Ads (728x90)


by ငရဲ သား on Monday, 3 December 2012 at 20:03 ·


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့နောက်ကွယ်အကြောင်း ရေးသားပြီးတော့ ကျွန်တော် ... သုံးသပ်ခဲ့ပါတယ်....။ ဒီကိစ္စဟာ လမ်းပေါ်ထွက်တာတစ်ခုတည်းနဲ့ မရဘူးလို့ ပြောခဲ့ပါတယ်..။ တစ်ဖက်က တင်းခံကြမယ်လို့လည်း သတိပေးခဲ့ဖူးပါတယ်..။


သုံးသပ်ထားတဲ့အတိုင်းပါပဲ...။ ဒေါသထွက်ကြေကွဲစရာအဖြစ် ..သံဃာတွေခမျာ မီးလောင်ဒဏ်ရာတွေ သေရာပါရခဲ့ကြပါတယ်..။ တစ်ဖက်က လုံးဝ မလျှော့ခဲ့တာ တွေ့ရပါတယ်..။ တော်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်..။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို မတရားတဲ့ ကိစ္စမျိုးတွေကို ဆန့်ကျင်ဖို့၊ ဖိအားပေးဖို့၊ ထောက်ပြပြီး ပျက်ပြယ်စေဖို့က အမာလိုင်း(တော်လှန်ရေး/သပိတ်) တစ်ခုတည်းနဲ့ မရဘူးဆိုတာ သင်ခန်းစာပဲဖြစ်ပါတယ်..။ အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး တုန့်ပြန်သင့်တဲ့အနေအထားကနေ တုန့်ပြန်ရပါ့မယ်..။


တော်လှန်ရေး/တို့ သပိတ် တို့ဟာ နိုင်ငံတစ်ခုပြောင်းလဲဖို့အတွက် ဖိအားတစ်ခုဖြစ်ပေမယ့် .. တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ အကင်းမသေသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ အားလုံးကိုမြေလှန်တော်လှန်ချင်ရင် တပ်မတော်ကို တစ်ယောက်မကျန် စည်းရုံးနိုင်မှရပါမယ်..။ တစ်ဝက်ကိုပဲစည်းရုံးနိုင်ရင် ကျန်တဲ့တစ်ဝက်နဲ့ တိုက်ပွဲ (ပဋိပက္ခ) ဖြစ်ပါလိမ့်မယ်.။ ခံယူချက၊် အင်အား၊ အမိန့်၊ ဆိုတာတွေရဲ့အောက်မှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း နှစ်ရှည်တိုက်ပွဲဖြစ်နေတာကို ကြည့်ကောင်းနေမယ့် နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိပါတယ်....။ ကမ္ဘာမှာ အာဏာရှင်စနစ်ကို တော်လှန်ပြောင်းလဲဖို့ကြိုးစားတဲ့နိုင်ငံတွေတောင်မှ နိုင်ငံတကာက ဘယ်လောက် ကူညီပါစေ ..။ စစ်တပ်(တပ်မတော်) ကို တစ်ယောက်မကျန်မစည်းရုံးနိုင်လို့ အခုထက်ထိ တိုက်ပွဲများနဲ့ နာလံမထူသေးတာ အားလုံးအတွေ့ပဲဖြစ်ပါတယ်..။


အဲဒါကြောင့် .. အဲဒီလောက်အထိ မလိုအပ်သေးတဲ့ ... အခုအချိန်ဟာ .. ဆန္ဒပြ/အထွေထွေသပိတ်/တော်လှန်ရေး အဆင့်ဆင့်ပြောင်းလဲခြင်းကို လုံးဝ လက်ခံနိုင်စရာအခြေအနေမရှိသေးပါ..။ ဒါပေမယ့်... လက်ပံတောင်းတောင်ကိစ္စမှာ အစိုးရရဲ့ ရပ်တည်ချက်ကို ခေါင်းငုံ့ခံရမယ်လို့ မဆိုလိုပါ..။ မြစ်ဆုံလို ... ဘက်စုံထောင့်စုံက အနုနည်းနဲ့ဖြေရှင်းရမယ်လို့ ဆိုလိုခြင်းပါ။ တနည်းအားဖြင့်ပြောရရင် မြစ်ဆုံတုန်းက ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုပါ.. ။ လက်ပံတောင်းတောင်က မဟာဗျူဟာ၊ စစ်ရေးနဲ့ အခြား Undertable အရ ရင်းနှီးမြုပ်နှံခဲ့တာပါ..။ အခြေအနေနှစ်ခုတော့မတူပါဘူး..။ မြစ်ဆုံထက် အဆပေါင်းများစွာ နက်နဲသိမ်မွေ့ပြီး အထိမခံဘူးဆိုတာ အားလုံး သိတားသင့်တယ်လို့ ထင်ပါတယ်..။


အဲဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ ပထမ Note မှာ ဖော်ပြထားပြီးဖြစ်လို့ ထပ်မရှင်းလိုတော့ပါ..။


အဲဒီတော့ အခု ထပ်မံဖော်ပြမှာက အရင်တုန်းက ရှိနေတဲ့ အမြစ်ကြီးကို  သမ္မတက ဖွဲ့စည်းလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က တူးဖြိုနိုင်မှာလားဆိုတာကို လေ့လာရေးသားခြင်းဖြစ်ပါတယ်..။ တကယ်တမ်းဆိုရရင် လက်ပံတောင်းတောင်ကိစ္စအပါအ၀င် Wanbao, Norinco တို့ရဲ့ ပါဝင်ပတ်သက်သမျှဟာ ဒီတစ်ခုတည်းမဟုတ်ပါဘူး.။ မွေတောင်နီကယ်နဲ့ အခြား နည်းပညာဆိုင်ရာ၊ စက်မှုလက်မှုဆိုင်ရာတွေ များစွာရှိပါတယ်.။



လုပ်ပိုင်ခွင့်အာဏာ ..။

၂၀၁၀ ဇွန်လမှာ ၀မ်ကြားပေါင် မြန်မာပြည်လာပါတယ်..။ အဲဒီအချိန်မှာ Document ၁၅ ခုကို လက်‌မှတ်ထိုးခဲ့တယ်လို့ ဆင်ဟွာအပါအ၀င် တရုတ်ပိုင် သတင်းဌာနတွေက ရေးသားပါတယ်..။ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် အပါအ၀င် အခြားစီမံကိန်းတွေပါ..။ လက်မှတ်ထိုးပုံက ..အထက်ပါပုံအတိုင်းပါ..။ သတင်းတွေကို လေ့လာချင်ရင် အောက်ပါလင့်တွေမှာရှိပါတယ်.။ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးထားခြင်းမဟုတ်ပါ။ ပုံကိုတော့ ဆင်ဟွာသတင်းဌာနက ယူပါတယ်...။

ဝမ်ကြားပေါင်လာတဲ့အချိန် Norinco နဲ့ မုံရွာကြေးနီကိစ္စ သဘောတူစာချုပ်ချုပ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ Norinco ဆိုက်နဲ့၊ Wall Street, Bloomberg တို့မှာ လေ့လာကြည့်ရင် အလွယ်တကူတွေ့ရသဖြင့် မဖော်ပြတော့ပါ..။

http://english.cpc.people.com.cn/66102/7011258.html


ယခင် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ Wanbao သတ္တုရှာဖွေရေးကုမဏီဟာ  ကမ္ဘာ့နာမည်ကြီး တရုတ်စစ်လက်နက် ကုမဏီ Norinco, China North Industries Corp; ရဲ့ ကုမဏီခွဲ  ဖြစ်တယ်ဆိုတာ ရှင်းပြထားပြီးသားပါ..။ Norinco ကုမဏီဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက ကုမဏီတစ်ခုမဟုတ်ပဲ တရုတ်အစိုးရ သစ္စာခံကုမဏီဆိုတာလည်း ပြောပြထားပြီးသားပါ..။ Crony (ပေါင်းစား) နဲ့ သစ္စာခံကုမဏီ မတူတာက အထူးသဖြင့် သစ္စာခံဆိုတာ  ကွန်မြူနစ်တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေး/မဟာဗျူဟာ ပေါ်လစီကိုလုံးဝလိုက်နာပြီး အစိုးရရဲ့ ချေးငွေအပါအ၀င် ထောက်ပံ့ ငွေကြေးနဲ့အရင်းအနှီးသုံးပြီး ကမ္ဘာကို ၀င်ဆန့်အောင် ပုဂ္ဂလိက ပုံစံဖွဲ့စည်းထားတဲ့ကုမဏီလို့ ဆိုလိုခြင်းပါ..။ ပေါ့သေးသေးမဟုတ်ပါ..။


