မဖဲဝါစာအုပ်ထွက်တုန်းကအကြောင်းေ
မဖဲဝါစာအုပ်ကို ကျနော်ကိုယ်တိုင်ထုတ်တာပါ။ ခုနေ ပြောရရင် ရယ်စရာလည်း ကောင်းပါရဲ့။ မဖဲဝါရယ်၊ သစ်ခြောက်ကုန်းရယ်၊ ပုဏ္ဏကတိုက်တဲ့အိမ်ရယ် သုံးအုပ်ကို ရေးပြီးတော့ လိုက်ရောင်းတာ ၀ယ်မဲ့သူ မရှိခဲ့ဘူးဗျာ။ ထုတ်ပေးမယ့်သူ မရှိတာပေါ့။ ကျနော့်ကံကြမ္မာပဲ ပြောရမလား? ကျနော်ဟာ ပရိသတ်ကြိုက်အောင်ရေးတတ်ပေမဲ့ ထုတ်ဝေသူ ကြိုက်အောင်မလုပ်တတ်ပါ။ ကျနော်လုပ်လိုက်ရင် အမြဲ အဆန်းတွေချည်းကိုး ရှေ့မှာ ရှိနှင့်မထားတာမျိုးကို ကျနော်လုပ်လေ့ရှိတယ်။ ထုတ်ဝေသူအများစုက သေချာတာ၊ ဈေးကွက်မှာ မြင်နေကျဖြစ်တာမျိုးကိုပဲ လိုချင်ကြတယ်လေ။ ထားပါတော့။အဲဒီတုန်းက အဲဒီစာအုပ်လေး ၃အုပ်ခမျာ ထုတ်ပေးမဲ့သူမရှိတော့ တ၀ဲဝဲ တလည်လည်။ အစက တစ်အုပ် ၃သိန်းရရင်ရောင်းမယ်ပေါ့။ နောက်တစ်ထစ်လျှော့လာတယ်။ တစ်အုပ်တစ်သိန်း၊ သုံးအုပ်ပေါင်း ၃သိန်း။ ဒါလဲ မရပြန်ဘူး။ ဘာရမလဲ၊ စိတ်မာတဲ့ ဒဿကလေးပဲ၊ တစ်အုပ် ၃သောင်းသာ ပေးပါတော့ဗျာ၊ လုပ်ကြည့်တယ်။ အဲဒါလဲ မရပြန်ဘူး။ ဒီတော့ အလကားသာ ထုတ်ပါတော့။ ကျနော့်ကလောင်နာမည်လေး လူသိရင် ပြီးတာပဲ လုပ်တယ်။ မာနကြီးပုံများပြောပါတယ်လေ။ ဒီတော့မှ ရှားရှားပါးပါး ထုတ်ဝေသူလေးတစ်ယောက်တွေ့ပါတယ်။ သူက စာမူတွေ ယူထားကြည့်တယ်။ အေး ငါကြည့်ကြည့်မယ်ကွာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါတယ် ခမျာပေါ့လေ။
ဒါပေမဲ့ နောက်တစ်ပတ်လောက်အကြာ မျှော်လင့်ချက်ကြီးနဲ့ သူ့ဆီသွားတော့ ဘာပြောတယ် မှတ်သလဲ?
