Ads (728x90)



ပုဂံဝန်ထောက် ဦးမောင်မောင်တင် ပြုစုသော မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၌ ဖော်ပြပါရှိချက်အရ ပျူနိုင်ငံတော်ကြီး ပျက်စီးသွားပြီးနောက် “လျင်” “မြန်” “သန်” “မာ” သော ပျူအချို့သည် မြန်မာဟူသောအမည်ဖြင့် သူတို့ကိုယ်သူတို့ ခေါ်ဝေါ်လာကြောင်း မောင်ငြိမ်းအေး မှတ်သားခဲ့ဖူးပါတယ်။ ထို့ကြောင့်ပင် မြန်မာဟူသော အမည်ကို မောင်ငြိမ်းအေးတို့ ဘိုးဘွားစဉ်ဆက်မှစ၍ ချစ်မြတ်နိုးစွာ သုံးစွဲခဲ့ကြ၏။

အက္ခရာ “မ” ရရစ် အသံထွက်သည် “မ” အက္ခရာနောက်တစ်လုံးနှင့် ဆက်သောအခါ ပါးစပ်အဖွင့်အပိတ်နှစ်ခါလုပ်ရ၍ အသံဖလှယ်သောနည်းဖြင့် “ဗမာ” ဟုလည်း စကားပြော အသုံးတွင် သုံးခဲ့ကြ၏။ “မြိတ်မြို့” ကို ပါးစပ်အဖွင့်အပိတ်တူအောင် “ဘိတ်မြို့” ဟု ခေါ်ကြသလိုပင်။ သို့သော် မြန်မာသည် မြန်မာပင်၊ မြိတ်သည်လည်း မြိတ်ပင်။
အင်္ဂလိပ်တို့သည် မြန်မာတို့ မိမိတို့လူမျိုးကို စာအရေးအသားအားဖြင့် “မြန်မာ” ဟု ခေါ်သည်ကို မသိကျိုးကျွန်ပြုပြီး အသံထွက်အခေါ် “ဗမာ” ကို “ဘားမား” ၊ မြန်မာလူမျိုးကို “ဘားမီး(စ်)” ဟု ရေးသားခေါ်ဝေါ်ခဲ့ကြသည်၊ ပြင်သစ်တို့က “ဘားရ်မင်နီ” ၊ ဂျာမန်တို့က “ဘူရ်မား” ၊ ဂျပန်တို့က “ဘိရုမာ” ဟု ခေါ်ကြပြန်သည်။

တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးသည် ဒဂုံမြို့ကို အောင်နိုင်ပြီးနောက် ရန်အပေါင်းတို့ ကုန်ဆုံးစေသောမြို့ဟု အဓိပ္ပာယ်ရသည့် “ရန်ကုန်မြို့” ဟူ၍ ရည်ရွယ်ချက်ကောင်းမွန်စွာ ပြောင်းလဲမှည့်ခေါ်ခဲ့၏။ မည်မျှ မင်္ဂလာရှိသော အမည်ပါနည်း။ မောင်ငြိမ်းအေးတို့ ဘိုးစဉ်ဘောင်ဆက် မြတ်နိုးစွာ ခေါ်ဝေါ်ခဲ့သော မြို့အမည်ပင် ဖြစ်ပါ၏။
အင်္ဂလိပ်တို့သည် ရန်ကုန်ကို “R” အသံထွက်ဖတ်သောအခါ သူတို့၏ အသံထွက်ကိုလိုက်ပြီး “ရန်းဂူးန်” ၊ “Rangoon” ဟု ခေါ်ခဲ့ကြ၏။ အလောင်းမင်းတရားကြီး၏ ရည်ရွယ်ရင်း မူလအဓိပ္ပာယ် လုံးဝပျောက်သွားစေသော အမည်ပင် ဖြစ်၏။

နိုင်ငံတော်၏ အမည်ကို မြန်မာဘာသာဖြင့် ရေးတော့ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ၊ အင်္ဂလိပ်ဘာသာပြန်လိုက်တော့ “Union of Burma” ၊ မြန်မာဘာသာ “ရန်ကုန်မြို့” ၊ အင်္ဂလိပ်ဘာသာ “Rangoon” ၊ အသံဖလှယ်မှု မှားယွင်းစွာ သုံးနှုန်းခဲ့ရသည်မှာ ကြာလှပြီ ဖြစ်ပါ၏။

မှားအစဉ် ပြင်ခဏပင်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် တစ်သက်လုံး မှားယွင်းနေတော့မည့် အမည်များကို ပြန်ပြင်သောအားဖြင့် “မြန်မာ”ကို “Myanmar” ၊ “ရန်ကုန်” ကို “Yangon” ပြန်ဖြစ်ရန် စာလုံးပေါင်း အခေါ်အဝေါ် ပြင်ဆင်ခဲ့ကြ၏။

