Ads (728x90)

Photo: ငါတို့မြန်မာပြည်က လူတွေ စည်းမရှိကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူးကွာ ဆိုတဲ့သူတွေကို ပြောပါရစေ

ဟာ . . ကွမ်းတံတွေးတွေ ထွေးသွားပြန်ပြီ

ဟာ . . အမှိုက်တွေ လမ်းပေါ် ပစ်သွားပြန်ပြီ

ဟာ . . နောက်က တန်းမစီပဲ ကြားဖြတ်ဝင်သွားပြန်ပြီ

ဒီအသံတွေက မြန်မာပြည်မှာ နေ့စဉ်လိုလို ကြားနေရတဲ့ အသံတွေ ပါ

ဒါတွေကို အခြေခံပြီး လက်တစ်ဆုပ်စာ အချို့က ပြောပါတယ်

ငါတို့ မြန်မာပြည်ကလူတွေ စည်းမရှိ ကမ်းမရှိ နဲ့ ဒီမိုကရေစီ နဲ့ မတန်ပါဘူး ကွာ တဲ့

ဒါကို ကျနော် လက်မခံ နိုင်ပါဘူး

ကျနော်က လက်ရှိ မြန်မာပြည် နဲ့ ဝေး တဲ့ နေရာကိုရောက်နေတဲ့သူပါ ၊

ကျနော် လက်ရှိနေရာမှာ မီးမပြတ်ပါဘူး ၊ ရေ မပြတ်ပါဘူး ၊ တယ်လီဖုန်းမပြတ်ပါဘူး ၊ မီးပွိုင့်တွေ မပြတ်ပါဘူး ၊ လမ်းတွေမှာ ချိုင့်ခွက်တွေမရှိပါဘူး ၊ လမ်းကူးချင်ရင် ခလုပ်ကလေးနှိပ်ရုံ နဲ့ ကားတွေ ရပ်ပေးကြပါတယ် ၊ သတင်းစာရောင်းတဲ့နေရာမှာ

အစောင့်ထားစရာမလိုပါဘူး ၊ အကြွေစေ့မရှိရင် ကိုယ့်ဟာကိုယ် အကြွေစေ့နှိုက်ပြိး အမ်းခဲ့လို့ရပါတယ် ၊ ရထားနောက်မကျ တတ်ပါဘူး ၊ အရေးကြုံလို့ ၉၁၁ ကိုလှမ်းဆက်ရင် ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ရဲတွေ ရောက်လာတတ်ပါတယ် ၊ လမ်းဘေးလဲကျနေသူ

တစ်ယောက်ကို သိသိ မသိသိ လူနာတင်ကားတွေ လာတင်သွားတတ်ပါတယ် ၊ မိုးကြီးမယ်ဆို တီဗီ နဲ့ ရေဒီယိုတွေက ကြိုတင် အကြောင်းကြားလေ့ရှိပါတယ် ၊ လေဆင်နှာမောင်းသတိပေးချက်တွေလည်း ရေဒိယို နဲ့ တီဗီတွေက လာပါတယ် ၊ အခြေခံပညာကို

ပိုက်ဆံမရှိလို့ မိဘ မထားနိုင်လို့ ကျောင်းမတတ်နိုင်တဲ့သူတွေ မရှိပါဘူး ၊ ဘယ်သူကမှ ဘယ်ရာထူးကြီးတဲ့သူတွေရဲ့ သားတွေ သမီးတွေ ဆွေမျိုးတွေ ဖြစ်တယ်ဆိုပြီး အခွင့်ထူးခံလို့မရပါဘူး ၊ ရုံးက ကား နဲ့ ဒရိုင်ဘာကို အိမ်က မိန်းမဈေးဝယ်ထွက်ဖို့ လိုက်ပို့တာ ၊

ရုံးကားကို သားတွေ သမီးတွေ ယူစီးပြိး ပျှော်ပွဲစားထွက်တာ တွေ မရှိပါဘူး ၊

အဲလို ပတ်ဝန်းကျင်မှာတောင်

လမ်းပေါ် တံတွေးထွေးတဲ့သူ ရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
အမှိုက်တွေ လမ်းပေါ်ပစ်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ
တန်းမစီပဲ ကြားဖြတ်ဝင်တဲ့သူရှိပါတယ် ၊ တစ်ယောက်စ နှစ်ယောက်စ ပါ

