Ads (728x90)





ဆီးဂိမ်းစ်အတွက် ရွေးချယ်ထားသော ပဏာမစာရင်းထွက်လာတော့ ဝေဖန်သံတွေ ဆူညံသွားခဲ့သည်။ မြန်မာလိဂ်တွင် ပွဲထွက်ခွင့်မရဖူးသေးသော ရခိုင်ကွင်းလယ်လူ မောင်မောင်သန့်၊ ရန်ကုန်လူငယ်အသင်းက ဆက်ဖြိုးဝေ၊ ဟံသာဝတီ အရန်ဂိုးသမား ရန်အောင်လင်းတို့ကို ရွေးချယ်ခဲ့သည့် ပတ်ဆောင်ဟွာကို ဝေဖန်ခဲ့ကြသည်။ ပြစ်တင်ခဲ့ကြသည်။

သို့သော် ဘယ်လိုပင်ဝေဖန်စေကာမူ နည်းပြ ပတ်ဆောင်ဟွာကတော့ အေးဆေးပင်။ ရွေးချယ်ထားသော ကစားသမားသစ် ၃ဦးကို သူကြိုက်၍ စမ်းသပ်ရန်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ သူ့ကိုအကြိုက်တွေ့စေခဲ့သည့်အချက်တွေက မြန်မာနည်းပြများနှင့်မတူ၊ တစ်မူကွဲလွဲနေသည်ကတော့ အမှန်ပင်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်သည့် အင်္ဂလန်အသင်းသည် လူငယ်ကစားသမားလေးဝဲလ်ကော့ကို ရွေးချယ်ခဲ့စဉ်က ဝေဖန်သံတွေ ဆူညံခဲ့ဖူးသည်။

ဝဲလ်ကော့က ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲမှပွဲထွက်ခွင့် မရခဲ့သော်လည်း လူတိုင်းက သူ့ကိုသတိထားမိသွားသည်။ ထိုပြိုင်ပွဲပြီးနောက် ၀ဲလ်ကော့၏နာမည်သည် တစ်ဟုန်ထိုး ကြီးသွားခဲ့သည်။ ယခုပတ်ဆောင်ဟွာက အင်္ဂလန်နည်းပြ အဲရစ်ဆင်လို ပြုလုပ်ခဲ့သည်လား။ တွေးစရာရှိလာခဲ့သည်။

"တွက်ချက်တတ်တာလား"

နည်းပြ ပတ်ဆောင်ဟွာနှင့် တွေ့တိုင်း ကွင်းလယ် ကစားသမားစစ်စစ်လိုချင်သည်ဟု ဆိုလေ့ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်ကွင်းလယ်အတွဲ ရာဇာဝင်းသိန်းနှင့် ရန်အောင်ကျော်တို့ အတွဲသည် အကောင်းဆုံးပင်။ သူတို့နှစ်ဦး ခြေစွမ်းပြခြင်းကြောင့် ရန်ကုန်အသင်း ၃နှစ်ဆက်ဖလားရခဲ့သည်။ သို့သော် သူတို့နှစ်ယောက်စလုံးက ဆီးဂိမ်းအတွက် အသက်ကျော်နေပြီ။ နေပြည်တော်၊ ကမ္ဘောဇ၊ ဇေယျာရွှေမြေအသင်းများတွင် နိုင်ငံခြားသားများက ကွင်းလယ်ကို ဦးဆောင်ကစားနေသည်။ ရတနာပုံအသင်းတွင်လည်း ထွန်းထွန်းဝင်းမရှိတော့သည့်နောက်ပိုင်း ကွင်းလယ်ကစားသမားကောင်းမရှိ၍ ဇော်မင်းထွန်းနှင့် ရန်အောင်ဝင်းကို ကွင်းလယ်အလယ်လူ အဖြစ်ပွဲထုတ်နေရသည်။

