Ads (728x90)



                    ပြည်ပရောက်မြန်မာတစ်ဦး၏ မွေးနေ့ဧည့်ခံပွဲကလေးသို့ မောင်ငြိမ်းအေး ရောက်သွား၏။

                   မြန်မာအုန်းထမင်း၊ ကြက်သားဟင်း၊ ပုဇွန်ဆီပြန်သာမက မုန့်ဟင်းခါးပါ ကြိုက်ရာယူစားနိုင်ရန် ပြင်ဆင်ထား၏။ ပြည်ပရောက် မြန်မာအတော်များများလာကြပါသည်။ ဧည့်ခံပွဲတွင် မျက်နှာသိလည်းပါ၊ မသိသူများလည်း ပါသည်။ အများအားဖြင့်တော့ မောင်ငြိမ်းအေး မသိသူက များသည်။

                   မောင်ငြိမ်းအေးတို့ ဝိုင်းဖွဲ့စားသောက်နေကြဆဲ၊ မျက်နှာဖြူတစ်ဦးနှင့်တွဲလျှက် အမျိုးသမီးတစ်ဦး ရောက်လာ၏။ ဒေါက်ခပ်မြင့်မြင့်ဖိနပ်၊ ဘောင်းဘီခပ်ကျပ်ကျပ်၊ အင်္ကျီလည်း ခပ်ဟိုက်ဟိုက်၊ မိတ်ကပ်ထူထူလိမ်းထားသော ထိုအမျိုးသမီးကို မြန်မာတစ်ဦးဟု မောင်ငြိမ်းအေး မထင်မိ။ “ဖဦးထုပ်များလား” ဟု မေးကြည့်ရ၏။ ( ဖဦးထုပ်ဆိုသည်မှာ ပြည်ပတွင် မြန်မာများက ဖိလစ်ပိုင်နိုင်ငံသားများကို သူတို့မသိစေရန် ခေါ်ကြသော အမည်ဝှက်ဖြစ်၏။ ထိုင်းနိုင်ငံသားများကိုမူ “ယပက်လက်” ဟု ခေါ်ကြသည်။) ဖဦးထုပ် မဟုတ်လေပါ။ ရွှေမှ ရွှေအစစ်။ (ရွှေဆိုသည်မှာ မြန်မာတို့၏ ကိုယ့်ကိုကိုယ် ပြည်ပတွင် ခေါ်သော အမည်ဖြစ်၏။)

                   ထိုရွှေမလေးသည် မြန်မာ့ ဧည့်ခံပွဲသို့ လာသော်လည်း အခြားမြန်မာများနှင့် မရော။ သီးခြားကင်းကင်းနေ၏။ သူ့အတွဲကလေးနှင့်သာ တွတ်ထိုးနေ၏။ မြန်မာဖြစ်လျက် မြန်မာဟု သူဂုဏ်ယူပုံမရ။

                   ထူးဆန်းသည်ဟု ဆိုရမည်လား။

                   ထိုသို့သော မြန်မာများအကြားတွင် မြန်မာနိုင်ငံသူ/နိုင်ငံသားအဖြစ်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်ပြီးသော်လည်း မြန်မာအဖြစ် ဂုဏ်ယူနေကြသေးသူ “မြန်မာဟောင်း” အများအပြားကိုလည်း တွေ့ရဖူးပါ၏။ ထိုအခါ များစွာကြည်နူးပီတိ ဖြစ်ရပါသည်။

                   အမှန်အားဖြင့် ဩစတြေးလျား နိုင်ငံကူးလက်မှတ် ကိုင်ထားရုံနှင့် ဩစတြေးလျသားကြီးဟု ဘယ်သူကမျှ ပြောကြမည်မဟုတ်။ ဂျာမန်၊ ပြင်သစ်၊ ဗြိတိသျှ၊ အမေရိကန်၊ ကနေဒါ ဘယ်လို နိုင်ငံသားခံယူထားထား သူတို့ကို အိမ်ရှင်နိုင်ငံသားများက ဂျာမန်၊ ပြင်သစ်၊ ဗြိတိသျှ၊ အမေရိကန်၊ ကနေဒါ လူမျိုးအဖြစ် လက်ခံကြသည်မဟုတ်ပါ။ ဧည့်သည်အဖြစ်သာ ဆက်ဆံခြင်း ခံရသည်ဖြစ်ပါ၏။ အသားရောင်၊ ဆံပင်ရောင်၊ မျက်လုံးအရောင်တို့က မည်သို့မျှ ညာ၍ ရသည်မဟုတ်။