`မင်းစာမူတွေ မြန်မြန်ပြန်ယူသွားပါတော့ကွာ´
တဲ့။ ကျနော် အံ့သြသွားတယ်။
`ဟာ ဘာဖြစ်လို့လဲ ခညာ´
ပေါ့။ မြေကြီးဆီ မျက်နှာပြု၊ ခေါင်းက ငိုက်စိုက်။ အ၀ိစိကျမတတ် ကျဆင်းနေတဲ့ စိတ်ဓာတ်တွေနဲ့ အသက်ဆုံးခါနီးလူမမာလို အသံကလေးယဲ့ယဲ့ မေးလိုက်မိတယ်။
`ဟာ မင်းစာမူ ငါ့အိမ်ရောက်ကတည်းကကွာ၊ ဘာဖြစ်မှန်းမသိဘူး အိမ်ကကလေးတွေဆိုတာ ငိုလိုက်ကြတာ အရမ်း၊ မင်းစာမူတွေက သရဲများ ပူးနေသလား ထင်ရတယ်၊ မင်းကလဲ ဒီစာမူတွေကို သုသာန်ထဲက ဇရပ်မှာ ရေးခဲ့တာဆို´
တဲ့။ အမှန်တိုင်းဝန်ခံရရင်တော့ အဲဒီစာမူတွေကို သုဘရာဇာကြီးတစ်ယောက်ရဲ့အိမ်မှာ ကပ်နေတုန်းကတစ်ဝက်၊ ဘုန်းကြီးကျောင်းတစ်ခုမှာ တစ်ဝက်ရေးခဲ့တာပါ။ ဒီအကြောင်းတွေ နောက်မှ ကျနော် ရေးပြပါဦးမယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကြည့်ရတာ ဟို ထုတ်ဝေသူက မထုတ်ချင်လို့ တမင်ရမယ်ရှာတာနဲ့ တူပါရဲ့။
ကျနော့်မှာ စာမူလေး ၃ခုပိုက်ပြီး ငိုမဲ့မဲ့လေးနဲ့ သူ့အိမ်က ပြန်လာခဲ့ရတယ်။ နောင်တစ်ချိန်မှာ ကျနော့်ကို လျှမ်းလျှမ်းတောက်ဖြစ်လာစေမဲ့ စာအုပ်တွေနော်။ သုသာန်စောင့်မဖဲဝါ၊ သစ်ခြောက်ကုန်း နဲ့ ပုဏ္ဏကတိုက်တဲ့အိမ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီလို ဖြတ်သန်းခဲ့ရတာပါ။
အဲဒီကာလတွေတုန်းက ကျနော်ပိုင်တဲ့ ကုမ္ပဏီပျက်၊ စီးပွားလည်း ပျက် ၊ ကျနော်လည်း ဘ၀ပျက်နေချိန်ပါ။ အဲဒီတုန်းက ကျနော် ရန်ကုန်မှာ နေတာ မဟုတ်ပါ။ စာမူလည်း (အလကားပေးတာတောင်) ထုတ်ပေးမဲ့သူ မရှိတဲ့နောက် နယ်ပြန်ရကောင်းမလား ကျနော်စဉ်းစားပါတယ်။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ အမေတို့ကို သွားနှုတ်ဆက်ဦးမယ်ဆိုပြီး မိဘအိမ်ဝင်ပါတယ်။
ကျနော့်မျက်နှာထားဟာ အဲဒီတုန်းက တော်တော့ကို ဆိုးဆိုးရွားရွားပျက်ယွင်းနေသလာ
`သားဘာဖြစ်နေတာလဲ´
တဲ့။ ကျနော်မပြောဘူး။ မေမေက အတင်းမေးတယ်။ နောက်ဆုံး မနေနိုင်တော့တဲ့ ကျနော် မျက်ရည်အ၀ဲသားနဲ့ မေမေ့ဆီမှာ ဖွင့်ထုတ်ပြောပြလိုက်မိပါတော့တယ
`ရော့ ငါ့သား အမေ့လက်ကောက်ယူသွား´
