Ads (728x90)

22.9.2014-7 22.9.2014-8 22.9.2014-9
ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီနှင့် ပူးပေါင်း၍ ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်ရှိ ရွာငံမြို့၊ ပင်းတယမြို့နှင့် အင်းလေးဒေသတို့တွင် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများလုပ်ဆောင်ပေးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ကုသရေးခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီနှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်းထားသည့် ဆေးကုသရေးအဖွဲ့ သည် ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်၊နံနက်ပိုင်းတွင် ရန်ကုန်မှ စတင်ထွက်ခွာခဲ့ရာ ညနေ (၅)နာရီတွင် အောင်ပန်းမြို့သို့ရောက်ရှိသည်။

အဆိုပါဆေးကုသရေးအဖွဲ့သည် အောင်ပန်းမှ ညနေ (၆)နာရီတွင် ဆက်လက်ထွက်ခွာခဲ့ရာ ယင်းနေ့ရက် ည(၉)နာရီတွင် ရွာငံမြို့သို့ ရောက်ရှိခဲ့သည်။ ထိုနောက် ဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၃ ရက်မှ စတင်၍ ရွာငံမြို့ဦးကျောင်းတွင် ဒေသခံများအား သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကုသမှုများပြုလုပ်ပေးခဲ့သည်။

ရွာငံမြို့တွင် ဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၅ ရက်နေ့အထိ သွားနှင့်ခံတွင်းဝေဒနာခံစားနေရသည့် လူနာများအား ကုသမှုပေးခဲ့ရာ (၃)ရက်အတွင်း စုစုပေါင်း လူနာ(၁၀၄၃)ဦး အား ကုသပေးခဲ့ပါသည်။အဆိုပါ သွားနှင့်ခံတွင်းလူနာများထဲမှ လူနာ (၉)ဦးကို အပေါ်အောက်အံကပ်၊ လူနာ (၄)ဦးကို အပေါ်အံကပ်၊ လူနာ(၁)ဦးကို အောက်အံကပ်များ စိုက်ပေးခဲ့ပါသည်။

ထို့နောက် ဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီတွင် ရွာငံမြို့မှ ထွက်ခွာခဲ့ရာ ယင်းနေ့ ညနေ (၆)နာရီတွင် ပင်းတယမြို့သို့ ရောက်ရှိခဲ့သည်။ ပင်းတယမြို့သို့ရောက်ရှိသော ဆေးအဖွဲ့သည် စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ပင်းယမြို့ရှိ မြို့နယ် ဓမ္မာရုံတွင် ဆေးကုသမှုများ စတင်ပြုလုပ်ခဲ့ပါသည်။

ပင်းယမြို့တွင် ဆေးအဖွဲ့သည် စက်တင်ဘာ (၁၇) ရက်အထိ သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသော လူနာများကို ဆေးကုသမှုပေးခဲ့ရာ စုစုပေါင်း လူနာ (၅၃၀) ဦး ကို ကုသမှု ပေးနိုင်ခဲ့သည်။

သွားနှင့်ခံတွင်းလူနာကုသရေး ဆေးအဖွဲ့သည် စက်တင်ဘာ ၁၇ ရက်၊မွန်းလွဲ ၂ နာရီတွင် ပင်းတယမှ ထွက်ခွာခဲ့ရာ ညနေ ၆ နာရီတွင် အင်းလေးဖောင်တော်ဦး သို့ ရောက်ရှိခဲ့သည်။ ဆေးကုသရေးအဖွဲ့သည် အင်းလေး ဖောင်တော်ဦး ရင်ပြင်ရှိ ထိန်ထိန်လင်းဓမ္မာရုံတွင် စက်တင်ဘာ (၁၉) ရက် အထိ ကုသမှုပေးခဲ့ရာ စုစုပေါင်း လူနာ (၂၉၉) ဦး ကုသပေးနိုင်ခဲ့ပါသည်။

ထိုနောက် ဆေးကုသရေးအဖွဲ့ သည် စက်တင်ဘာ ၂၀ ရက်နေ့တွင် အင်းလေးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဆေးကုသမှု ခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ စက်တင်ဘာ ၂၁ ရက်နေ့တွင် ဆေးကုသခရီးစဉ် ပြီးဆုံးသည့် အထိမ်းအမှတ် အဖြစ် သွားဆရာဝန်များနှင့် ဆေးကုအဖွဲ့အား ထူးဖောင်ဒေးရှင်းက ပြင်ဦးလွင် ကန်တော်ကြီးအမျိုးသားဥယျာဉ်၊ ဓါတ်တော်ချိုင့်နှင့် ပွဲကောက် ရေတံခွန် သို့ လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ယခုဆေးကုသမှုအစီအစဉ်ကို အာရှစိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးရေးဘဏ်၊ အဲပုဂံ၊ Aureum Palace ဟိုတယ် နှင့် Myanmar Treasure Resorts တို့မှလည်း စပွန်ဆာအနေဖြင့် ပါဝင် ပူးပေါင်းကူညီခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုဆေးကုသမှု အစီအစဉ်တွင် ပူးပေါင်းကူညီခဲ့သည့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

ထို့အတူယခုဆေးကုသမှုခရီးစဉ်အောင်မြင်ရေးအတွက် ပါဝင်ကူညီခဲ့သော အာရှစိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးရေးဘဏ်၊ အဲပုဂံ၊ Aureum Palace ဟိုတယ် နှင့် Myanmar Treasure Resorts တို့ကိုလည်း ကျေးဇူးတင် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ထူးဖောင်ဒေးရှင်းသည် လက်ရှိအချိန်တွင် ပျောက်ဆုံးနေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေနေသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တတ်စွမ်းသရွေ့ လုပ်ဆောင်လျက် ရှိပါသည်။

ယခု ဆေးကုသမှုခရီးစဉ်တွင် ဆေးကုသမှု ခံယူခဲ့သော လူနာများက ထူးဖောင်ဒေးရှင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီတို့အား ကျေးဇူးတင် စကားများ အထပ်ထပ် ဆိုခဲ့ကြပြီး ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးကိုလည်း ထူးဖောင်ဒေးရှင်းမှ ရှာဖွေတွေ့ရှိပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။
22.9.2014-10 22.9.2014-11 22.9.2014-12


Ref ;Htoo Foundation

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...