လက်ရှိ မြန်မာအသင်းတွင် အားနည်းနေသည်က ထိုနေရာပင်။ ထို့ကြောင့်လည်း ပတ်ဆောင်ဟွာသည် ယူ-၂၂ ခြေစစ်ပွဲဝင်စဉ်က ဧရာဝတ်ီအတွဲဖြစ်သော နိုင်လင်းဦးနှင့် ဖြိုးကိုကိုသိန်းတို့ကို တောက်လျှောက် အသုံးပြုခဲ့သည်။ သို့သော် နောက်ပိုင်းပွဲစဉ်များတွင် သူတို့နှစ်ယောက်အတွဲကို ဖျက်လိုက်သည်။ ဟိုလူ့စမ်းလိုက်၊ ဒီလူ့စမ်းလိုက်နှင့် အကြိုက်မတွေ့သေး။ ထို့ကြောင့် နောက်ဆုံးတွင် ညာတောင်ပံခံစစ်တွင် ကစားကို နာမည်ရခဲ့သော ရန်အောင်ဝင်းကိုသာ ကွင်းလယ်လူအဖြစ် အသုံးပြုနေရသည်။

ယခုရွေးချယ်ခဲ့သော ပဏာမစာရင်းတွင် မကွေးကွင်းလယ် အတွဲဖြစ်သော ထူးထူးအောင်နှင့် ဟိန်းဇာအောင်၊ ဧရာဝတီက ဖြိုးကိုကိုသိန်း၊ ရခိုင်က မောင်မောင်သန့်၊ ရန်ကုန်က ဆက်ဖြိုးဝေတို့ပါလာသည်။ ပတ်ဆောင်ဟွာသည် ၄-၂-၃-၁ ကစားကွက်ကို စွဲလန်းနေသူဖြစ်သည်။ အဆိုပါကစားကွက်တွင် အရေးကြီးဆုံးက ကွင်းလယ်ခံစစ်အတွဲပင်။

ထို့ကြောင့်လည်း အဆိုပါ ကွင်းလယ်ခံစစ်နေရာကို စမ်းသပ်ရန် ကွင်းလယ်ကစားသမားစစ်စစ် ၅ဦးကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ အဆိုပါကစားသမား ၅ဦးစလုံးသည် လက်ရွေးစင်အသင်းအတွက် မကစားဖူးသေး။

ထို ၅ယောက်တွင် မောင်မောင်သန့်နှင့်ဆက်ဖြိုးဝေမှလွဲပြီး ကျန်၃ယောက်က အတွေ့အကြုံရှိသည်။ အထူးသဖြင့် ဟိန်းဇာအောင်ပင်။ သူက ရာဇာဝင်းသိန်းလို ဘောလုံးအမြင်ရှိသည်။ နေပြည်တော်သို့ ပြောင်းရွှေ့သွားသော ကိုနေးဆီက ပညာတွေရလိုက်သလိုပင်။ ယခုနှစ်တွင် မကွေးကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနေသူဖြစ်သည်။

မောင်မောင်သန့်နှင့် ဆက်ဖြိုးဝေက လူသစ်၊ ဆက်ဖြိုးဝေကစားပုံကို လူငယ်ပြိုင်ပွဲများတွင်မြင်ဖူးသည်။ သင်တူ ရွယ်တူ ကစားသမားများကြားတွင် ခေါင်းတစ်လုံးမြင့်မားနေသည်ဟု ဆိုနိုင်သည်။ ယခုထက်ပိုမို ပွဲထွက်ခွင့်ရလျှင် ဒုတိယမြောက် တင်မြင့်အောင်ဖြစ်လာနိုင်သည်။ သူ၏ ဘောလုံးပေးပုံ၊ ပို့ပုံက ဦးတင်မြင့်အောင်လိုပင် တိကျသည်။ ရှေ့တန်းတိုက်စစ်မှူးများ အဆင်သင့် ဂိုးသွင်းနိုင်အောင် ပံ့ပိုးနိုင်စွမ်းရှိသည်။ ထိုအချက်ကို ပတ်ဆောင်ဟွာက သဘောကျခဲ့ပုံရသည်။

