Ads (728x90)





လွန်ခဲ့သောနှစ် ဤအချိန်တွင် အစ္စလာမ် နိုင်ငံတော် (IS) သည် အီရတ်ရှိ ဒုတိယမြို့တော် မိုဆယ်ကို သိမ်းပိုက်ခဲ့သည်။ အီရတ်စစ်သားတွေ မြို့တွင်းမှ အသက်လုပြီး ဆုတ်ခွာခဲ့ရသည်။ IS ၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း အံ့သြတုန်လှုပ်ခဲ့ရသည်။



အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ လေကြောင်းမှ ထိုးစစ်၊ အီရတ်နှင့်ဆီးရီးယားတို့ရှိ ရန်သူများ၏ မြေပြင်ထိုးစစ်များ ရှိနေသော်လည်း IS သည် ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေ များကို ဆက်လက် ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သလို တင်းကျပ်သော အစ္စလာမ် ဥပဒေများကိုလည်း ဆက်လက် ကျင့်သုံးနိုင်နေဆဲ ဖြစ်သည်။

လွန်ခဲ့သော (၁၂) လကာလအတွင်း IS နှင့်ပတ်သက်သော ဖြစ်ရပ်တချို့ကို ဖော်ပြလိုက် ပါသည်။

မိုဆယ်ကို သိမ်းပိုက်ပြီ

၂၀၁၄ ခုနှစ် ဇွန်လအစောပိုင်းတွင် အီရတ်နှင့် မဟာဆီးရီးယားတို့ရှိ အစ္စလာမ် နိုင်ငံတော် (IS) ဟုအမည်ရသော လက်နက်ကိုင်အဖွဲ့သည် အီရတ်မြောက်ပိုင်းရှိ မိုဆယ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်ဆင် ခဲ့သည်။ စစ်သွေးကြွ (၈၀၀) လောက်၏ ထိုးစစ်ဆင်မှုကို အီရတ်စစ်သား (၃၀၀၀၀) ခန့်က ကြံ့ကြံ့မခံနိုင်။ လက်နက် များကို ပစ်ချပြီး ထွက်ပြေးခဲ့ကြသည်။ IS သည် လူဦးရေ (၁ ဒသမ ၈) သန်း နေထိုင်သော ဒေသကို ထိန်းချုပ်နိုင်ရုံသာမက စစ်သားများ ချန်ထားခဲ့သည့် သံချပ်ကာယာဉ် များအပါအ၀င် အမေရိကန်လုပ် လက်နက်များစွာ ကိုပါ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။

စစ်တပ်၏ စစ်စိတ်စစ်မာန် လျော့ကျလာခြင်းကို အခွင့်ကောင်းယူပြီး IS သည် ဘဂ္ဂဒတ်ရှိရာ တောင်ဘက်သို့ ဦးတည်ချီတက် လာခဲ့သည်။ ချီတက်ရာလမ်း တစ်လျှောက်ရှိ နီနာဗာနှင့် ဆာလာဟူဒန် ခရိုင်များရှိ နေရာအတော် များများကိုလည်း သိမ်းပိုက်ခဲ့သည်။

လူမျိုးရေးနှင့် ဘာသာရေးအရ လူနည်းစုဝင်များ အပါအ၀င် အီရတ်နိုင်ငံသား သန်းပေါင်းများစွာသည် IS ၏ သတ်ဖြတ်ခြင်း ခံရမည်ကို စိုးရိမ်သည့် အတွက် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ တိကရစ်မြို့အပြင်ဘက်ရှိ ရှပီချာ စစ်စခန်းတွင် အခြေစိုက်သော ရှီယိုက် စစ်သား (၁၇၀၀) ကို သတ်ဖြတ်ခဲ့ကြောင်း အကြမ်းဖက်အဖွဲ့က ကြေညာခဲ့သည့် အတွက် အီရတ်ရှိ ရှီယိုက်အာရပ် များကြား အကြောက်တရား စိုးမိုးခဲ့ရသည်။