                   မြန်မာနိုင်ငံအကြောင်း မဟုတ်မတရား ရေးကြလေသော အနောက်မီဒီယာကို ဆက်ဆက်ထိမခံ နာကြည်းလေသူ “မြန်မာဟောင်း” အမျိုးသမီးတစ်ဦးနှင့် မောင်ငြိမ်းအေး ဆုံဖူး၏။ သူ၏ ခင်ပွန်းသည်မှာ မျက်နှာဖြူ အရာရှိကြီးတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်မှာလည်း ပညာတတ်တစ်ဦးဖြစ်၏။ သူတို့၏ မျက်နှာဖြူအသိုင်းအဝိုင်းတွင် မိန်းမပျိုကလေးတစ်ယောက်က မြန်မာနိုင်ငံသို့ သွားလည်မည်ဟု ပြောသောအခါ ဝိုင်းဝန်းဖျက်ကြသည်ဟု ဆို၏။ မြန်မာနိုင်ငံ၏ အနိဌာရုံများကို ဝိုင်းပြောကြ၏။ ဤတွင် ဆက်ဆက်ထိမခံတတ်သော ထိုအမျိုးသမီးက ထစိန်ခေါ်တော့သည် ဆို၏။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို မစူးစမ်းဘဲ ပြောဆိုသူများသည် ဆင်ခြင်တုံကင်းမဲ့သူများဖြစ်သည်၊ ကိုယ်တိုင်သွားကြည့်ကြပြီးမှ ပြောချင်ရာပြော ဟု စိန်ခေါ်သည်။ နောက်ဆုံးတွင် ထိုမိန်းမပျိုကလေးသည် မြန်မာနိုင်ငံသို့ သွားလည်ဖြစ်၏။ သူပြန်လာသောအခါ မီဒီယာသတင်းများနှင့် တက်တက်စင်လွဲနေသော မြန်မာပြည်အကြောင်း ဖောက်သည်ချတော့သည်။ ထိုအခါတွင်မှ ယခင်က ဝေဖန်ခဲ့ကြသူများ ငြိမ်သွားတော့သည် ဟု ဆို၏။

                   ထိုအမျိုးသမီး၏ ပြောပြချက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

                   “ခက်တာက ကျွန်မတို့မြန်မာတွေပဲရှင့်၊ အနောက်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေက ကိုယ့်နိုင်ငံအကြောင်း သူများမကောင်းပြောတာကို ငြိမ်ခံနေရုံမက သူတို့ကပါ ရောယောင်ပြီး အဖြူတွေအလိုကျ လိုက်ပြောကုန်တော့ ပိုဆိုးတာပေါ့၊ တကယ်တော့ မဟုတ်မဟတ်ပြောတာကြီးတွေကို ပြန်ငြင်းပါတော့လား၊ ဘာလို့ခံနေသလဲ၊ ဘာကြောက်စရာရှိသလဲ၊ တစ်ချို့က အိမ်ရှင်တွေကို အတိုက်အခံမပြောချင်တာနဲ့ပဲ ဟုတ်သလိုလို Follow လိုက်ကုန်တော့ ပိုဆိုးတာပေါ့”

                   မှန်ပါသည်။ မြန်မာတို့သည် အားနားတတ်သော လူမျိုးများဖြစ်၏။ အထူးသဖြင့် သူစိမ်းတစ်ရံ ဧည့်သည်များကိုဆိုလျှင် အားနာတတ်၏၊ အလိုက်အထိုက်ပြောတတ်၏၊ အတိုက်အခံပြောရန် များစွာဝန်လေး၏။

                   မြန်မာပြည်ရှိ သံတမန်အသိုင်းအဝိုင်းသို့ ဝင်ဆံ့သော ပုဂ္ဂိုလ်များမှာ အများအားဖြင့် အနောက်နိုင်ငံများတွင် ပညာတတ်အထက်တန်းလွှာများ ဖြစ်ကြ၏။ ငွေကြေးဓနပိုင်ရှင်များလည်း ဖြစ်ကြ၏။ အနောက်ယဉ်ကျေးမှု နီးစပ်၏။ အများအားဖြင့် အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့ဖူးသူများလည်း ဖြစ်၏။ ထိုသူများသည် ယဉ်ကျေးသော နိုင်ငံကြီးသားပီပီ သံတမန်များနှင့် အလိုက်အထိုက် ပြောတတ်ကြ၏။ အချို့သော သံတမန်များနှင့် ပြည်ပသတင်းစာဆရာများက ရှေ့ဆောင်မေးခွန်းများ(Leading Questions)  မေးမြန်းသည်ကို အတိုက်အခံမပြောဘဲ ရေလိုက်ငါးလိုက် ပြောတတ်ကြ၏။ ထိုအခါ သံတမန်အသိုက်အဝန်းမှ ထွက်လာသည်ဆိုသော မီဒီယာသတင်းများမှာ သူတို့ဖြစ်ချင်ရာ ထင်ရာမြင်ရာကို မှန်းတုတ်ကြခြင်းသာ ဖြစ်နေတော့သည်။