မောင်မောင်သန့်၊ အရိုးသားဆုံးဝန်ခံရလျှင် သူ့ကစားပုံကို ၁၅မိနစ်သာ မြင်ဖူးသည်။ ရုပ်ရှင်အသင်းနှင့် လက်ရွေးစင်ဟောင်းများ ကစားခဲ့သော ခြေစမ်းပွဲတွင် မောင်မောင်သန့်က ရုပ်ရှင်အသင်းဘက်မှ ၁၅မိနစ်ဝင်ကစားခဲ့သည်ကိုသာ မြင်ဖူးသည်။

သူ၏လှုပ်ရှားပုံ၊ ဘောလုံးလက်ခံပုံ၊ ဘောလုံးအမြင်က အခြားကစားသမားတွေနှင့် ကွဲလွဲနေပုံပင်။ ဒီတစ်ချက်သာပြောစရာရှိသည်။ ကျန်သည့်အစိတ်အပိုင်းကိုတော့ မှတ်ချက်မပေးနိုင်ပေ။ ဒါကလည်း သူ့ကစားပုံကို မိနစ် ၉၀ပြည့်အောင် ကြည့်ခွင့်မရသေးသောကြောင့်ပင်။

အဆိုပါ ကစားသမားတစ်ယောက်ကို ရွေးချယ်လိုက်သဖြင့် ပတ်ဆောင်ဟွာတွင် ကျွန်တော်တို့မမြင်နိုင်သော ဗျူဟာများစွာရှိနေပြီဖြစ်သည်။ ပတ်ဆောင်ဟွာလိုချင်နေသည်က ကွင်းလယ်ခံစစ်ကစားသမားစစ်စစ်။ မောင်မောင်သန့်ကလည်း ထိုနေရာတွင် အားသန်သည်။ ထို့ကြောင့် သူ့ကိုစမ်းသပ်ချင်နေသည်။ ပတ်ဆောင်ဟွာကလည်း အဆိုပါအချက်ကို အတိအလင်း ပြောကြားခဲ့ဖူးသည်။

ယခုရွေးချယ်ခဲ့သော ကစားသမားစာရင်းက အပြောင်းအလဲရှိနိုင်သည်ဟု သူကိုယ်တိုင်ကလည်း ၀န်ခံခဲ့သည်။ ထို့ကြောင့် သူ့အတွက် အသုံးဝင်မလားဟု စမ်းသပ်ချင်နေပုံပင်။ စမ်းသပ်ချက်အောင်မြင်လျှင် သူ့အတွက် အမြတ်ပင်။

ဒီနေရာတွင် မြန်မာနည်းပြများနှင့် နိုင်ငံခြားသားနည်းပြများ ကွဲလွဲကြစမြဲ။ မြန်မာ နည်းပြအများစုက မျက်နှာသစ်ကစားသမားများကို ချက်ချင်းနေရာမပေးလိုကြ။ စီနီယာ ကစားသမားများ ခြေစွမ်းကျလာမှသာ နေရာပေးကြသည်။ စီနီယာကစားသမားများ ခြေစွမ်းကောင်းနေသမျှကာလပတ်လုံး လူငယ်ကစားသမားများကိုနေရာပေးရန် စိတ်မကူးကြ။ ထို့ကြောင့်လည်း ၂၀၀၉ ခုနှစ်က စတင်ခဲ့သော မြန်မာပရိုလိဂ်က မျက်နှာသစ်ကစားသမားများကို မွေးထုတ်မပေးနိုင်သေး။ ယခုရွေးချယ်ထားသော ကစားသမားအများစုက ပရိုမတိုင်ခင် အဆင့်အတန်းတစ်ခုတွင် ကစားနေကြသူများ။ ပရိုအသင်းများက အရောင်တင်ပေးလိုက်သော ကစားသမားနည်းပါးလွန်းသည်။

ထို့ကြောင့်လည်း လက်ရွေးစင်အသင်းများတွင် အသက် ၂၀ အရွယ်နှင့် ရွေးချယ်ခဲ့သော ကစားသမားဟူ၍ ကျွန်တော်တော့မမြင်ဖူးသေး။ လက်ရွေးစင်ဖြစ်သွားသူအများစုသည် အသက် ၂၅ကျော်နေကြသည်။