သီရိလင်္ကာနိုင်ငံသည် “စီလုံ” ဟူသော အမည်မှ မူလ လင်္ကာဒီပကျွန်းအမည်ကို ပြန်ပြင် မှည့်ခေါ်ထားခြင်း ဖြစ်၏။ ယခု မည်သူကမျှ “စီလုံ” ဟု မခေါ်ကြတော့။ သီရိလင်္ကာဟူ၍ လူတိုင်း ခေါ်နေကြပြီဖြစ်၏။

ထို့အတူ အာဖရိကမှ ကွန်ဂိုနိုင်ငံ၊ ရိုးဒီရှားနိုင်ငံတို့သည်လည်း ယခု မြေပုံများပေါ်တွင် မရှိတော့။ ဇိုင်ယာ၊ ဇင်ဘာဘွေတို့ ဖြစ်လာကြပြီ ဖြစ်၏။
ယနေ့ ထုတ်ဝေနေသော ကမ္ဘာ့မြေပုံများပေါ်တွင်လည်း “Burma” မရှိတော့။ “Myanmar” ဟူ၍ နေရာမှန် ရလာပြီဖြစ်၏။
သို့သော်- အချို့သော နိုင်ငံတကာ စာနယ်ဇင်းများက ဇွတ်အတင်း “Burma” ဟု သုံးနေကြဆဲ။ “Rangoon” ဟု သုံးနေကြဆဲ။ ထားပါတော့....။ သူတို့က မြန်မာနိုင်ငံကို ဆက်လက် ကျွန်ပြုလိုသူတို့၏ အသိုင်းအဝိုင်းတွေ။

မောင်ငြိမ်းအေး ပြည်ပနိုင်ငံအချို့ကို ခရီးလှည့်ခဲ့ ပြီးပါပြီ။ လူမျိုးပေါင်းစုံကိုလည်း တွေ့ဆုံခဲ့ဖူပါသည်။ ပြည်ပရောက် မြန်မာမျာရဲ့ ဘဝကိုလည်း တွေ့ကြုံခဲ့ပါသည်။ ပြည်ပသို့ ရောက်နေသော်လည်း အမိမြန်မာပြည်ရဲ့ သတင်းစုံကို အမြဲနားစွင့်နေလျက်ပါ။
မောင်ငြိမ်းအေး ဝမ်းနည်းမိသည်မှာ အမျိုးကိုချစ်ပါသည် ဆိုသော မြန်မာအချို့က မြန်မာကို “မြန်မာ” ဟု ခေါ်ရမှာ ရှက်ပြီး “ဘားမား” “ဘားမိစ်” ဟု မြိန်ရေရှက်ရည် ဆက်လက်သုံးစွဲနေကြသေးသည်ကိုပင်။

အမျိုးကိုချစ်သော မောင်ငြိမ်းအေးကတော့ မြန်မာကို “Myanmar” ဟု ခေါ်ရမှာ မရှက်ပါ။ ရန်ကုန်ကို “Yangon” ဟု ခေါ်ရမှာ မရှက်ပါ။ ပို၍ပင် ဂုဏ်ယူရပါသေးသည်။
အချို့များကျတော့... အမျိုးကို ချစ်ရတာပင် ရှက်စရာဟု ထင်နေကြသေးသည်ကို စိတ်မကောင်းစွာ တွေ့နေရပါ၏။

အမျိုးသားဟန်ပန်ကို ထိန်းသိမ်းရာတွင် မြန်မာတို့ကို ဘယ်သူမှမမီ ဟု မောင်ငြိမ်းအေး ထင်၏။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလကာင်္၊ နီပေါနိုင်ငံစသည်တို့တွင် အမျိုးသမီးများ ဆာရီဝတ်ပြီး ရိုးရာဟန်ပန် ထိန်းသိမ်းထားတာတော့ ရှိပါသည်။ သို့သော် ပုဆိုး၊ ဒိုဘီတို့ကို လူတိုင်းဝတ်ဆင်ကြတော့သည်မဟုတ်။ အနောက်တိုင်း ဝတ်စုံသည် ရုံးသုံးဝတ်စုံ ဖြစ်နေကြ၏။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့တွင်လည်း အလားတူပင်။ အမျိုးသမီးများက ရိုးရာဟန်ပန် ထိန်းသိမ်းနိုင်သည်ထား၊ အမျိုးသားများက အစိုးရအခမ်းအနားများတွင် အနောက်တိုင်းဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ကြသည်ကိုသာ တွေ့ရမည်ဖြစ်၏။

