Ads (728x90)


+++++++++++++++++++++++++++++++++++++++++++++++++

MH370 လေယာဉ် ပျောက်ဆုံးမှုကို ရှာဖွေနေခဲ့ကြတာ အခုဆိုရင် ၅ ရက် မြောက်ခဲ့ပါပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ ဇာတ်လမ်းတွေနဲ့ အတူ အခုနောက်ပိုင်းမှာ သံသယတွေ ပိုမို ကြီးထွားလာနေပါပြီ။

နောက်ဆုံး အက်ဒမန် ပင်လယ်ဖက်ဆီကို ရှာဖွေ ခရီးဆက်ကြမယ်ဆိုတဲ့ သတင်းဟာ အများပြည်သူတွေအတွက် သံသယကနေ ဒေါသ ထွက်လာတဲ့အထိ ဖြစ်လာစေပါတယ်။

ပထမဆုံး လေယာဉ်ဟာ ရုတ်တရက် အဆက်အသွယ် ပျက်သွားခဲ့တယ်ဆိုတဲ့အတွက် အားလုံး အံ့အားသင့်ခဲ့ကြရတယ်။ အဲဒီနောက် ပါတ်စ်ပို့ အတုအယောင် ကိုင်ဆောင်သူ ၂ ယောက် သတင်းထွက်လာပြန်တော့ အာရုံ တစ်မျိုး ပြောင်းသွားကြရပြန်ပါတယ်။ အီရန် နိုင်ငံသားတွေ ဖြစ်လို့ လေယာဉ် ပြန်ပေးဆွဲခံရတာ ပိုဖြစ်နိုင်တယ်လို့ သံသယတွေ ပိုမိုလာတဲ့အချိန်မှာ မလေးရှားရဲက ဒါဟာ ပြန်ပေးဆွဲတာ ဖြစ်နိုင်စရာ အချက်အလက် သိပ်မရှိဘူးလို့ ထုတ်ပြန်လိုက်ပြန်တော့ အားလုံးရဲ့ စိတ်ထဲမှာ သို့လော သို့လော ဖြစ်နေခဲ့ကြရတာပါ။

ပျောက်ဆုံး လေယာဉ်ဟာ ပျက်ကျတယ်ဆိုရင်လည်း ဒီလောက် ပိုက်စိတ်တိုက် အင်တိုက်အားတိုက် ရှာဖွေနေရာမှာ အစအန တစ်စုံတစ်ခု တွေ့နိုင်လောက်တဲ့ အနေအထားပါ။ ပြန်ပေးဆွဲတယ် ပြောရအောင်လည်း ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်လာတာမျိုး မရှိသေး။

ဗီယက်နမ် ပင်လယ်ထဲမှာ ပျောက်သွားတဲ့ သဘောရှိတဲ့အတွက် ပထမဆုံး ဗီယက်နမ်တွေက တစ်ခုခုကို ထိမ်ချန် ထားတယ်လို့ သုံးသပ်သူ တစ်ချို့ ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ အင်မတန် နည်းတဲ့ အရာတစ်ခုပါ။ ဗီယက်နမ်ဟာ ကမ္ဘာ့အလယ်မှာ အင်အားကြီး နိုင်ငံတစ်ခု မဟုတ်သေးပါဘူး။ လုပ်ဖို့ အခွင့်အလမ်းလည်း နည်းမယ်လို့ ထင်ရပါတယ်။

ခု နောက်ဆုံး သတင်းအရ လေယာဉ်ဟာ မလေးရှားဖက်ကို ပြန်ကွေ့ပြီး တစ်ခေါက် ဖြတ်ကျော်သွားပြီးမှ မလက်ကာ ရေလက်ကြားထဲမှာ ပျောက်သွားသလိုလို သတင်းထွက်လာပါတယ်။ အဲဒါကို မလေးရှား စစ်တပ်က သိလိုက်တဲ့ အနေအထားပါ။ အဲ့ဒီ သတင်းက လူထုကို ပေါက်ကွဲစေတဲ့ သတင်းပါ။ ဒီသတင်းကြောင့် ဗီယက်နမ်ဖက်ကလည်း သူတို့ဘက်အခြမ်းမှာ ဆက်လက်ရှာဖွေဖို့ သင်္ဘောတွေကို ရပ်နားခဲ့ပါပြီ။ သတင်းကို အတည်ပြုပေးဖို့ မလေးရှား စစ်တပ်ဆီကို မေးမြန်းရာမှာလည်း မလေးရှားဖက်က မဖြေဘူးလို့ သိရပါတယ်။ ၂ ခါ မေးပေမယ့် မဖြေခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ မလေးရှား လေတပ် အရာရှိက မလက်ကာ ရေလက်ကြားဖက်က သတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။ ဒါပေမယ့် ရှာဖွေရေး အဖွဲ့တွေကတော့ မလက်ကာ ရေလက်ကြားဆီကို ချီတက်သွားကြပါပြီ။ အဲ့ဒီကနေ တစ်ဆင့် ထိုင်း၊ မြန်မာ ဖက်ဆီကို အက်ဒမန်ပင်လယ် (Andaman sea) ဖက်ကို ဆက်လက်ရှာဖွေကြမှာပါ။

အငြင်းပွားစရာ ဖြစ်တာက တကယ်လို့ မလေးရှား စစ်တပ်က MH370 မလေးရှားဖက်ကို ပြန်ကွေ့လာတာကို မမြင်ခဲ့ဘူးဆိုရင် ဘာ့ကြောင့်များ မလက်ကာဖက်ကို ရှာဖွေရေး ထွက်ကြရတာလဲ။ ကွာလာလမ်ပူ - ဘေဂျင်း ခရီးစဉ်နဲ့ လားလားမှ မပါက်သက်တဲ့ နေရာ တစ်ခုပါ။ လေယာဉ်ဟာ ပြန်လှည့်လာတယ်ဆိုတဲ့ သတင်းကို ဘာမှ မှတ်ချက် မပေးလိုဘူး ဆိုပြီးတော့ ဘာ့ကြောင့်များ မလက်ကာရေလက်ကြား ၊ အက်ဒမန် ပင်လယ်ဆီကို ဦးတည်လာရတာလဲ။

နောက်ဆုံး ဝင်လာတဲ့ သံသယ ကတော့ မလေးရှား အစိုးရနှင့် မလေးရှား အဲယားလိုင်းဟာ ပြည်သူတွေကို တစ်စုံတစ်ရာ ထိမ်ချန်ထားတယ်ရယ်လို့ မြင်လာကြတာပါပဲ။ ဖြစ်နိုင်ချေ ရှိတဲ့ အရာတစ်ခုပါ။


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...