ယခုပတ်ဆောင်ဟွာက ကျွန်တော်တို့မမြင်ခဲ့သော ကျောက် ၃ပွင့်ကို သွေးနေသည်။ ဒါက သူ့အတွက် မဟုတ်။ ဒီကျောက် ၃ပွင့်တွင် ၂ပွင့်သာအောင်ခဲ့ပါက မြန်မာ့ဘောလုံးလောကအတွက် အမြတ်တစ်ခုပင်။

"ထွက်ခတ်ခတ်တာလား"

ပတ်ဆောင်ဟွာနှင့် ချုပ်ဆိုထားသော စာချုပ်က ဒီဇင်ဘာတွင်ပြည့်တော့မည်။ မကြာမီ စာချုပ်ပြည့်တော့မည့် နည်းပြဆရာတစ်ဦးအဖို့ မအောင်မြင်ခဲ့သော ၄-၂-၃-၁ ကစားကွက်ကို အပြောင်းအလဲမရှိ ကျင့်သုံးနေတုန်းပင်။ ထို့ကြောင့်လည်း ပရိသတ်တော်တော်များများက ပတ်ဆောင်ဟွာကို အထင်မကြီးကျတော့။

ယခုရွေးချယ်လိုက်သော စာရင်းကိုကြည့်ပြီး ပတ်ဆောင်ဟွာ ထွက်ခတ်ခတ်ပြီလား မေးခွန်းတွေကလည်း ပလုံစီနေခဲ့သည်။ ကစားသမား အပြောင်းအလဲရှိနိုင်သည်။ ကစားသမားများကိုလည်း ထပ်မံစမ်းသပ်ဦးမည်ဟု ဆိုနေသော ပတ်ဆောင်ဟွာ အနေဖြင့် ရန်ကုန်အသင်းတွင် ခြေစွမ်းပြနေသော ဇာနည်ထက်၊ ဧရာဝတီအသင်းက ဟိန်းသီဟဇော်၊ ရန်ကုန်လူငယ်အသင်းက အောင်ကျော်ထွေး၊ ဇွဲကပင်က ကိုကိုနိုင်၊ ရတနာပုံအသင်းက ရဲကိုဦး၊ မကွေးနောက်ခံအတွဲ နေမင်းထွန်းနှင့် ညီညီမင်းတို့ကို ဘာကြောင့် မစမ်းသပ်တာလဲ။

ယခုရွေူးချယ်ထားသော ပမာဏစာရင်းက စမ်းသပ်မှုတစ်ခုဟုဆိုနေလျှင် ဇာနည်ထက်တို့ကို မရွေးချယ်သင့်ဘူးလားဆိုသော မေးခွန်းတွေက နေ့တိုင်းလိုလိုကြားနေရသည်။

ကျွန်တော်ဆွဲထုတ်ပြခဲ့သော ကစားသမားများထဲတွင် အောင်ကျော်ထွေးမှအပ ကျန်ကစားသမားများသည် သက်ဆိုင်ရာအသင်းများတွင် ခြေစွမ်းပြနေကြသူများပင်။

မကွေးအသင်းတွင် ဇော်မင်းထွန်းခြေစွမ်းပြနိုင်ခြင်းမှာ နေမင်းထွန်းကြောင့် ဖြစ်သည်ဟု မကွေးအသင်းနည်းပြ ဦးကြည်လွင်က အမြဲတမ်း ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဇော်မင်းထွန်းထွက်ခွာသွားပြီးနောက် ၎င်းကိုအသင်းခေါင်းဆောင်ရာထူးပေးအပ်ခဲ့သည်။

ပရိသတ်တွေအများဆုံးစိတ်ဝင်စားဆုံး ကစားသမားက ဇာနည်ထက်ပင်ဖြစ်လိမ့်မည်။ ဇာနည်ထက်သည် ပြည့်ဖြိုးအောင်ဒဏ်ရာ ရသွားပြီးနောက် ရန်ကုန်အသင်းတွင် နေရာရလာသော လူငယ်ကစားသမားလေးတစ်ဦးဖြစ်သည်။ နည်းပြ အိုင်ဗန်ကိုလက်ဗ်၏ စိတ်ကြိုက်ကစားသမားစာရင်းတွင် မပါနိုင်သော်လည်း ဒုတိအဆင့်တွင်ရှိနေသာ ကစားသမားတစ်ဦးဆိုလည်း မမှားပေ။