တဲ့။ လက်ကောက်ဝတ်မှာ သူဝတ်ထားတဲ့ ရှေးလက်ကောက်ကို ချွတ်ပေးနေတဲ့ မေမေ့ကိုကြည့်ပြီး ကျနော် အံ့သြသွားတယ်။ အဲဒါက သူ့အမေ (ကျနော့်အဘွား) ဆီက အမွေရထားတဲ့ လက်ကောက်ပါ။ အဖေ့မှာ ဘယ်လောက်ပိုက်ဆံလိုလို အမေ မပေးခဲ့ဘူး။ ဒါပေမဲ့ ကျနော့်ကိုတော့ မတောင်းပဲ သူပေးခဲ့တယ်။ ကျနော်ငြင်းပေမဲ့ မိခင်မေတ္တာမို့ မလွန်ဆန်နိုင်ခဲ့ဘူး။ အမှန်တိုင်းပြောရရင် အဲဒီအချိန်မှာ အမေသာ မကူညီရင် ကျနော်လည်း မိတ်ဆွေ သုဘရာဇာကြီးနောက်လိုက်ပြီး သုဘရာဇာကလေးဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဘုန်းကြီးပဲ ၀တ်ရင်ဝတ် ... အခုလို နာမည်ကျော်တစ်ယောက်ဖြစ်ရဖို့ လမ်းစလုံးဝမရှိတာတော့ အမှန်ပါပဲ။အတိုချုပ်ပြောရရင်တော
မဖဲဝါစာအုပ်ကို ပုံနှိပ်တော့ ဟန်နီ (စန်းမွန်အောင်) ဆိုတဲ့ သူငယ်ချင်းက သူ့ပုံနှိပ်တိုက်မှာ အလကား ပုံနှိပ်ပေးပါတယ်။ ဒါပေမဲ့ သူပုံနှိပ်တိုက်က အတွင်းလို့ ကျနော်တော့ ခေါ်ကြတဲ့ စာအုပိအတွင်းသားတွေကိုပဲ ပုံနှိပ်နိုင်တယ်။ အဖုံးကိုတော့ သပ်သပ် တစ်နေရာမှာ ပုံနှိပ်ရတာပေါ့။ အဖုံးကို ပုံနှိပ်ဖြစ်တဲ့တိုက်က ရွှေနဂါးဆိုတဲ့ ပုံနှိပ်တိုက်။
ညဘက်ကြီး ပုံနှိပ်ဖြစ်တယ်။ မှတ်မှတ်ရရ အဲဒီနေ့က လပြည့်နေ့ည။
ညနေပိုင်းကတည်းက ကျနော် အဖုံးပုံနှိပ်ဖို့ စက္ကူတွေ ဖလင်တွေ ပုံနှိပ်စက်ဆီ ပို့ပေးထားပြီမို့ အေးအေးလူလူပဲ။ အိမ်ပြန်ပြီး အိပ်နေတယ်။ ကျနော်က တစ်ခါတစ်လေ ညနေပိုင်းအိပ်တတ်ပါတယ်။ ပြောရရင် ညနေပိုင်းတင်မဟုတ်ပါဘူး။ နေ့ပိုင်း တစ်ချိန်လုံးအိပ်ချင် အိပ်နေတတ်တာ။ ညဘက်လူချေတိတ်ချိန်ရောက်မှ စာထရေးတယ်လေ။
အဲဒီနေ့ကလဲ ညနေပိုင်း အိပ်နေတုန်း မှေးမှေး မှေးမှေးနဲ့ အိပ်မောကျရုံရှိသေး။ အိပ်မက်လိုလို မက်တယ်။
`ဟေ့ကောင် ထစမ်း ထစမ်း´
တဲ့။ အဲဒီအချိန် ကျနော်တို့အိမ်မှာ ဘယ်သူမှမရှိဘူး။ ကျနော်က သာကေတက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ခန်း
ပြီးတော့ ကျနော့်ကို ခေါ်တာကလဲ လူကြီးတစ်ယောက် ကိုယ့်ထက်ကြီးကဲတဲ့ သူတစ်ယောက်က ကျနော့်ကို ခေါ်သလို အသံမျိုး။.
အဲဒီအသံကြောင့် ကျနော်လန့်နိုးလာချိန်မှာ ဟိုဘက် ကပ်ရက်အခန်းက ကောင်မလေးလာပြောပါတယ်။
`အစ်ကိုရေ အစ်ကို့ဆီ ဖုန်းလာနေတယ်´
တဲ့။ ကပျာကယာ အ၀တ်အစား ကောက်စွပ်၊ ဖုန်းသွားကိုင်တော့ ပုံနှိပ်တိုက်က ...။
`အဖုံးပုံနှိပ်လို့ မရလို့ လာခဲ့ပါဦး´
တဲ့။ ကျနော်အရင်ကလည်း စာအုပ်တွေလုပ်ခဲ့ဘူးပါတယ်။ ဒီလိုမျိုး တစ်ခါမှ မကြုံခဲ့ဘူးပါ။ ဖုန်းဆက်သူရဲ့ အသံကလည်း တစ်ခုခု သိသိသာသာ တုန်လှုပ်နေဟန်အတိုင်းသား။ ဘာကြောင့်များလဲ သိချင်စိတ်နဲ့ ပုံနှိပ်တိုက်ဆီ ညတွင်းချင်း ကျနော်ပြေးတယ်။