မောင်ငြိမ်းအေးတို့၏ အခြားအိမ်နီးချင်းနိုင်ငံများတွင်လည်း အလားတူပင်။ ထိုင်းနိုင်ငံတွင် ထိုင်းဘုရင်မင်းမြတ်က တီထွင်ပေးထားသော အောက်ပိုင်းက အနောက်တိုင်းဘောင်းဘီ၊ အပေါ်က ကော်လာကတုံးနှင့် အမျိုးသားအင်္ကျီပုံစံတစ်မျိုးကို ရုံးဝတ်စုံအဖြစ် အတော်များများ ဝတ်ဆင်ကြ၏။ သို့သော် အများစုက အနောက်တိုင်းဝတ်စုံ အပြည့်အစုံကို ဂုဏ်ယူစွာ ဝတ်ဆင်နေကြသည်ကို တွေ့ရမည်ဖြစ်၏။

မြန်မာနိုင်ငံသို့ ခြေချဖူးသူ နိုင်ငံခြားသားတိုင်း အမှတ်ထင်ထင် ပြောကြသည့်အချက်မှာ မြန်မာများ ကိုယ့်မူရင်း ဟန်ပန်မပျက် ထိန်းသိမ်းဝတ်ဆင်နေကြခြင်းတို့ ဖြစ်၏။သူတို့၏ မျက်စေ့ထဲတွင် ဤဒေသအတွင်း ရှားပါးစွာ ကျန်ရှိနေသော ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာဟန်ပန်တို့ကို ထိန်းသိမ်းသူများအဖြစ် မြန်မာများကို မြင်ကြ၏။
ဘယ်လောက် ဂုဏ်ယူစရာ ကောင်းပါသနည်း။

မြန်မာအမျိုးသားများ၏ မြန်မာ့ပုဆိုး၊ ကော်လာကတုံး ရှပ်အင်္ကျီနှင့် တိုက်ပံအင်္ကျီသည် အဆင်ပြေသပ်ရပ်လှသော ဝတ်စုံဖြစ်၏။ ရာသီဥတုနှင့်လည်း လိုက်ဖက်၏။
မြန်မာအမျိုးသမီးများ၏ ရင်ဖုံးအင်္ကျီလက်တို၊ လက်ရှည်၊ အဆင်အသွေး စုံလင်လှပသော ထမီတို့သည် ကျက်သရေရှိလှသော အဆင်အပြင်ဖြစ်၏။ လှပသွယ်ပျောင်းသော ကိုယ်လုံးအလှကိုလည်း ပေါ်လွင်စေသည်။ မျက်စေ့ရှက်ဖွယ် ဖက်ရှင်လည်း မဟုတ်။

တစ်ခုတော့ ရှိပါသည်။ အမျိုးသားငယ်အချို့ ပုဆိုး၊ အင်္ကျီကို ပုံပန်းမကျစွာ ဖြစ်ကတက်ဆန်း ကိုးရိုးကားယား လုံးထွေးဝတ်ဆင်ခြင်းဖြင့် သရုပ်ပျက်အောင် လုပ်နေကြသည်များ ရှိသည်ကိုတော့ ဝန်ခံပါမည်။ အမျိုးသမီးငယ်အချို့ အင်္ကျီကိုးရိုးကားယား၊ ထမီကိုးရိုးကားယား ဝတ်ဆင်နေကြသေးသည်ကိုလည်း ဝန်ခံရပါမည်။

ဘတ်စကားပေါ် အလုအယက် ပြေးဆင်းပြေးတက် လုပ်ရ၍ ပုဆိုးတိုတို ဝတ်ခြင်းကို မဆိုလိုပါ။ တိုလိုက် ရှည်လိုက် ဖက်ရှင်သဘောအရ တော်ရုံသင့်ရုံ ထမီတိုတို ဝတ်ဆင်လာကြသည်ကိုလည်း မပြောလိုပါ။ လှချင် ပချင်သော မ,သဘာဝကြောင့် ပုံစံပြောင်းလာသော ဖက်ရှင်များဟု မောင်ငြိမ်းအေး မြင်၏။
သို့သော် မောင်ငြိမ်းအေး ဘဝင်မကျသည်မှာ အမျိုးသားရုပ်ရှင်သရုပ်ဆောင် တော်တော်များများ ဘောင်းဘီ၊ ဂျာကင်နှင့် အနောက်တိုင်းဝတ်စုံများကိုသာ အသားပေး ဝတ်ဆင်ပြနေခြင်းပင်။ အချို့ကလည်း မြန်မာဝတ်စုံကို ဗရုတ်သုတ်ခ ပုံပျက်ပန်းပျက် ဝတ်ဆင်သရုပ်ဆောင်ပြကြ၏။ ဤသရုပ်ဆောင်တို့ကို အတုယူဝတ်ဆင်ကြလေသော လူငယ်များ ပုံပျက်ပန်းပျက် ဝတ်ဆင်လာကြသည်မှာ မဆန်းပါ။ ရှေးက ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင်၊ ဘမြင့်၊ ဘတင့် တို့ သပ်ရပ်စွာ ဝတ်ဆင်ကြခြင်းနှင့် ရှေးခေတ်လူငယ်များ အတုယူဝတ်ဆင်ကြခြင်းကို မှတ်မိသူ လူကြီးပိုင်းများစွာ ရှိပါသေးသည်။

