Ads (728x90)



ရန်ကုန်၊ သြဂုတ် ၁၂
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှုမှ တရားခံပြေးအဖြစ် ကြေညာထားသူ အသက် ၃၀ ခန့် အမျိုးသားကို ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှ ကျေးရွာတစ်ခုတွင် ဇူလိုင်လကုန်ပိုင်းက ဖမ်းမိခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်တွင် ယာဉ်သုံးစီးဖြင့် လူအုပ်စု ရောက်ရှိလာပြီး ယင်းအဖွဲ့မှ မျက်နှာဖုံးစွပ်ထားသူ ခြောက်ဦးက ဆိုင်အတွင်းရှိ ကိုကျော်မင်းကို ဓားရှည်များဖြင့် ဝင်ရောက် ခုတ်သတ်မှု ဖြစ်ပွားခဲ့ရာမှ သံသယရှိသူ ၂၃ ဦးကို ဖမ်းဆီးကာ သေဒဏ်ထိုက်သည့် ပုဒ်မဖြင့် စွဲချက်တင်စစ်ဆေးနေစဉ် တရားခံပြေးအဖြစ် ကြေညာထားသူ ကိုကျော်ဦးကို ၂ နှစ်ကျော်အကြာတွင် ဖမ်းမိခြင်း ဖြစ်သည်။
“နှစ်အကြာကြီး စုံစမ်းခဲ့ရာက ပြည်သူတွေရဲ့ ကူညီမှုကြောင့် ဖမ်းမိခဲ့တာ၊ သူ့ကို မြောက်ဥက္ကလာ ရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ တရားလိုပြုပြီး မြောက်ပိုင်းခရိုင် တရားရုံးမှ အမှုစွဲတင်တာကို ရာကြီးအမှု နံပါတ် ၁၀၄/၁၄ နဲ့ လက်ခံထားတယ်။ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်။ အဓိက အမှုတွဲက နေပြည်တော်ကို တင်ထားတာကြောင့် အမှုတွဲပြန်ကျမှ ရုံးထုတ်စစ်ဆေးမှာပါ” ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ရှင်းပြသည်။
အဆိုပါအမှုတွင် သေဒဏ်ထိုက်သော ပုဒ်မဖြင့် စစ်ဆေးခံနေရသူများအနက် မျှားလေးအပါအဝင် ရှစ်ဦးမှာ တိုင်းတရားလွှတ်တော်တွင် အယူခံ လျှောက်ထားခဲ့ရာ ရှုံးနိမ်ခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ထပ်မံအယူခံ ဝင်ရောက်ခဲ့ကြောင်း၊ ဖမ်းမိထားသော အမျိုးသားကို သီးသန့် စစ်ဆေးမည်ဖြစ်ပြီး ယခင်သက်သေများကို ပြန်လည်ခေါ်ယူ စစ်ဆေးမည် ဖြစ်ကြောင်း၊ ယင်းအမျိုးသားကို အမိန့်ချပါက ယခင် တရားစွဲဆို ခံရသူများနှင့်အတူ တစ်ပေါင်းတည်း ချမှတ်မည် ဖြစ်ကြောင်း၊ စစ်ဆေးခံနေရသူများဘက်မှ အကျိုးဆောင် ရှေ့နေတစ်ဦးက ရှင်းပြသည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မျက်နှာဖုံးစွပ် လူသတ်မှုမှ စစ်ဆေးခံနေရသူများအနက် ရှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တရားရှင် လွှတ်ပေးခဲ့ကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ထပ်မံလျှောက်ထားသော မျှားလေးအပါအဝင် ရှစ်ဦး၏ အယူခံကို ဇူလိုင်လ ၂၃ ရက်နေ့က အဆိုပါရုံး၏ ဥပဒေအရာရှိက အယူခံ လျှောက်ထားချက်ကို ပလပ်ပေးရန် တရားသူကြီးထံ တင်ပြထားကြောင်း၊ အယူခံ ဝင်ထားသော သူများ၏ အမှုတွဲမှာ မြောက်ပိုင်းခရိုင် တရားရုံးသို ပြန်လည် မရောက်ရှိသေးကြောင်း ၎င်းက ပြောသည်။
“ဥပဒေအရာရှိက ကန့်ကွက်ရင် အယူခံလျှောက်တာ ရှုံးမှာသေချာတယ်။ ပြည်သူစိတ်ဝင်စားတဲ့ အမှုဖြစ်လို့ သြဂုတ်လမကုန်ခင် တရားသူကြီးက အမိန့်ချနိုင်တယ်။ အခုထပ်ဖမ်းမိတဲ့ တရားခံပြေး ကြေညာထားသူက ရှေ့နေ မငှားနိုင်တာကြောင့် အစိုးရရှေ့နေ စီစဉ်ပေးထားတယ်” ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ရှင်းပြသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသူများကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးစဉ် ရုံးတော်အတွင်း ခိုက်ရန်ဖြစ်ပွားမှုများ ပြုမူခဲ့သောကြောင့် လုံခြုံရေးအရ မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ကြောင်း၊ အမှုတွဲမှ သံသယဖြစ်ဖွယ် ရှစ်ဦးကို တိုင်းတရားလွှတ်တော်မှ တရားရှင် လွှတ်ပေးခဲ့မှုကို သေဆုံးသူ၏ မိသားစုဘက်မှ ငွေကြေး အခက်အခဲကြောင့် ပြင်ဆင်မှု ဆက်မတက်နိုင်ခဲ့ကြောင်း၊ ယင်းအပေါ် နိုင်ငံတော်၏ အစိုးရရှေ့နေများက ဆက်လက် ဆောင်ရွက်ပေးရန် သင့်ကြောင်း ယင်းအမှုကို လေ့လာ စောင့်ကြည့်နေသော ရှေ့နေများက သုံးသပ်ပြောကြားသည်။
The Voice

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...