အစ္စလာမ်နိုင်ငံတော် ကြေညာပြီ

၂၀၁၄ ခုနှစ် ဇွန်လအကုန်တွင် အီရတ် အနောက်ပိုင်းနှင့်မြောက်ပိုင်းရှိ မြို့အတော်များများကို သိမ်းပိုက်ပြီး ချုပ်ကိုင်မှု ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့သော IS သည် ရှားရီယား ဥပဒေများဖြင့် အုပ်ချုပ်သည့် အစ္စလာမ်နိုင်ငံတော် ထူထောင်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် အဘူဘေကာ အယ်လ်-ဘာဂါဒါဒီအား အစ္စလာမ် ခေါင်းဆောင်အဖြစ် ကြေညာပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင်များကိုလည်း သစ္စာခံရန် တိုက်တွန်းခဲ့သည်။ အဖွဲ့သည် IS IS မှ IS အဖြစ် အမည်ပြောင်းလဲခဲ့သည်။

ငါးရက်အကြာတွင် ဘာဂါဒါဒီက မိုဆယ်ရှိ ဗလီကြီးတွင် တရားဟောနေသည့် ဗီဒီယိုဖိုင် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ဘာဂါဒါဒီ၏ လုပ်ဆောင်မှုသည် အစ္စလာမ် ဘာသာ တည်ထောင်ခါစက ခေါင်းဆောင်များ၏ တရားဟောပြောပုံနှင့် ဆင်တူကြောင်း ကျွမ်းကျင်သူများ သုံးသပ်သည်။ မိစ္ဆာဝါဒီများကို တိုက်ခိုက်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင်များ IS ပိုင် နယ်မြေထဲသို့လာရောက် နေထိုင်ရန် ဘာဂါ ဒါဒီက ဗီဒီယိုဖိုင်ထဲတွင် တိုက်တွန်းထားသည်။

ယာဇီဒီများကို ကျွန်ပြုပြီ

၂၀၁၄ ခုနှစ် သြဂုတ်တွင် IS သည် မိုဆယ်မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အနည်းငယ် ရရှိသော ကာဒစ္စတန်ဒေသ သို့မဟုတ် ပက်ရှ်မာဂါသို့ ခြေဦးလှည့်ခဲ့သည်။ ရဲရင့်သူများဟု နာမည်ရသော ပက်ရှ်မာဂါတပ်ဖွဲ့ဝင် များသည် လက်နက်အင်အား ကောင်းသော IS တပ်ဖွဲ့ဝင်များ၏ ထိုးစစ်နှင့် ကြုံတွေ့ရပြီးနောက် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးခဲ့ကြသည်။ IS သည် မိုဆယ် ဆည်ကြီးကို သိမ်းပိုက်ခဲ့ပြီးနောက် ကာ့ဒ်မြို့တော် အီရ်ဘီလ်ဘက်သို့ ချီတက်ခဲ့ သည်။ နီနဲဗာ လွင်ပြင်ရှိ လူနည်းစုဝင်များ အသက်ဘေး အတွက် ထွက်ပြေးခဲ့ကြရသည်။

IS သည် အနီးအနားရှိ မြို့များ၊ ရွာများတွင်းဝင်ရောက်ပြီး အမျိုးသားများနှင့် ယောက်ျားလေးများကို သတ်ဖြတ်ကာ အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ကျွန်များအဖြစ် အသုံးချခဲ့သောကြောင့် ယာဇီဒီမျိုးနွယ်စုဝင် များသည် ဆင်ဂျာတောင်ပေါ်သို့ သွားရောက် ခိုလှုံခဲ့ရ သည်။ ရုတ်တရက် ပြေးရသောကြောင့် ယာဇီဒီများမှာ အစားအစာနှင့် ရေများကို သယ်ဆောင်နိုင်ခြင်း မရှိခဲ့။ အီရ်ဘီလ်မြို့ရှိ အမေရိကန်များနှင့် အီရတ်ရှိ အခြေခံ အဆောက်အအုံများ အတွက် စိုးရိမ်စရာရှိ လာရုံသာမက ဆင်ဂျာတောင်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပါရှိလာခဲ့သောကြောင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် အီရတ် မြောက်ပိုင်းတွင် လေကြောင်းမှ ထိုးစစ်ဆင်ရန် စေခိုင်းခဲ့ရသည်။ ထို့ပြင် အိုဘားမားသည် နိုရီ မာလီကီနေရာတွင် ၀န်ကြီးချုပ်သစ် တစ်ဦးနှင့် အစားထိုးရန် အီရတ်ရှိ နိုင်ငံရေး ပါတီများအား ဖိအားပေးခဲ့ရသည်။ အီရန်က ဆက်လက် ထောက်ခံခြင်း မရှိသည့်အခါတွင် မာလီကီသည် ရာထူးမှ ဆင်းပေးရန် သဘောတူညီခဲ့ပြီး ဟိုင်ဒါ အယ်-အဘာဒီ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