အဲဒါကြောင့် ၀မ်ကြားပေါင်နဲ့အတူပါလာပြီး ၄င်းတို့အကျိုးအမြတ်ရှိသလို .. လည်သလောက် စာချုပ်များချုပ်ဆိုခြင်းဖြစ်ပါတယ်..။ တနည်းအားဖြင့်ပြောရရင်တရုတ်အစိုးရရဲ့ မဟာဗျူဟာ၊ စီးပွားရေးအရလွှမ်းမိုးမှု အစရှိတဲ့ အရောင်တွေ ပါဝင်ပြီးသားလို့ ပြောလို့ရပါတယ်။


နောက်တစ်ချက်က ကျွန်တော်တို့ဆီက အစိုးရမင်းများကလည်း  စီးပွားရေးဆိုင်ရာ knowledge နားမလည်၊ အကြံပေးကလည်းမရှိတော့ ခရိုနီပြောသမျှ.၊ ကြားပွဲစားပြောသမျှ၊ အောက်က (undertable) ယူထားသူ ပြောသမျှ။ မိမိအတွက်လည်း ပို့ဆွမ်း . မျိုးမျိုးမျက်မျက် ရသဖြင့် စီမံကိန်းစာချုပ်များ ဖောဖောသီသီချုပ်ဆို လက်မှတ်ထိုးခဲ့ကြသည်ကို သမိုင်းမှာ ငြင်းမရပါ..။


ဒါက လက်ပံတောင်းတောင်တစ်ခုတည်းမဟုတ်သလို.. ဘက်စုံ ကဏ္ဍစုံကို အားလုံးကို ခြုံငုံပြီး လေ့လာဖော်ပြခြင်းဖြစ်ပါတယ်.။ မြစ်ဆုံအပါအ၀င် တရုတ်စီးပွားရေးသမားများနဲ့ ချုပ်ဆိုသော စီမံကိန်းအများစုတွင် ကြားပွဲစား စီးပွားရေးသမားများ၊ ပြည်တွင်းက စီမံကိန်းချပေးရန်အခွင့်အာဏာရှိသူ အစိုးရတာဝန်ရှိသူများ မျိုးမျိုးမျက်မျက်ရသွားလေ့ရှိသည်မှာ ထုံးစံဖြစ်နေပါပြီ..။


အဲဒါကို ဘာ့ကြောင့်ဖော်ပြနေရသလဲဟုဆိုသော် အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်နိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်အာဏာတွေအတွက်ပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဟာ ဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ

-ပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ လေ့လာမှုတွေရှိ - မရှိ၊

- ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ - မရှိ၊ တိုင်းပြည်အတွက် အကျိုးရှိ - မရှိ

- နဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း

- ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရခဲ့တဲ့အကြောင်းအရင်း

- ဖြစ်စဉ်နဲ့ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့် - မသင့်

အစရှိတာတွေကို တင်ပြရမှာပါ။


အဲဒီမှာ ပြဿနာတစ်ခုရှိတာက လုပ်ပိုင်ခွင့်အာဏာပါ..။ ဘယ်လောက်အတိုင်းအတာအထိလုပ်ပိုင်ခွင့် ပေးထားတယ်ဆိုတာ မဖော်ပြထားပါဘူး။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေမှာ သက်ဆိုင်ရာပညာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဆန္ဒအတိုင်း  စစ်ဆေးလို့ရပေမယ့် တိုင်းပြည်အတွက် အကျိုးရှိ-မရှိ ဆိုတဲ့ကိစ္စက အရေးအကြီးဆုံးဖြစ်သလို ဆန္ဒပြတဲ့ အကြောင်းအရင်းခံတွေထဲက တစ်ခုလည်းဖြစ်ပါတယ်..။



