြားထားသော သတင်းနှင့်စာနယ်ဇင်း၊ ရုပ်သံမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားအစီအစဉ်အရ ပထမဦးစွာ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက် အဖွဲ့ချုပ်၏ယာယီဥက္ကဋ္ဌဒေါက်တာနေစိုးမောင်မှ အဖွင့်အမှာစကားနှင့် ကူညီ ပံ့ပိုးပေးခဲ့သောထူးဖောင်းဒေးရှင်းအား ကျေးဇူးတင်စကားပြော
ကြားခဲ့ပါသည်။ ထို့နောက်ထူးဖောင်ဒေးရှင်း၏အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးမှ ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ သမိုင်းတွင်မည့်တောင်တက်ခရီးစဉ်အား ကူညီပံ့ပိုးခွင့်ရရှိခဲ့သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြား ခဲ့ပါသည်။


ထို့အပြင် ဦးပေါ်မြင့်ဦးက ကမ္ဘာ့အမြင့်ဆုံးတောင်ထွဋ် တွင် မြန်မာအလံ လွှင့်ထူနိုင်ရန်၊ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ဂုဏ်ယူဖွယ် ရာဇ၀င်တွင် မည့်ခရီးစဉ်ဖြစ်ရန်၊ ဧ၀ရတ်တောင်ထိပ် သို့ မြန်မာနိုင်ငံသားများ တက်ရောက်နိုင်ကြောင်း ဂုဏ်ယူနိုင်ရန်နှင့် နိုင်ငံသား တို့၏အမျိုးသားရေး စိတ်ဓါတ်ကို မြှင့်တင်ရန် စသည့်ဖြင့် တောင်တက် ခရီးစဉ်အား ထူးဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးပေးခဲ့ခြင်း၏ ရည်ရွယ်ချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက်အခမ်းအနားအစီအစဉ်အရ ကြွရောက်လာကြသော သတင်းရုပ်သံမီဒီယာများမှ သိရှိလိုသည့် အချက်များကို တောင်တက်သမား များအား မေးမြန်းခဲ့ကြပါသည်။ ဧ၀ရတ်တောင်အား အောင်မြင်စွာ တက်ရောက်ခဲ့သည့် တောင်တက်သမား တစ်ဦး ဖြစ်သော ကိုပြည့်ဖြိုးအောင်က ယခုခရီးစဉ်တွင် ပြင်းထန်လွန်းသည့်ရာသီဥတုနှင့် အမြင့်ဆိုင်ရာဖျားနာမှု (altitude sickness) တို့မှာ ကြီးမားသော စိန်ခေါ်မှု များဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။


မြန်မာတောင်တက်သမားများသည် ယခုခရီးစဉ်တွင် နီပေါနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်း အတိုင်းအတာ တစ်ခုအထိ လေ့လာခွင့်ရရှိခဲ့ကြပြီး မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီတောင်ကိုလည်း သဘာ၀၀န်းကျင်ကို မထိခိုက်စေမည့်နည်းလမ်းများ၊ စီမံခန့်ခွဲမှုများဖြင့် ခရီးသွား လုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးစေလိုကြောင်းလည်း ပြောကြားခဲ့ကြပါ သည်။ မြန်မာတောင်တက်သမားများက ယခုဧ၀ရတ်ခရီးစဉ်နှင့်
ပတ်သက်ပြီး မိမိတို့၏အတွေ့အကြုံများကို ပြန်လည်မျှဝေနိုင်ရန်
မှတ်တမ်းစာအုပ်ရေးသားမည်ဟုလည်း ပြောကြားခဲ့ပါသည်။


ယခု(TCCM) ကလပ်မှ လူငယ်တောင်တက်အဖွဲ့၏အောင်မြင်မှုသည် မြန်မာနိုင်ငံခြေ လျင်နှင့်တောင်တက်အသင်းစတင်ဖွဲ့စည်းခဲ့သည့် ၁၉၆၀ ပြည့်နှစ်မှ စတင်ရေ တွက် လျှင် မြန်မာ့တောင်တက် အားကစားသမိုင်း၏ နှစ်ပေါင်း (၅၆)နှစ်အတွင်း ပထမဆုံးနှင့် အကြီးမားဆုံး အောင်မြင်မှုဖြစ်သည်ဟု ဆိုရပါမည်။ မြန်မာခြေလျင်နှင့်တောင်တက်အဖွဲ့ကို ၁၉၆၀ပြည့်နှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့တွင် ကာယဗလဦးရှိန်နှင့် ဗိုလ်မှူးကြီးလှအောင်တို့မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ၏တောင်တက် အားကစားသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သော ခရီးစဉ်တွင် ပါဝင်ကူညီခွင့်ရရှိခဲ့သဖြင့် များစွာ ၀မ်းမြောက် ဂုဏ်ယူမိ ပါကြောင်း ဖော်ပြအပ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...