
အဆိုပါ တောင်ငူကျွန်းစိုက်ခင်းတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော ကျွန်းပင်ပေါက်များသည် သစ် တောဦးစီးဌာနမှ သတ်မှတ်သော အရည်အသွေး သတ်မှတ်ချက် ဂရိတ်အဆင့် ၁ မှ ၂ အထိရှိကြောင်း သိရှိရပါသည်။
ထူးထရေဒင်းကုမ္ပဏီလီမိတက်၏ တောင်ငူကျွန်းစိုက်ခင်းအနေဖြင့် နှစ်အလိုက်စိုက်ပျိုးခဲ့မှုများကို ဖော်ပြရလျှင် ၂၀၁၀-၁၁ ခုနှစ်၌ ခပေါင်းကြိုးပြင် ကွင်းအမှတ်(၁၇)တွင် (၈၈၀)ဧက စတင်စိုက်ပျိုးခဲ့ပါသည်။ ထို့နောက် ၂၀၁၁-၁၂ခုနှစ်၌ ခပေါင်းကြိုးပြင်ကွင်းအမှတ်(၁၆၊၁၇)တို့တွင် (၁၀၀၀)ဧကဆက်လက်စိုက်ပျိုးခဲ့ပါသည်။ ၂၀၁၂-၁၃ ခုနှစ်၌ ထူးထရေဒင်းကုမ္ပဏီလိမိတက်သည် ဘုန်းတောင်ကြိုးဝိုင်းအမှတ် (၂၅၊၂၆၊၂၇၊၂၈)တို့တွင် (၁၀၀၀) ဧက ဆက်လက်စိုက်ပျိုးခဲ့သည်။ ၂၀၁၃-၁၄ ခုနှစ်၌ ဘုန်းတောင် ကြိုးဝိုင်း (၂၃၊၂၄၊၂၅၊ ၂၇၊၂၉၊၄၅) တို့တွင် (၁၀၀၀) ဧက စိုက်ပျိုးခဲ့ပြီး ၊ ၂၀၁၄-၁၅ခုနှစ်၌ ဘုန်းတောင်ကြိုးဝိုင်းတွင် (၁၂၁၀) ဧကထပ်မံ စိုက်ပျိုးခဲ့ ပါသည်။
ကျွန်းစိုက်ခင်း၏ ကျွန်းပင်တင်ကျန်မှုရာခိုင်နူန်းမှာ ထူးထရေဒင်းကုမ္ပဏီလိမိတက်၏ အခြားသော ကျွန်းစိုက်ခင်း ဖြစ်သည့် မြစ်ကြီးနားစိုက်ခင်းနှင့်
နှိုင်းယှဉ်လျှင် တောင်ငူကျွန်းစိုက်ခင်းသည် များစွာ အလားအလာကောင်းမွန်ပြီး ရှင်ပင် ၉၀ရာခိုင်နူန်းနှင့်အထက်တွင် ရှိပါသည်။
ကျွန်းစိုက်ခင်းများ၏ ဖြစ်ထွန်းမှုသည် ရာသီဥတု၊ မြေမျက်နှာသွင်ပြင်နှင့် စိုထိုင်းမှု(humidity) စသည် အချက်အလက်များတွင် များစွာမှုတည်ကြောင်းနှင့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ပူတာအိုကဲ့သို့ အအေးဓါတ်လွန်ကဲသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းရန် များစွာ ခဲယဉ်းကြောင်း သိရှိရပါသည်။ တောင်ငူကျွန်းစိုက်ခင်း၏ ကျွန်းပင်ရှင်သန်မှုမှာ (၉၂ ရာခိုင်နူန်းမှ ၉၇ ရာခိုင် နူန်းအထိ) ရှိပါသည်။
“ကျွန်းစိုက်မယ်ဆိုရင် အဓိကကတော့ ရာသီဥတုကိုက်ညီဖို့နဲ့ မျိုးစေ့ကောင်းဖို့ အရေးကြီးပြီး မိုးရေချိန် အလယ်အလတ်လောက် (၅၀နဲ့ ၈၀ လက်မ) က အကောင်းဆုံးလို့ ထင်ပါတယ်၊ ရာသီဥတုအနေနဲ့လည်း ကျွန်းက ပူတဲ့အပိုင်းကို ပိုကြိုက်ပါတယ်၊ အေးတာကို မကြိုက်ဘူး၊ နောက်တစ်ခုက မြေဆီလွှာပါ၊ မြေဆီလွှာဆိုတာ အပေါ်ယံ မြေသြဇာကောင်းမွန်မှုပါ၊ လက်ရှိတည်ထောင်ထားတဲ့ စိုက်ခင်းတွေဟာ မြေသြဇာ အင်မတန် ကောင်းတဲ့ နေရာ ဖြစ်ပါတယ်၊ နောက်ပြီး ပဲခူးရိုးမဧရိယာရဲ့ ကျွန်းပင်ပေါက်တဲ့ ဧရိယာက မြန်မာပြည်မှာ အကောင်းဆုံးနေရာ ဖြစ်ပါတယ်၊ အဲဒီနေရာမှာ ပါနေတဲ့ အတွက်ကို မြေကလည်း အင်မတန်ကောင်းပါတယ်၊ နောက် တစ်ခုရှိတာက မြေအမျိုးအစား၊ မြေသြဇာ ကောင်းမွန်ပြီး မြေပြင်အနေအထားလည်းပါပါတယ်။ မြေပြင် အနေအထားမှာ တောင်ကုန်းရှိတာနဲ့ မြေပြန့်တွေနဲ့ပေါ့လေ၊ တောင်ကုန်းတွေလည်း အရမ်းမတ်စောက်ရင် စိုက်လို့ မရဘူး၊ မြေပြိုသွားမှာဖြစ်ပါတယ်၊ တောင်ကုန်းစောင်း ဆင်ခြေလျောလေးတွေပေါ့၊ အဲလို နေရာ မျိုး ကတော့ စိုက်လို့ အင်မတန်ကောင်းပါတယ်၊ မိုးရွာတဲ့အခါမှာလည်း သူက ရေမ၀ပ်ဘူးပေါ့နော်၊ ကျွန်းပင် အနေနဲ့က ရေ၀ပ်တာကို မကြိုက်ပါဘူး” ဟု တောင်ငူ ကျွန်းစိုက်ခင်းတာဝန်ခံ ဦးတင့်ဆွေမှ ပြောကြားခဲ့ပါသည်။