အဲဒီ တစ်ယောက်စနှစ်ယောက်စရဲ့ လုပ်ရပ်ကို ပတ်ဝန်းကျင်က လူတွေ အားလုံး နားမလည် တဲ့ ပုံစံ နဲ့ ဝိုင်းကြည့်ကြပါလိမ့်မယ် ၊

အချိန်မီ စည်ပင်သာယာက သန့်ရှင်းရေးသမားတွေ လာရောက်ရှင်းလင်းပါလိမ့်မယ် ၊ ကြားဖြတ်ဝင်သူကို အားလုံးက လူကြီးလူကောင်းပီသအောင် စနစ်တကျတန်းစီပါလို့ ဝိုင်းပြောကြပါလိမ့်မယ် ၊

ဟုတ်ပါတယ် ကျနော်ပြောချင်တာက လက်ရှိကနော်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ အဲလို စည်းကမ်းဖောက်တာတွေကို ဘယ်သူကမှ မလုပ်ချင်ကြပါဘူး ၊ အဲလိုစည်းကမ်းဖောက်တာဟာ လူတစ်ယောက်ရဲ့ လူ့အရည်အချင်းကြီး နိမ့်ကျ သွားတယ် လို့ အာလုံး

ခံစားမှတ်ယူကြပါတယ် ၊ အဲဒါဟာ အားလုံး အထူးတလည် မသင်ရပဲ တတ်လာတာ လို့ ပြောလို့ရပါတယ် ၊

ဘာလို့ အထူးတလည် မသင်ရပဲ တတ်လာကြတာလဲ ၊

ပတ်ဝန်းကျင်ကောင်းမှာ တောက်လျှောက် နေခဲ့ရလို့ပါ ၊ အဲဒါ ပတ်ဝန်းကျင်ကောင်းရဲ့ သဘာဝအလျှောက် လက်ဆင့်ကမ်းလိုက်တဲ့ အလေ့အကျင့်ကောင်းတွေပါ ၊

မြန်မာပြည်မှာတော့ ၁၉၆၂ လောက်ကတည်းက အခုအချိန်အထိ ပြောမယ်ဆိုရင် အနှစ် ၅၀ လောက် ပတ်ဝန်းကျင်ကောင်းတွေ တောက်လျှောက် မရှိခဲ့ပါဘူး ၊

မီမမှန် ရေမမှန် တယ်လီဖုန်းမမှန် ၊ မီးပျက်နေတဲ့ မီးပွိုင့် ၊ မိုးရွာရင်ရေလျှံတဲ့မြောင်း ၊ အာဏာပါဝါပြပြီး လူပ်ါလူဇော်လုပ်ချင်တဲ့ ရာထူးကြီးသူတွေ ၊ လက်ဆောင်ပဏ္ဍာပေးမှ မျက်နှာချိုတဲ့ အထက်လူကြီးတွေ ၊ ငိုစားရီစား တရားသူကြီးတွေ ၊ ငွေပေးမှ ရန်မလိုတဲ့ ရဲတွေ ၊

ငွေပေးမှ ရေထွက်လာတဲ့ မီးသတ်တွေ ၊ လက်ဘက်ရည်ဖိုးပေးမှ အလုပ်လုပ်တတ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ရာထူးမြဲအောင် ဆက်ကြေးပေးနေရတဲ့ ပတ်ဝန်းကျင်တွေ ၊ ပိုက်ဆံမရှိလို့ ကလေးတွေ ကျောင်းမထားနိုင်တာတွေ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်တာတွေ

ရှိတဲ့ပတ်ဝန်းကျင် ၊

အဲလို အဲလို ပတ်ဝန်းကျင်တွေမှာ ကြီ်းပြင်းခဲ့ရတဲ့ မြန်မာပြည်က လူငယ် လူရွယ် လူကြီးတစ်ပိုင်းဖြစ်နေကြသူတွေ ဘယ်လောက်များ တောင့်ခံနိုင်ကြမှာလဲ ၊

၁၉၆၀ ဝန်းကျင်မှာ အသက် ၅ နှစ်လောက်ရှိခဲ့တဲ့သူတွေက အခုဆို အသက် ၅၅နှစ်လောက်ရှိနေကြပြီလေ ၊ ကျနော့် ဘကြီးအရွယ်ရှိနေကြမှာပေါ့ ၊