ဟိုရောက်တော့ စက်အဖွဲ့သားတွေအားလုံး ခြောက်ခြား တုန်ယင်နေကြဟန် ကိုယ်စီနဲ့။
`ကျနော်တို့ ခင်ဗျား အဖုံးကို ရိုက်နေတာ အကြိမ်ကြိမ်ရှိပြီ၊ ဘယ်လိုမှ မအောင်မြင်ဘူးဗျာ´
တဲ့။ ဘာကြောင့်လဲ ... ကျနော်မေးတော့ ရှင်းပြတယ်။
`ဟော့ဒီမှာ ကျနော်တို့ရိုက်ထားတာတွေ၊ တခြားပုံတွ ဘာရိုက်ရိုက် အဆင်ပြေတယ်။ ခင်ဗျားရဲ့ မဖဲဝါအဖုံးက ရိုက်ရင် ပုံမထင်ဘူး။ နောက်တစ်ခေါက်ထပ်ရိုက် စက်ဂျမ်းဖြစ်သွားတယ်၊ နောက် မင်က ဖြစ်ရတာနဲ့ အမျိုးမျိုးဖြစ်နေတော့ လန့်လာပြီး ခင်ဗျားဆီ ဖုန်းဆက်လိုက်တာ´
တဲ့။ ပုံလေးတစ်ပုံရိုက်လို့ မရတာနဲ့ သူတို့ လန့်သွားလောက်စရာတော့ အကြောင်းမမြင်ပါဘူး။ စက်ချွတ်ယွင်းမှုဆိုတာက တစ်ခါတစ်လေ ဖြစ်ချင်လည်း ဖြစ်နေကျပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့တော်တော်ကြီးကို လန့်နေကြတယ်။ မဖဲဝါနဲ့များ ပတ်သက်နေမလား။
ဖလင်ပုံကိုထောင်ကြည့်လိုက်တော့ ကျနော်တောင် သွေးကြောတွေထဲအထိ စိမ့်ကနဲ ဖြစ်သွားရပါတယ်။ နက္ကတစ်လို့ ခေါ်ကြတဲ့ ကာလာပြောင်းပြန်ပေါ်တဲ့ ဖလင်မျိုးပါ။ အဲဒီ ဖလင်မှာ ကြည့်တဲ့အခါ မဖဲဝါက တကယ်အသက်ရှိနေသလို ထင်ရတယ်။ မျက်လုံးတွေတစ်ဖျပ်ဖျပ်။ တည့်တည့် စူးစူးရဲရဲကြည့်ရင်း ပြင်းထန်တဲ အပြစ်ဒါဏ်တစ်ခုခု ပေးတော့မလို အသွင်နဲ့။
အဲဒီအချိန်မှာပဲ စူးစူးရှရှ ထိုးဟောင်လိုက်တဲ့ ခွေးဟောင်သံတွေ ကြားလိုက်ရတယ်။
`ဟာ ဒီနေရာမှာ ခွေးတွေ များလှချေလား´
ကျနော်ရိုက်တဲ့ ပုံနှိပ်တိုက်နားမှာ အရင်က ခွေးတစ်ကောင်တစ်မြီးမှ မမြင်မိသလောက်ပါ။ ခုမှ ဆန်းနေတာနဲ့ ကျနော်မှတ်ချက်ချမိတော့ သူတို့က စိတ်မသက်မသာ ပြောလာတယ်။
`အဲဒါကြောင့်ပေါ့´
တဲ့။ ခွေးတွေကပဲ ကျနော်တို့ကို ဆန့်ကျင်ကန့်ကွက်နေတဲ့အလား။ စူးစူးရွားရွား ထိုးဟောင်နေကြတာ။ ပြီးတော့ သံရှည်ကြီးတွေ ဆွဲပြီး အူလိုက်ကြသေး။ ဘာလို့လဲ သူတို့ တစ်စုံတစ်ခုကိုများ မြင်နေကြသလား။ ကျနော်တို့ မဖဲဝါပုံနှိပ်နေတဲ့ ပုံနှိပ်တိုက်နားမှာ တစ်စုံတစ်ခုများ ရောက်ရှိနေသလား?
တွေးမိရင်း ကျနော်တောင်လန့်လာပါတယ်။ တစ်ခုခုတော့ လွဲချော်နေပြီထင်တယ်။ စိတ်က ချက်ချင်း မဖဲဝါဆီ မေတ္တာပို့တယ်။ သူ့အကြောင်းရေးလို့တောင် ရသေးတာပဲ။ ပုံနှိပ်တော့မှ ဘာများဖြစ်နေရတာလဲ?
