Ads (728x90)


မန္တလေး၊ အောက်တိုဘာ ၂၄ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပွဲတော် ကာလအတွင်း အားကစား ပွဲစဉ်များကို ပြည်သူများ တိုက်ရိုက် ကြည့်ရှုနိုင်ရန်အတွက် မန္တလေးမြို့တော် လူစည်ကားရာ နေရာ သုံးနေရာတွင် LED board များဖြင့် ပြသသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ “SEA Games ပွဲတော်ကျင်းပရေး ကော်မတီကနေ SEA Games လှုံ့ဆော်ရေး အနေနဲ့ လုပ်မယ်ဆိုပြီး စာပို့လာလို့ပါ။ မန္တလေးမြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ ထားမယ်။ ဘူတာကြီး အတက်၊ အဆင်းလမ်း ဘယ်၊ ညာမှာ တစ်ခုစီနဲ့ ဆီဒိုးနားဟိုတယ်ရှေ့မှာ တစ်ခု၊ စုစုပေါင်းသုံးခု။ ဆီဒိုးနား ရှေ့မှာတော့ တပ်ပြီးသွားပြီ။ ဘူတာကြီး နေရာနှစ်ခုကတော့ ဘယ်တော့တပ်ဖြစ်မလဲ မသိသေးဘူး” ဟု ၎င်းကဆိုသည်။ အဆိုပါ LED board များတွင် SEA Games အားကစားပွဲများကို တိုက်ရိုက်ပြသမည့်အပြင် ကြော်ငြာများကိုပါ ထုတ်လွှင့် ပြသသွားမည်ဖြစ်ပြီး မည်သည့်ပွဲစဉ်များ ပြသမည်ကိုမူ မသိရှိရသေးကြောင်း အဆိုပါတာဝန်ရှိသူက ထပ်မံပြောကြားသည်။ “SEA Games ပွဲတော် ရိုက်ကူးမယ့် Channel လိုင်းတွေက အများကြီးဆိုတော့ ဘယ်လိုင်းနဲ့ ချိတ်ဆက်ပြီး ပြမယ် ဆိုတာတွေ၊ နေပြည်တော်ရော၊ မန္တလေးရော၊ ရန်ကုန်ရော ဆိုတော့ ဘယ်မှာ လုပ်မယ့်ပွဲကို လုပ်မယ် ဆိုတာတွေရော မညှိရသေးဘူးဆိုတော့ ပြသမယ့် ပွဲစဉ်တွေကို မပြောနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ LED board များဖြင့် တိုက်ရိုက်ပြသမည့် အစီအစဉ်မှာ ကောင်းမွန်သော်လည်း ဘူတာကြီးနေရာမှာ ယာဉ်အသွား အလာများသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်မည်ကို စိုးရိမ်ကြောင်း၊ လူစည်ကား ရာနေရာများ ဖြစ်သည့်အတွက် အခန့်မသင့်၍ ဖျက်ဆီးနှောင့်ယှက်မှုများ ဖြစ်ပွားလာပါက အဆိုပါ ကိစ္စများကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အသက် ၂၀ ကျော်အရွယ် ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ အဆိုပါ LED board များဖြင့် တိုက်ရိုက်ပြသခွင့်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် Shwe Super Light ကုမ္ပဏီက ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရှိရသည်။
 (ခန့်ခန့်)


တီဗွီ က ကြည့်တာပိုကောင်းမယ်ထင်တယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...