                   ပြည်ပသတင်းများတွင် သံတမန်သတင်း အခြေအမြစ် (Diplomatic Sources)မှ ရသည်ဆိုသော ကိုးကားချက်များကို တွေ့ဖူးပါလိမ့်မည်။ သံတမန်သတင်း အခြေအမြစ်ဆိုသည်မှာ သံတမန်ကြီးများကို ဆိုလိုခြင်းမဟုတ်။ ဟိုတယ်တွင် သတင်းထောက်နှင့် ဘီယာအတူဝိုင်းဖွဲ့သောက်ရင်း ထင်မြင်ချက် လွတ်လွတ်လပ်လပ်ပေးနေသော သံအရာရှိငယ် (Attache) (သို့မဟုတ်) တတိယအတွင်းဝန်တစ်ဦးဟု အဓိပ္ပာယ်ပြန်ပါဟု သတင်းစာဆရာ လက်သုံးစာစောင်တစ်ခုတွင် မောင်ငြိမ်းအေး ဖတ်ဖူး၏။

                   အမေရိကန်သတင်းထောက်တစ်ဦး ရန်ကုန်မြို့တွင် လူငယ်တစ်ဦးနှင့် လမ်း၌ စကားပြောကြသောအခါ ထိုလူငယ်က “အမေရိကန်-ဂွတ်-ဘားမား-ဘက်ဒ်” ဟု ပြောကြောင်း သတင်းတစ်ခုတွင် ရေးသားထား၏။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးမရှိဟု ထိုလူငယ်က ပြောသည် ဆို၏။

                   မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးမရှိဟု လူကြားသူကြား ပွင့်ပွင့်လင်းလင်းပြောလေသော ထိုလူငယ်သည် မည်သူ့ကိုမျှ ကြောက်စရာမရှိ၍ ပြောခြင်းဖြစ်သည်မှာ ထင်ရှားပါ၏။

                   နိုင်ငံတော်ကြီး ပျက်စီးအောင် ကြံစည်အားထုတ်ခြင်း၊ လှုံ့ဆော်လှုပ်ရှားခြင်းတို့ မပြုသရွေ့ မည်သူမျှ အရေးယူခံရခြင်းလည်းမရှိ။ ကြောက်ရွံ့နေရခြင်းလည်းမရှိ။ ပျက်စီးအောင် ကြံစည်အားထုတ် လှုံ့ဆော်လှုပ်ရှားပါမူ မြန်မာနိုင်ငံတွင်သာမက မည်သည့်နိုင်ငံတွင်မဆို တရားဥပဒေနှင့် ရင်ဆိုင်ရမည်သာဖြစ်၏။

                   ဥပဒေ လက်လွတ်ခွင့်ပြုသော နိုင်ငံ ဟူ၍ မောင်ငြိမ်းအေး မတွေ့ဖူးပါ။

                   (၁၉၉၃) ခုနှစ်က တရားဥပဒေကို ဆန့်ကျင်သည့် ဘာသာရေးဂိုဏ်းတစ်ခု မသင်္ကာဖွယ်ရာ လက်နက်များဖြင့် စုဝေးနေမှုကို အမေရိကန် FBI က တင့်ကား အသုံးပြု၍ပင် နှိမ်နင်းခံရ၏။ ယင်း Waco အရေးအခင်းတွင် အင်အားအဆမတန်သုံးသည်ဟု အမေရိကန်၌ ဂယက်ရိုက် ဝေဖန်နေကြသည်ကို လူတိုင်းအသိပင်။ မြန်မာနိုင်ငံတွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါလျှင် ကုလသမဂ္ဂ၌ပင် အဆိုတင်သွင်း ရှုတ်ချခံရမည်မလွဲပါ။ ယခုတော့ ဘယ်နိုင်ငံကမျှ မဝေဖန်ကြ။ မောင်ငြိမ်းအေးကလည်း ဝေဖန်လိုခြင်း မရှိပါ။ အမေရိကန်၏ ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်ပါ၏။