အမှားအယွင်း တစ်ခုခုများ ရှိသလားလို့ ကျနော် ဟိုဟိုဒီဒီ ဝှေ့ကြည့်တဲ့အခါ ပုံနှိပ်တိုက် တစ်နေရာမှာ ခုံတစ်လုံးပေါ် အထုပ်လိုက်လေး တင်ထားတာ တစ်ခုကို သွားသတိပြုမိလိုက်တယ်။ ၀က်ခေါင်းသုတ် ဖြစ်မယ် ထင်ပါတယ်။ အနားမှာလဲ အရက်တစ်ပုလင်း။ ပုံနှိပ်စက်ကလူတွေ သောက်စားကြတာ နေမှာ။
သူတို့ဘက်ပြန်လှည့်ပြီး ကျနော် မေးလိုက်မိတယ်။
`ခင်ဗျားတို့ ၀က်သားစားထားကြသလား´
ဆိုတော့ ခေါင်းညိတ်ကြတယ်။ အရက်လည်းသောက်ထားကြပုံပဲ။ သတိပြုမိတဲ့အခါ အရက်နံ့ထောင်းကနဲရလိုက်တယ်။
`ဒီလိုလုပ်ပါ၊ ၀က်သားစားမထားတဲ့၊ အရက်သောက်မထားတဲ့ သူမရှိတော့ဘူးလားဗျာ´
ဆိုတော့ စက်ဆရာတွေထဲက တစ်ယောက်ထွက်လာတယ်။ ကျနော်သူ့ကိုသိတယ်၊ သူက အသောက်အစားတော်တော်ကင်းတဲ့သူ။
`ခင်ဗျား ရိုက်ကြည့်ပေးပါလား´
လို့ ကျနော် မေတ္တာရပ်ခံတော့ ကျန်သူတွေက မေးကြတယ်။
`ဘာလို့လဲ မဖဲဝါက အရက်သောက်တာ ၀က်သားစားတာ မကြိုက်ဘူးလား´တဲ့။
`ကျနော် အဲဒါတော့ အတိအကျ မစုံစမ်းရသေးဘူး၊ ဒါပေမဲ့ မြန်မာ နတ်စိမ်းတော်တော်များများကတော့ ၀က်သားစားတာ မကြိုက်တာ အမှန်ပဲ´
ဆန်းတယ်လို့ပဲ ပြောရမလား။ ကျန်တဲ့သူတွေ အကုန်ဖယ်။ ၀က်သားထုတ်နဲ့ အရက်ကိုလည်း အခန်းထဲက ထုတ်လိုက်ပြီး ဆက်ရိုက်တဲ့ အခါ သူတို့ပြောတဲ့ ဘာပြဿနာမှ ဆက်မတွေ့ရတော့ခြင်းပါပဲ။ သေချာတာကတော့ ၀က်သားထုတ်ကို အခန်းထဲက ထုတ်လိုက်တာနဲ့ ခွေးတွေ စူးစူးရွားရွား ထိုးဟောင်နေကြတာ ရပ်သွားတဲ့အကြောင်းပါ။
ဒါပေမဲ့ ကျနော်တို့ လမ်းပေါ်ထွက်ကြည့်ကြတယ်။ ညဥ့်နက်ချိန်မို့ လမ်းမကြီးတစ်လျှောက် ရှင်းလို့ လင်းလို့။ မာကျူရီ မီးတိုင်ရဲ့ အလင်းအောက်မှာ အားလုံး ငြိမ်သက်လို့။ ခွေးအူသံတွေသာ ကြားခဲ့တာ။ အူတဲ့ ခွေးတွေကို မမြင်မိဘူး။ အဝေးတစ်နေရာကပဲ အူကြတာလား? အခုမှ ရှောင်ထွက်သွားကြတာလား? ဥာဏ်မမီနိုင်ခဲ့ပါ။
အဲဒီညက အဲဒီတစ်ယောက် (၀က်သားမစား၊ အရက်သောက်မထား) တဲ့ သူရဲ့ အကူအညီနဲ့မှ ကျနော် မဖဲဝါအဖုံးကို ရိုက်နိုင်ခဲ့ပါတယ်။ တခြားသူတွေက စားသောက်ထားကြတာမို့ ကျနော်ကိုယ်တိုင်ပဲ စက်ဆရာတစ်ပိုင်း ၀င်လုပ်အားပေးခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် မဖဲဝါနဲ့ ပတ်သက်ရင် ပုံမှန်အတိုင်း မဟုတ်ခဲ့တာကတော့ ကျိန်းသေပါပဲ။
နောက်ကြုံရင် မဖဲဝါအကြောင်း ဆက်ပြောပြစရာတွေ ရှိပါသေးတယ်။
ဒဿကျော်စွာ
Credit- https://www.facebook.com/
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။