တိုင်းပြည်အတွက် အကျိုးရှိ-မရှိ


စီမံကိန်းဟာ တိုင်းပြည်အတွက် အကျိုးရှိမရှိကို ခွဲခြမ်းလေ့လာရရင်


(၁)လက်‌ပံတောင်းတောင်‌ ကြေးနီစီမံကိန်းစာချုပ်ချုပ်ခဲ့တာ ဦးပိုင်နဲ့လား အဲဒီတုန်းက တပ်မတော်ကိုယ်စားပြု စစ်အရာရှိကြီးတွေနဲ့လား... သတ္တုတွင်းဝန်ကြီးဌာနနဲ့လား၊ ဒါမှမဟုတ်ရင် အစိုးရ ကိုယ်စားပြု တစ်ဦးတစ်ယောက်နဲ့လား..။ အဲဒီစာချုပ်ချုပ်သူတွေက ဘယ်သူတွေကို သက်သေထားခဲ့ကြသလဲ..။


(၂) ကာကွယ်ရေးဝန်ကြီးအဆင့်လောက်က လွှတ်တော်မှာ တုန့်ပြန်ဆွေးနွေးခဲ့တဲ့အထိ မြန်မာ့စီးပွားရေးဦးပိုင်က နိုင်ငံအတွက်၊ တပ်မတော်အတွက်၊ ပြည်သူ့အတွက် အကျိုးပြု၊ အရေးပါခဲ့သလား..။


(၃) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စက်ရုံတွေကို ပုဂ္ဂလိကပိုင်အနေနဲ့ သတ်မှတ်ရောင်းချတုန်းက .. ဦးပိုင်ဟာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအဖြစ် ဈေးပေးဝယ်ယူခဲ့ပါတယ်..။ ဒါကကော ဒီမိုကရေစီစနစ် ဈေးကွက်စီးပွားရေးစနစ်မှာ တရားပါသလား။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးက  နှစ်ပေါင်းနှစ်ဆယ်ကျော် အခွန်ရှောင်နေခဲ့တဲ့အတွက် ပြည်သူနဲ့ တပ်မတော်အတွက် ဘယ်လောက်အထိ အကျိုးရှိသွားသလဲ..။


(၄) အကျိုးအမြတ် (အစိုးရ၊ ဦးပိုင်၊ တရုတ်) ဘယ်လောက်ဆီ တိတိကျကျ စာချုပ်ထဲမှာ ချုပ်ဆိုခဲ့သလဲ..။


(၅) အဲဒီစာချုပ်တွေရဲ့နောက်ကွယ်က အခြား မည်သည့် အပေးအယူကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့သလဲ။ ကြားခံ အဖွဲ့အစည်း/ပွဲစား ဘယ်သူရှိသလဲ...။


(၆) အဲဒီတုန်းက လက်မှတ်ရေးထိုးခဲ့သူတွေထဲကအချို့ အခုအချိန်မှာ ဘယ်ရာထူးတွေနဲ့ ဘာတာဝန်တွေဆောင်ရွက်နေကြသလဲ..။




အဲဒါကြောင့် ..လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပါအ၀င် ဦးပိုင်ရဲ့ မြန်မာ့အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုကြီးဟာ ၊ တပ်မတော်သားတွေကိုကော ပြည်သူကိုပါ အကျိုးပြုနေတယ်/အကျိုးပြုမပြု ဆိုတာကိုပါ တိတိကျကျ သိဖို့လိုလာပါတယ်.။ တပ်မတော်ကို အကျိုးပြုရင် တိုင်းပြည်ကို အကျိုးရှိတယ်လို့ လိုရာဆွဲယူဆစရာတွေရှိသလို ... မဟာဗျူဟာပိုင်းတွေ၊ စစ်ရေးဆိုင်ရာတွေ ပါလာနိုင်ပါတယ်။