ယခုအခါ အမျိုးသမီးငယ်များကို ရှပ်အင်္ကျီဖားလျားနှင့် ထမီတိုတို ဝတ်ကြသည့်ပုံစံများ နေရတကာ တွေ့လာရ၏။ အချို့ကတော့ တစ်မျိုး။ ဂါဝန်ကြီးနှင့်၊ ဘောင်းဘီတိုနန့်နန့်နှင့်၊ ဘယ်သူ့မျက်စေ့တွင်မှ အချိုးကျသည်ဟု မဆိုနိုင်။
သူတို့စိတ်တွင် ဤသို့ဝတ်မှ ခေတ်မီသည်ဟု ထင်ကြပုံရသည်။

အနောက်တိုင်းနိုင်ငံများတွင် လူတိုင်း လျှပ်ပေါ်စွာ ဝတ်ဆင်နေကြသည်ဟု မထင်စေလိုပါ။ မြို့တွင်းတွင် သပ်ရပ်လုံခြုံစွာ ဝတ်ဆင်သွားလာနေကြသူများသာ အတွေ့များနိုင်ပါသည်။
ဘူတာရုံထောင့် ချောင်ကျသည့် နေရာများတွင်တော့ ဖြစ်သလို ဝတ်စားထားသူများ ရှိတတ်ကြပါသည်။ ထိုသူများမှာ အများအားဖြင့် ဆေးသမားများ ဖြစ်ကြ၏။ စင်ကာပူတွင် ပူအိုက်သော ရာသီနှင့် လိုက်အောင် ဘောင်းဘီတိုတို ဂါဝန်တိုတို ဝတ်ထားသော အမျိုးသမီးငယ်များစွာ တွေ့ရမည် ဖြစ်၏။ သူတို့ကို မြင်ရသည်မှာ အရှေ့လည်းမကျ၊ အနောက်လည်း မကျနှင့် ဂွကလန့်ကြီး ဖြစ်နေ၏။ စင်ကာပူ၏ ကြေးရတတ်များသည် အနောက်ကိုအတုခိုးရင်း ဤပုံ ဝင်သွားကြခြင်းပင်။ အနောက်နှင့်လည်းမတူပြန်၊ မြန်မာအမျိုးသမီးငယ်အချို့ ဝတ်စားဆင်ယင်လာကြပုံမှာ ဗန်ကောက်နှင့် စင်ကာပူမှ ပုံစံများကို အတင်းအကျပ်ကူးယူထားပုံနှင့် တူုနေသည်။

ဤသို့ဆိုလျှင် နောင်တွင် မြန်မာအမျိုးသားဟန်ပန်များ မြန်မာ့မြေမှ ပျောက်သွားတော့မည်လား စိုးရိမ်စရာပင်။

တစ်ခုတော့ ရှိပါသည်။

ပုဆိုး၊ တိုက်ပုံအင်္ကျီ သပ်သပ်ရပ်ရပ်နှင့် အမျိုးသားငယ်များ၊ ရင်ဖုံးအင်္ကျီနှင့် ထဘီတို့ကို လှပသေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးငယ်များကို နေရာအတော်များများ၌ တွေ့နေရသေး၍ မောင်ငြိမ်းအေး ဝမ်းသာပီတိ ဖြစ်ရပါသည်။
သြော်.... ဤသို့ အမျိုးသားဟန်ပန်ကို မြတ်နိုးသော အမျိုးချစ်သူတို့ ရှိဦးမှလည်း တန်ရုံကျပေမပေါ့။
အချို့များကျတော့ အမျိုးကို ချစ်ရတာပင် ရှက်စရာဟု ထင်ကြပုံရနေပြီလားဟု စိတ်မကောင်းစွာ တွေးမိပါ၏။ ။

စည်သူငြိမ်းအေး(၁၉၉၈ ခု ၊ သြဂုတ်လ)


by Fire Nation on Saturday, 5 January 2013 at 00:36 ·






Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...