မှန်တဲ့သူ သေမှာ ပဲဆိုတဲ့ ပျက်လုံး ၊ မှန်ကန်ရင် ကွဲတတ်တယ် ၊ ၂ နဲ့ ၃ ပေါင်းရင် အဖြေ ၅ မထွက်ပဲ ၅၀ ၊ ၅၀၀ ၊ ၅၀၀၀ ကြိုက်သလောက်ထွက်လို့ရတယ်ဆိုတဲ့ ပျက်လုံးတွေ ခေတ်စားနေတဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ကြီးထဲမှာ ၊ မျက်နှာကြီးရာ ဟင်းဘက်ပါတဲ့ ဥပဒေ နဲ့

အုပ်ချုပ်နေတဲ့ လောင်းရိပ်ခံ ဘဝကြီး ထဲမှာ လက်ရှိမြန်မာပြည်သူပြည်သားတွေ ဘယ်လိုရှင်သန်ကြီးပြင်းခဲ့ရပါသလဲ ဆိုတာ သိပ်ခက်တဲ့ပေးခွန်းမဟုတ်လောက်ပါဘူး ၊

မြန်မာပြည်ကို တကယ် ပြုပြင်ချင်တယ်ဆိုရင်

လက်ရှိ ထာဝန်ယူရာထူးကြီးသူတွေကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် ၊ အဲဒီ ရာထူးကြီး တာဝန်ကြီးယူထားတဲ့သူတွေကိုယ်တိုင် စည်းကမ်းရှိပြရပါမယ် ၊

လမ်းပေါ်မှာ ရေမလျှံအောင် မိုးမရွာခင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါမယ် ၊

မီးပွိုင့်မှာ မီးအမြဲလာနေအောင် လုပ်ထားကြရပါမယ် ၊

ရပ်ကွက်ထဲမှာ မီးပြတ်မယ် ရေပြတ်မယ် ဆိုရင် ကြိုတင်အကြောင်းကြားတဲ့ စနစ် ထားရှိရပါမယ် ၊

အရေးကြုံလို့ ၉၁၁ (မြန်မာပြည်မှာ ၁၉၉) ကိုဖုံးဆင်ရင် ချက်ချင်း အရေးယူဆောင်ရွက်တဲ့ စနစ် ထားရှိရပါမယ် ၊

မြန်ပြည်ကြီးမှာ ရှိတဲ့ လူငယ် လူရွယ်တွေ လူကြီးလူမိုက်တွေကို ပြုပြင်ဖို့အတွက် တင်းကျပ်တဲ့စည်းကမ်းတွေအရင်ရှိဖို့မလိုပါဘူး ၊ တရားမျှတပြီးလူကောင်းတွေရှိနေတဲ့ ပတ်ဝန်းကျင်အရင်ရှိဖို့လိုပါတယ် ၊

အဲဒီပတ်ဝန်းကျင်ရှိနေအောင် အကောင်အထည်ဖော်ရမှာက လက်ရှိ အစိုးရ နဲ့ လက်ရှိလွှတ်တော်ပါပဲ ၊

အစိုးရ နဲ့ လွှတ်တော်က တရားမျှတပြီး လူကောင်းတွေ နေနေတဲ့ပတ်ဝန်းကျင်ကြီးကို မြန်မာပြည်သူပြည်သားတွေ သိမြင် ထိတွေ့ ခံစား နိုင်အောင် အစိုးရ နဲ့ လွှတ်တော် ယန္တရားကြီးကိုယ်တိုင်က စတင်လက်တွေ့ နေပြလုပ်ပြရပါမယ် ၊

အဲဒီလို လူမှုစနစ် ယန္တယားကြီးကို စောင့်ရှောက်ကာကွယ်နေပါတယ် ဆိုတဲ့ သူတွေက စပြီးကောင်းနေရင် လူငယ်လူရွယ်တွေ ကောင်းလာဖို့ သိပ်ဝေးမှာ မဟုတ်တော့ပါဘူး ၊

အဲလို အကြောင်းအကျိုးကို မတွေးခေါ် မပြုပြင်ပဲ လူငယ်တိုင်းကို လက်ညှိုးထိုးပြီး မြန်မာတွေ စည်းကမ်းမရှိဘူး ဒီမိုကရေစီနဲ့ မတန်ဘူလို့ ပြောပြော နေရင်တော့ အကြံအစည် တစ်ခုခု နဲ့ ပြောနေတာလို့ သတ်မှတ်ရတော့မှာပါပဲ . . .

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...