အဲဒီလိုသိဖို့အတွက် ထိပ်ဆုံးက စပြီး အောက်ဆုံးအထိ စုံစမ်းမေးမြန်းဖို့လိုပါတယ်။ ရာထူးလက်ရှိကော ရာထူးလက်မဲ့တွေကောပါ။ ငွေစာရင်းနဲ့ပတ်သက်ရင်လည်း ယခင် လွှတ်တော်မှာ ဦးပိုင်ကသွင်းရမယ့်ငွေကို ၀မ်ပေါင်ရဲ့ ငွေစာရင်းက သွင်းခဲ့တဲ့ ဒေါ်လာသန်းတစ်ရာကိစ္စမျိုးတွေကိုပါ အစဆွဲထုတ်ဖို့လိုပါတယ်.။ ဒါတွေဟာ တိုင်းပြည်အတွက် နိုင်ငံအတွက် အရေးပါတဲ့ ငွေစာရင်းဆိုင်ရာကိစ္စတွေပါ။ အဲဒီအတွက် ယခင် စာရင်းစစ်ချုပ်ကော အခု ထူးထူးခြားခြား သတ္တုတွင်းဝန်ကြီးကနေ စာရင်းစစ်ချုပ်ဖြစ်သွားသူတွေကိုကော မေးမြန်းစုံစမ်းဖို့လိုပါတယ်..။


ဒါပေမယ့် .. စုံစမ်းရေးကော်မရှင်ဟာ အဲဒီလို ..... လုပ်ပိုင်ခွင့်အာဏာ ..ရနိုင်ပါသလား..။ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်..။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မယ့်ကိစ္စတွေ အများကြီးရှိပါတယ်..။ တချို့က အဖွဲ့အစည်းအတွက် ပုတ်သင်ဥပေါ်မှာစိုးသလို တချို့ကလည်း ကိုယ့်အိပ်ထဲရောက်နေတဲ့ ပုတ်သင်ဥ ပေါ်မှာ စိုးကြပါတယ်..။ undertable တွေပေါ့..။


အဲဒါကြောင့် စာဖတ်သူကြီးလက်ထက်က အထုပ်အရှုပ်ပေါင်းစုံကို ထမ်းထားရတဲ့ သမ္မတကိုယ်တိုင်လည်း ကြံရာမရတဲ့အဆုံး စုံစမ်းရေးကော်မရှင်ကို ဖွဲ့စေပြီး တည်ပေးလိုက်တယ်လို့ ယူဆပါတယ်..။ တနည်းအားဖြင့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် အားကိုးတယ်လို့လည်း ယူဆလို့ရသလို ခေါင်းတည်ပေးလိုက်တယ်လို့လည်း သုံးသပ်စရာရှိပါတယ်..။  ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးပါပဲ. ...။ ၈၈ မျိုးဆက်ကျောင်းသားများ အနေနဲ့လည်း စုံစမ်းရေးကော်မရှင် ကိစ္စကို တော်တော်အလေးထား ဆုံးဖြတ်ရမယ့် အနေအထားဖြစ်လာပါတယ်..။


ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။

အားလုံးသဘောပေါက်ကြရင်ဖြင့် .......


ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။

Unlike · · Share


  • You and 72 others like this.

  • Ni Lynn ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရခဲ့တဲ့အကြောင်းအရင်းစုံစမ်းဖို့က ကော်မရှင်ပြင်ဆင်ဖွဲ့စည်းရာမှာ မပါတော့ဘူးဗျ။

  • သံလွင် ရရစ် သတ္တုတွင်းရဲ့အလွဲသုံစားမှုတွေကိုဖော်ပြခဲ့တဲ့the voiceဂျာနယ် ကိုတရားစွဲမယ်ဆိုပီး ဆက်မဆွဲရဲတော့တာရယ် ယခင်စရင်းစစ်ချုပ်ဦးလွန်းမောင်က သမ္မတဆီကနေတဆင့်မတင်ပြပဲ လွှတ်တော်ကိုတိုက်ရိုက်တင်ပြခဲ့လို့ အဖြုတ်ခံရတာရယ် အိုင်ဗင်ဟိုနဲ့ရှယ်ရာအပြောင်းအလဲကြောင့် ရပ်နားထားတယ်ဆိုတဲ့၎ရက်အတွင်းရက်ပိုင်းလေးမှာ ခိုးလည်လို့ထွက်ရှိလာတဲ့ကြေးနီတန်ချိန် ၃၀၀ကျော်ရဲ့တန်ဖိုးအမေရိကန်ဒေါ်လာ ၃သန်းတောင်ရှိပေမယ့်ဥိးပိုင်နဲ့ဝမ်ပေါင်တို့ဝယ်လိုက်တဲ့ ရှယ်ယာရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာသန်း၁၀၀ဆိုတာရယ် ဒီကိစ္စတွေကိုအများပြည်သူမသိအောင်ထင်သာမြင်သာမရှိပဲခိုးကြောင်ခိုးဝှက်လုပ်နေတာတွေရယ် ကိုတွက်ဆကြည့်ရင် ဒီကြေးနီစီမံကိန်းကြီးတစ်ခုလုံးဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဟုတ်မှဟုတ်ပါလေစလို့သံသယပွားမိပါတယ်