ကျွန်းပင်ကြီးထွားမှုတွင် တောင်ငူကျွန်းစိုက်ခင်းမှာ သာလွန်ပြီး လက်ရှိ အချိန်တွင် ပျမ်းမျှ အမြင့်ပေ (၂၂) ပေအထိ ရှိပါသည်။ ကျွန်းစိုက်ခင်းများသည် ပုံမှန်အားဖြင့် ပျမ်းမျှ အမြင့်ပေ ၂၅ပေမှ ပေ ၃၀ ခန့်ရှိချိန်၊ အပင်သက်တမ်းအားဖြင့် ၅နှစ်၊ ၆နှစ်နှင့် ၇ နှစ်ရှိချိန်တို့တွင် ပင်ကြပ် နုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရကြောင်း သိရှိရပါသည်။ စတင်စိုက်ပျိုးစဉ်က (၉) ပေခြား၍ စိုက်ပျိုးခဲ့သော ကျွန်းပင်များ၏ ကြီးထွားမှု ကောင်းမွန်စေရန် ထိုကဲ့သို့ ပင်ကြပ် နုတ်ခြင်းလုပ်ဆောင် ပေးရခြင်းဖြစ်ကြောင်း တောင်ငူ ကျွန်းစိုက်ခင်း အထွေထွေမန်နေဂျာဦး တင့်ဆွေမှ ပြောကြားခဲ့ပါသည်။
ကျွန်းပင်များစိုက်ပျိုးရာတွင် မျိုးစေ့မှ စိုက်ပျိုးခြင်း၊ ပျိုးပင်မှ စိုက်ပျိုးခြင်းနှင့် ငုတ်တက်မှ စိုက်ပျိုးခြင်းဟူ၍ နည်းစ နစ် (၃)မျိုးရှိပြီး တောင်ငူကျွန်းစိုက်ခင်းသည် ကျွန်းမျိုးစေ့မှ ပျိုးထောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကျွန်းစိုက်ပျိုးမှုကို ၂၀၀၆ခုနှစ်တွင် နိုင်ငံတော်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
တစ်နှစ်တာကာလအတွင်း ကျွန်းစိုက်ခင်းစိုက်ပျိုးမှုတွင် ပထမဆုံး စိုက်ခင်းဧရိယာ တိုင်းခြင်းမှစ၍ တောခုတ်ထွင်ရှင်းလင်းခြင်း၊
တောင်ယာမီးရှို့ခြင်းသို့မဟုတ် စိုက်ဧကမီးရှို့ခြင်း၊ ကျွန်းခွေခြင်း၊
သစ်စေ့စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း စသည်ဖြင့် လုပ်ငန်း(၁၁) မျိုး လုပ်ဆောင် ရပါသည်။
စိုက်ပြီး ပထမ (၆)လအထိ ကျွန်းပျိုးပင်များအား ပေါင်းရှင်းခြင်းလုပ်ငန်း လုပ်ဆောင်ပေးရပြီး ပထမနှစ်မှ (၅)နှစ် ကြာသည်အထိ မီးလောင်ဆုံးရှုံးမှုမှ ကာကွယ်ရေးလုပ်ဆောင်ရပါသည်။ ကျွန်းစိုက်ခင်းပြုစုပျိုးထောင်မှုသည် အပင်သက်တမ်း (၇)နှစ်အကြာတွင် လက်လွှတ်နိုင်ပြီဖြစ်သည်။
ထူးထရေဒင်းကုမ္ပဏီလီမိတက်သည် ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ စိုက်ပျိုးခွင့် မပြုသေးသည့် ကာလကတည်းက သစ်တောဌာန၏ လမ်းညွှန်ချက်နှင့်အညီ မိုးရာသီပြန်လည်အပင်စိုက် ပြုစုပျိုးထောင်ပေးခြင်း၊ (enrichment planting) အနေဖြင့် ၂၀၀၅ခုနှစ်မှ စတင်၍ ကျွန်း၊ ပျဉ်းကတိုးကဲ့သို့ အဖိုးတန်သစ် အမျိုးအစားများကို တောင်ငူခရိုင်ရှိ ဘုန်းတောင် ကြိုးဝိုင်းနှင့် ခပေါင်း ကြိုးပြင် ကာကွယ်တောဒေသတို့တွင် စိုက်ပျိုးပေးခဲ့ပါသည်။
Ref +Htoo Foundation
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။