                   အနောက်အုပ်စုက မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်သည့် ကမ္ဘာ့ဗီလိန်ကြီးများစာရင်းတွင် အတင်းသွင်းထားကြ၏။ သူတို့ကတော့ စာရင်းပြုစုသူများဖြစ်၍ ထိုစာရင်းတွင် မပါ။

                   ဤတွင် အနောက်မီဒီယာ၏ တရားမျှတမှု ကင်းမဲ့ပုံကို မောင်ငြိမ်းအေး ထောက်ပြလိုပါသေးသည်။

                   တစ်ကြိမ်က အနောက်ဥရောပမြို့တော်တစ်ခု၌ ရေလုပ်သားများ ဆန္ဒပြပွဲဖြစ်၏။ ဆန္ဒပြပွဲသည် ဥပဒေလက်လွတ် အကြမ်းဖက်မှုဖြစ်သောအခါ ရဲအဖွဲ့က တုတ်နှင့်ရိုက်ပြီး နှိမ်နင်းရ၏။ ဆန္ဒပြသူများ သွေးထွက်သံယို များစွာဖြစ်ပြီး ဆွဲထုတ်သွားရ၏။ ဤရုပ်မြင်သံကြားပြကွက်ကလေးကို မောင်ငြိမ်းအေး နေ့လည်သတင်းတွင် တွေ့ရ၏။ နောက်တစ်နာရီအကြာ သတင်းထပ်လာသောအခါ ထိုသွေးထွက်သံယိုပြကွက် ပါမလာတော့။ အခြားပြကွက်များကိုသာ ကျော်ပြသွားကြသည်။

                   မောင်ငြိမ်းအေးတို့ အာရှ၊ အာဖရိကမှ အလားတူ အကွက်များပါလျှင် နှစ်ရက်သုံးရက် ဆက်၍ နာရီခြားပင် ဆက်တိုက်ပြတတ်ကြသည်။

                   ကဲ- ကမ္ဘာ့မီဒီယာတွင် တရားမျှတမှု ရှိမရှိ အကဲဖြတ်ကြပါကုန်။

                   မြန်မာနိုင်ငံအပေါ် ကမ္ဘာ့စာစောင်များ၌ အပုပ်ချရေးသားနေကြသူ မြန်မာဟောင်းများရှိ၏။ အချို့မှာ မြန်မာအမည်ပင် မရှိကြ။

                   ထိုသူများကို မောင်ငြိမ်းအေး စိန်ခေါ်ချင်လှပါ၏။

                   မြန်မာပြည်ကို တကယ် ချစ်မြတ်နိုးသည်ဆိုပါလျှင် မြန်မာပြည်သို့ အပြီးပြန်ခဲ့ပါ။

                   နိုင်ငံတစ်ခုလုံး ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ချွေးတဒီးဒီးကျအောင် ကြိုးပမ်းတည်ဆောက်နေကြသော မြန်မာပြည်သူများနှင့်အတူ ပါဝင်လုပ်အားပေးရအောင်။

                   အေးအတူ ပူအမျှပေါ့..။

                   အဝေးမှ လေနှင့်တော့ ဘာမှ ဆောက်၍ရမည်မဟုတ်။

                   အခြားသူတို့ သွေးနှင့်ချွေးနှင့် အပင်ပန်းခံ၊ အနစ်နာခံ တည်ဆောက်ထားသည့် သူတို့ နိုင်ငံများတွင် အခန့်သင့် သွားနေပြီးတော့ သူများခူးပြီးသား ထမင်းဟင်းတွေကို စားသောက်နေရတာ မရှက်ကြဘူးလားဟု မောင်ငြိမ်းအေး မေးလိုက်ချင်သည်။

                   ရှက်ကြမည်ဟုတော့ မောင်ငြိမ်းအေး မထင်။

                   သူတို့လို လူစားများသည် အမျိုးကို ချစ်ရတာတော့ ရှက်စရာဟု ထင်တတ်ကြပါ၏။   ။

စည်သူငြိမ်းအေး (၁၉၉၆၊ ဇန်နဝါရီ)
ဆောင်းပါးမှ ကောက်နုတ်ချက်။   ။

by Fire Nation on Saturday, 5 January 2013 at 20:06 ·

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...