  • Kyaw Kyaw Naing အခုသုံးသသပ်ချက်အရဆို အမေစုရဲ့လုံခြုံရေးကိုစိုးရိမ်မိတယ်

  • သာကီနွယ်ဖွား ကြယ် စင် လင်း ဦးသိန်းစိန်ကတော့ စတေးရှောင်သွားပြီ..

  • Lay Lay သုံးသပ်ထားတာကျိုးကြောင်းဆီလျှော်ပါ
    ပါတယ်သာမန်ပြည်သူတွေမသိနိုင်တဲ့
    အကြောင်းတရားတွေကအခြားကိစ္စတွေမှာလည်းအများအပြားရှိနေသေးတယ်
    အမေစုကအမျော်အမြင်ရှိရှိပြောတာကို
    နားထောင်စေချင်တယ်

    7 hours ago via mobile · Like · 3

  • Ni Lynn လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း

  • James Mint ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီနေရာမှာ ဒေါ်စုရဲ့ အရည်အချင်းကို ယုံတယ်.... လျှော့မတွက်ဘူး......

    ဒီကြားထဲမှာ ဒေါ်စုရဲ့ လုံခြုံရေးပဲ ဂရုစိုက်ဖို့ ကျွန်တော်လည်း ဦးတည်ပြောနေခဲ့တာပဲ.....

    ဒီကိစ္စမှာ ဖြစ်သင့်တဲ့ အခြေအနေအထိ သူလုပ်မယ်ဆိုတာ သူ့မိန့်ခွန်းတွေမှာ အတိ
    အလင်း ညွှန်းဆိုပီးသားကိ......

    အဲ့ဒိကနေ Result ထွက်လာရင် ဒါကိုအရေးမယူရင် ဝေဖန်ဖို့ မနှောင့်နှေးဘူးဗျ..... အဲ့ဒါတော့ စိတ်ချ....

  • Min Tun ကျွန်တော်တို့ဆီက အစိုးရမင်းများကလည်း စီးပွားရေးဆိုရင်ာ knowledge နားမလည်၊ အကြံပေးကလည်းမရှိတော့ ခရိုနီပြောသမျှ.၊ ကြားပွဲစားပြောသမျှ၊ အောက်က (undertable) ယူထားသူ ပြောသမျှ။ မိမိအတွက်လည်း ပို့ဆွမ်း . မျိုးမျိုးမျက်မျက် ရသဖြင့် စီမံကိန်းစာချုပ်များ ဖောဖောသီသီချုပ်ဆို လက်မှတ်ထိုးခဲ့ကြသည်ကို သမိုင်းမှာ ငြင်းမရပါ..။

  • Kyaw Thet Oo ဘသိန်းစိန်တို့ကတော့အမေစုကို ဟိုစကားပုံလိုပဲ လူမိုက်နှင်းတောတိုးခိုင်ပီ၊ဘဘကြီး သန်းရွှေတို့ရှုပ်ခဲ့တာတွေက အမေစုခေါင်းပေါ်လာစုနေပီ။ဥဘသိန်းစိန်ကလည်တာလား သူ့နောက်ကအကြံပေးတွေကလည်တာလားတော့မသိဘူး အမေစုကိုတော့ တကယ်ကိုလူမိုက်ငှားလိုက်ပီ။မလုပ်သင့်ပါဘူး အဲ့လိုတော့၊အေးလေ နိုင်ငံရေးဆိုတာ အဲ့လိုပါပဲ။လူညစ်တွေချီပဲ။

