Ads (728x90)



တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ်ဖြစ်သည့် လုံခြုံရေး တာဝန်များ လဲလှယ်ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင် ဖောက်လုပ်ခြင်းများအား သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါအားလျော်စွာ ကြိုတင် အသိပေးခြင်း၊ ပုံမှန်ဆောင် ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်)အဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဇွန်၁ရက်၊ စက်တင်ဘာ ၁၃၊ ၂၆ရက်နှင့် အောက်တိုဘာ ၂၇၊ ၂၈ ရက်တို့တွင် မိုးမောက် မြို့နယ်၊ လွယ်ဂျယ်မြို့ နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ (KIO) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာ ၁၆ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ ရွာအနီး နယ်မြေလုံခြုံရေး အတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက် နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့်စောင့်ဆိုင်းနေသော ကေအိုင်အေ (ကချင်)အဖွဲ့ တစ်ဖွဲ့မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ မှတစ်ဆင့် ကေအိုင်အေ (ကချင်)အဖွဲ့ထံ သတိပေး အကြောင်းကြားခဲ့ သော်လည်း နိုဝင်ဘာ ၁၇ရက်နေ့ ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာ အနီးအရောက် ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား ၈ဝခန့်သည် အရပ် မျက်နှာ အသီးသီးမှ လက်နက်ကြီး/ လက်နက်ငယ်များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် တစ်ဦး ထပ်မံထိခိုက် ဒဏ်ရာရခဲ့သည်။

သို့ဖြစ်၍ နိုဝင်ဘာ ၁၈ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး တို့အတွက် မိမိဘက်မှ စတင်ပစ်ခတ် တိုက်ခိုက် မှု မဖြစ်ပွားစေရေး အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ်လုပ်ဆောင်၍ အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ် နိုင်ရေး ပြည်နယ် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ (KIO) ထံ ထပ်မံအကြောင်းကြား ခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းမှလည်း နယ်မြေအတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ်မှုအပေါ် နှောင့်ယှက်ပစ်ခတ်ခြင်း မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ် သလို တန်ပြန် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေး ခဲ့ကြောင်း သိရပါသည်။

သို့သော် ကေအိုင်အေ(ကချင်) အဖွဲ့အနေဖြင့် နိုဝင်ဘာ ၁၉ရက် နံနက် ၁၁နာရီခန့်တွင် မိမိ တပ်မတော်မှ ပုံမှန်ပြုလုပ် ဆောင်ရွက်မှုဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းအတွက် ဆမားလမ်းခွဲ- ဂဂမ်လမ်း ပိုင်း ဖောက်လုပ်နေသော စစ်သည်များနှင့် မြေထိုးယာဉ်အား လက်နက်ကြီး များဖြင့် ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည်တုံ့ပြန် ပစ်ခတ် ခဲ့ရကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေလုံခြုံရေး ဆောင်ရွက် ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင် ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန်အတွက် အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့သော်လည်း ကေအိုင်အေ(ကချင်)အဖွဲ့ အနေဖြင့် လက်အောက် အဖွဲ့များ အား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသတွင်း စစ်ရှိန်မြင့်မားစေ သော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန်သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်း အတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်သည့် နိုင်ငံရေး သဘောတူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသတွင်း စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT)တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ တစ်ဖက်မှလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ်အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက် အကူ လမ်းဖောက် လုပ်ခြင်းများကို ပုံမှန်ဆောင် ရွက်လျက်ရှိရာ ကေအိုင်အေ (ကချင်)အဖွဲ့ အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်သည့် စစ်ကြောင်းများအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ဝန်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ


မူရင်းပို့ စ် =>  https://www.facebook.com/photo.php?fbid=655108587933586&set=a.289874261123689.64462.100003033530972&type=1&fref=nf

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...