အီရတ်တွင် အမေရိကန်က လေကြောင်းမှ ထိုးစစ်ပြုလုပ်ခဲ့သည့် (၁၁)ရက်မြောက် နေ့တွင် IS သည် အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးအား ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုဖိုင် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ “အမေရိကသို့ ပေးချင်သည့် သတင်းစကား” ဟု အမည်ပေးထားသော ဗီဒီယိုထဲတွင် မျက်နှာဖုံး ၀တ်ထားပြီး ဗြိတိသျှ လေယူလေသိမ်းဖြင့် ပြောဆိုနိုင်သည့် အကြမ်းဖက်သမား တစ်ဦးက လေကြောင်းမှ တိုက်ခိုက်မှုများက မရပ်တန့်လျှင် နောက်ထပ် အမေရိကန် ဂျာနယ်လစ် တစ်ဦးကိုခေါင်းဖြတ် သတ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားကို ရည်ရွယ်ပြီး ပြောဆိုထားမှု ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် IS သည် အမေရိကန်နိုင်ငံသား စတီဗင်ဆိုလော့ဖ်အား ခေါင်းဖြတ်သတ် နေသည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။

တုံ့ပြန်သည့်အနေနှင့် အိုဘားမား သည် IS ၏ တိုက်ခိုက်နိုင်စွမ်းကို အဆင့်လျှော့ချပြီး နောက်ဆုံးတွင် IS ကို လုံးဝ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် IS က တိုက်ခိုက်နေသည့် စစ်ဆင်ရေးနယ်ပယ် ကိုလည်း ချဲ့ထွင်ခဲ့သည်။ နှစ်ပတ်ခန့်အကြာတွင် အမေရိကန်နှင့် အာရပ် မဟာမိတ်များသည် ဆီးရီးယားရှိ IS ကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ပြင် အမေရိကန် ဦးဆောင်သော မဟာမိတ် များသည် ဆီးရီးယား နယ်စပ်မြို့ကိုဘာနဲကို တိုက်ခိုက်နေသည့် IS တပ်များအား ထိုးစစ်ဆင်မှုများကို ပြုလုပ်ခဲ့သည်။

နယ်မြေဆုံးရှုံးမှုများ

ကိုဘာနဲသည် IS ၊ ဒေသတွင်းရှိ ကာ့ဒ်တပ်များနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်များအတွက် စစ်မြေပြင် ဖြစ်လာခဲ့သည်။ သုံးလအကြာတွင် ကိုဘာနဲ မြို့နားရှိ IS တပ်များ ဆုတ်ခွာခဲ့ရသည်။

တစ်ချိန်တည်းမှာပင် IS သည် အီရတ်ရှိ ရှေ့တန်းစစ်မြေပြင်များစွာကို ဆုံးရှုံးခဲ့ရသည်။ ညွန့်ပေါင်းတပ်များ၏ လေကြောင်းမှ ထိုးစစ်နှင့် အမေရိကန် စစ်ဘက် အကြံပေးများ၏ အကူအညီကြောင့် ပက်ရှ်မာဂါ တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းရှိ ဆုံးရှုံး ခဲ့သည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

အီရတ် အစိုးရတပ်များသည် တစ်လကြာ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဧပြီတွင် တိကရစ်မြို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ IS သည် အီရတ်ရှိ သူတို့သိမ်းပိုက်ထားသော နယ်မြေများ၏ လေးပုံတစ်ပုံကို ဆုံးရှုံးရပြီဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။

သို့သော် IS သည် နယ်မြေများစွာနှင့် လူသူလက်နက်များကို ဆုံးရှုံးခဲ့သော်လည်း အဖွဲ့သည် အင်အားယုတ်လျော့ သွားခြင်းမရှိဘဲ ထိုးစစ်ဆင်နိုင်နေဆဲ ဖြစ်သည်။ မေတွင် IS က ရာမာဒီမြို့အား ထိုးစစ်ဆင်နိုင်ခြင်းက ယင်းကဲ့သို့ အင်အားရှိနေသေးကြောင်းကို ပြသနေခဲ့သည်။

Ref: Islamic State: What has happened since the fall of Mosul?:BBC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...