  • ထန် ကျင့်ပေါင် မြစ်ဆုံကိစ္စမှာ တရုပ်က လေသံမာနေတာကိုလဲထည့်စဉ်းစားသင့်ပါတယ်

  • Zutkaung Aung ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးပါဆုံးအချိန်ဖြစ်နေတယ် တစ်ချက်မှားသွား တာနဲ့ တိုင်းပြည်ပျောက်သွားနိုင်တယ် ၊ တိုင်းပြည်ရှိမှ လူတိုင်း နိုင်ငံရေးလုပ်နိုင်မယ် ခုချိန်ဟာ လုပ်ကိုင်မှုတွေ နူးညံ့မှသင့်တော် မယ် တင်းမာရင်တော့ ပြတ်ထွက်သွားမှာဘဲ၊ အကျိုးဆက်က ပေးဆပ်ရမှာ ကြီးသွား လိမ့်မယ်

  • Hawdeka Khalaylay အမေစု စကား နားထောင်ကြပါမယ် . .

  • Min Dagwan အမေစုကတော့ ကြိုးတန်းပေါ်လမ်းလျှောက်ရတော့မှာပါ...အမေစု ဘေးရန်ကင်းကွာ အောင်မြင်ပါစေ။

  • Nyithitmin Min စစ်တပ်နဲ့ဉီးပိုင်မလည်မရှုတ်လုပ်ခဲ့တဲ့
    ဇာတ်လမ်းတွေကိုညင်သာစွာရပ်စိုင်းဖို့
    လိုတယ်ပြည်သူအကျိုးမရှိလို့
    ဉီးပိုင်လီမိတတ်ကိုလဲညင်သာစွာ
    ဖျက်သိမ်းဖို့လိုတယ်

    ဒီမိုကရေစီအစိုးရဆိုရင်
    ပြည်သူခိုင်းတာလုပ်၊ပြည်သူအကျိုးပဲကြည့်ရမယ်

    4 hours ago via mobile · Like · 1

  • Ming Yannaing ဒေါ်စုအနေနဲ့ ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း

  • Oo Oo Ye ဒေါ်စုရယ် ကျွှန်တော်သနားမိပါတယ် သူတို့လုပ်ခဲ့တုန်းက ထောင်ချထားပြီး သူတို့မရှင်းနိုင်တဲ့ကိစ္စဝင် ရှင်းပေးနေရတယ် တစ်ခုခုများမှားရွင်းခဲ့ရင့်း့တွေးမိလို့ပါ

  • ပုဂံ ကွဲရှ သိရသလောက်တာ့ လုံးပါးပါးမယ့်အခြေအနေပဲ။ လူစားပေးမယ် မေ့လိုက်ပါတော့တော့တွေဘာတွေဖြစ်လာမယ် ဟဲဟဲ။