ထို့ကြောင့် သူ့ကိုရွေးချယ်သင့်သည်ဟု အားလုံးကဆိုနေကြသည်။ ကျွန်တော့်အနေဖြင့်လည်း ဇာနည်ထက်ကိုရွေးသင့်သည်ဟုမြင်မိသည်။ ဇာနည်ထက်သည် အရပ်အမောင်း၊ အလုံးအထည်သေးသော်လည်း လျှင်မြန်မှုရှိသည်။ သတ္တိရှိသည်။ လုပ်ရဲကိုင်ရဲသည်။ ဒီလိုကစားသမားလေးကို ဒီ့ထက်ပံ့ပိုးနိုင်လျှင် ဒုတိယမြောက် အေးနိုင် ဖြစ်လာနိုင်သည်။

ပြီးခဲ့သည့် ၂၀၁၂ မြန်မာနေရှင်နယ်လိဂ်၏ လူငယ်အကောင်းဆုံးဆုရရှိထားသော အောင်ကျော်ထွေးကို တိုက်စစ်အတွက် စမ်းသပ်သင့်ပြီဟု ကျွန်တော်တော့ထင်မိသည်။ အောင်ကျော်ထွေးသည် တိုးအား၊ လှုပ်အားရှိသည်။ ဂိုးသွင်းလည်း သပ်ရပ်သည်။ အခွင့်အရေးရလျှင် အဆုံးသတ်က သေချာသည်။

ယခုရွေးချယ်ထားသော တိုက်စစ်စာရင်းကိုကြည့်လျှင် အတိုင်းအတာတစ်ခုအထိ ကျေနပ်မိသော်လည်း ပတ်ဆောင်ဟွာပြောခဲ့သလို စမ်းသပ်ရန်အတွက် ရွေးချယ်ထားလျှင်ဟုဆိုလျှင် အောင်ကျော်ထွေးက တိုက်စစ်အတွက် စမ်းသပ်ရန် အသင့်တော်ဆုံးဟု ယူဆမိသည်။

ကျော်ကိုကို၊ ကောင်းစည်သူတို့ကို ကျွန်တော်တို့ မြင်ခဲ့ကြပြီးပြီ။ တွေ့ခဲ့ကြပြီးပြီ။ ဒွေးကိုကိုချစ်၏ခြေစွမ်းကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ဖူးသည်။ အောင်ကျော်ထွေးကိုတော့ လူတိုင်းသိကြမည်မထင်။ သူ့ကိုလည်း မောင်မောင်သန့်၊ ဆက်ဖြိုးဝေတို့လို အခွင့်အရေးပေးလျှင် အကျိုးမယုတ်နိုင်ဘူးဟု သုံးသပ်မှုများလည်း ရှိနေသည်။

တကယ်ခြေစွမ်းရှိပြီး ပါသင့်ပါထိုက်သော ကစားသမားတွေ မပါဝင်ခဲ့ခြင်းကြောင့် ပတ်ဆောင်ဟွာကို ဝေဖန်ခဲ့ကြသည်။ ယခုလူစာရင်းကို အပြောင်းအလဲ တကယ်လုပ်မည်လား။ ဆီးဂိမ်းကလည်း နီးကပ်နေသည်။ ပြောင်းအလဲလုပ်ရင်းနှင့် ဆီးဂီမ်းကိုဝင်နွဲမှာလား။ ဒီလိုဆိုလည်း ပတ်ဆောင်ဟွာက ထွက်ခတ်ခတ်တာလား။ ဒါမှမဟုတ် တွက်ချက်တတ်တာလား ဆိုတာကတော့ ............

(ကျော်သူစိုး)
Photo Credit to 7daydaily.com
Sport Time အားကစားဂျာနယ်မှ ကူးယူဖော်ပြသည်။
Admin #MK


By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...