  • Nationalmyanmar Pkumyanmar မှန်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စက ရခိုင်အရေး မတိုင်မီကတည်းက ဖြစ်လာတာပါ။ စတင်ဖြစ်ပွါးတဲ့ ဗွီဒီယို ခွေလည်း ကြည့်ခဲ့ရပါတယ်။ရေဘေး၊ငလျှင်ဘေးတွေမှာတောင် ငွေကြေးများစွာသုံးခဲ့ပြီး ယခုကိစ္စမှာ စတင်ဖြစ်တုန်းက သေသေချာချာ ဖြေရှင်းပေမယ်ဆို ရနိုင်လောက်ပါတယ်။အကျိုးအမြတ်က နဲမှမနဲတာ၊ဒါပေမဲ့ ဖြေရှင်းမပေးဘဲ မျှောထားခဲ့တာကို တွေ့ရပါတယ်။ မြစ်ဆုံကိစ္စမှာ ဘာဆန္ဒပြပွဲမှ မပေါ်ပေါက်သေးဘဲ ပြည်သူ၏ ဆန္ဒအရ ဆိုပြီး ဖေ့စ်ဘုတ် အဖြေလောက်နဲ့ ရပ်ခဲ့တယ်လို့ ယူဆပါတယ်။ဒီတစ်ခါမှာ ထင်ထင်ရှားရှား ဖြစ်အောင် လုပ်တယ်လို့ ထင်ပါတယ်။ ယခင်ဆရာသမားလုပ်ခဲ့တာက ဖြစ်နေတာတစ်ကြောင်း၊တရုတ်ကို လွယ်လွယ် ငြင်းဘို့ ခက်နေတာက တစ်ကြောင်း ဖြစ်မယ်ထင်ပါတယ်။ ယခုလို မီဒီယာ ခောတ်ကြီးမှာ နိုင်ငံရေး အနဲငယ် သိသူတောင် ပြောသင့်မပြောသင့် နားလည်နိုင်တဲ့ စကားလုံးကို ၀န်ကြီးအဆင့် တစ်ဦးက ပြောလိုက်တာဟာလည်း အစာထည့်လိုက်တယ်လို့ ယူဆပါတယ်။နောက်ဆုံးဖြေရှင်းတဲ့ အပိုင်းကျမှ မထင်မှတ်တာတွေ ဖြစ်သွားတယ်လို့ ထင်ပါတယ်။အပေါ်ပိုင်း ခေါင်းဆောင်တွေ တက်ညီလက်ညီ ညှိနှိုင်းလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ အောက်ပိုင်းနဲ့ မီဒီယာကတော့ တိုက်ခိုက်နေကြတုန်းပေါ့။ ကိုယ်ထည်ပိုင်းချင်း လက်တွဲဆောင်ရွက်နေချိန်မှာ အောက်က အရိပ်တွေက တိုက်နေကြတာပေါ့။ရှေ့လျှောက် ယခင်က တရုတ်နှင့် ချုပ်ဆိုလုပ်ကိုင်နေတဲ့ မမျှတတဲ့ လုပ်ငန်းတွေမှန်သမျှ တစ်ခုမဟုတ် တစ်ခု ဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စ မျိုးတွေကို မြန်မာစကား တတ်တဲ့ တရုတ်တွေ သိသွားလို့ရှိလျှင်လည်း မသင့်တော်ဘူးလို့ ထင်ပါတယ်။တရုတ်၊ကုလားက ကျွန်တော်တို့မြန်မာတွေလို မဟုတ်ဘူး၊သူတို့ လူမျိုးစုအတွက်ဆို စည်းလုံးကြတယ်။ကျွန်တော်၏ ထင်မြင်ယူဆချက်ပါ။

  • Saw Kyi Saw Kyi ဒီလောက်လောဘကြီးတဲ့ကောင်တွေ
    မော်လဒိုက် ပို့ပစ်ရမယ် ဒါမှဘာမှရောင်း
    စားမရမှာ အောက်ချေကစစ်သားတွေက
    တော့ သူတို့ဝါဒဖြန့်တဲ့အတိုင်းယုံနေကြ
    ရင်တော့ နောက်ဆိုမြန်မာတိုင်းပြည်ကြီး

    ကတော့ဘာမှရှိတော့မှာမဟုတ်ပါဘူး
    အာဏာကိုအလွှဲသုံးစားလုပ်ပြီးသူတို့
    အတွက်ပဲ cover ယူနေတာကိုနားလည်
    သင့်ပြီလိုထင်ပါတယ် ပြောတော့ဦးပိုင်
    ဆိုတာစစ်သားတိုင်းအတွက်တဲ့
    ရန်ကုန်မြို့ကိုကြည့်လိုက်ပါ ခြံကြယ် တိုက်
    ကြယ်သူတို့ကြီးပါပဲ ဒါလားတပ်မတော်
    အတွက် ပြည်သူဆိုဝေးသေး ဟစ်တလာ
    ကမှသူဟာသူရူးတယ်ပြောပြောဘာပြော
    ပြောနိုင်ငံချစ်စိတ်ရှိသေးတယ်
    အော်သိပြသီပြီ ဦးပိုင်ဆိုတာဦတဲ့လူပိုင်တာကိုးhaha
    မသိလို့နော် so sorry
    သူတို့ရတဲ့လစာနဲ့ဘာလို့ဒီလောက်ချမ်းသာ
    ရတာလဲ ဟုတ်တယ်မဟုတ်လား
    တိုင်းပြည်နဲ့လူမျိုးချစ်လိုက်တာများ
    ကမ်းကုန်ပဲ လေးစားတယ်ဗျာ ထွီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...