Ads (728x90)


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် Digicel ကုမ္ပဏီ၏ Digicel Kick Star Clinics
နည်းပြချုပ်အဖြစ် တာဝန်ယူထားသည့် ဂျွန်ဘမ်းနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့
နံနက်(၉)နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်
ဂျွန်ဘမ်းက မြန်မာကလေးငယ်များမှာ နာခံနိုင်မှုစွမ်းရည် မြင့်မားပြီး စနစ်တကျသင်ကြားနိုင်ပါက ထူးချွန်သူများ
ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ Digicel ကုမ္ပဏီ၏ အာရှဒေသတွင်း
အမှုဆောင်အရာရှိချုပ် ဗနက်ဆာ ဆလိုဝီ(Venessa Slowey) ၊ အင်္ဂလန်နှင့် လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်း ၊
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် မီဒီယာများနှင့် အခြားဧည့်သည်တော်များ
တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားရာ
Digicel ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရ၍ ကျေနပ်ဝမ်းမြောက်မိကြောင်း ၊ ယခုကဲ့သို့ လူငယ်ကစားသမားများကို
သင်ကြားပို့ချပေးရသည့်အတွက် မြန်မာလူငယ်များ ဘောလုံးစွမ်းရည်မြင့်မားလာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ဂျွန်ဘမ်းက "ကျွန်တော့်အနေနဲ့ မနေ့ကစတင်ပြီး မြန်မာကလေးငယ်တွေကို လေ့ကျင့်သင်ကြားမှုတွေ
စတင်ပြုလုပ်ပေးခဲ့ပါတယ်။ (၁၂)နှစ်အရွယ် ကလေးတွေအနေနဲ့ ထူးချွန်သူတွေဖြစ်လာဖို့အတွက် သူတို့ရဲ့ပင်ကိုစွမ်းရည်အပြင်
သင်ကြားမှုအပိုင်းလည်း လိုအပ်ပါတယ်။ မြန်မာကလေးတွေရဲ့ ဘောလုံးစွမ်းရည်နဲ့ နာခံနိုင်မှုစွမ်းအားဟာ ဘရာဇီး ၊
အင်္ဂလန်က လူငယ်တွေနဲ့ တန်းတူရှိပါတယ်။ စနစ်တကျလေ့ကျင့်သင်ကြားမှုတွေသာ ပြုလုပ်ပေးမယ်ဆိုရင် အလားအလာကောင်းပြီး
တိုးတက်နိုင်တဲ့ ကစားသမားတွေပါ။ မြန်မာကလေးတွေမှ မဟုတ်ပါဘူး ။ အရှေ့တောင်အာရှက ကလေးတွေအားလုံးလည်း
ခန္ဓာကိုယ်သေးကွေးပေမယ့် မက်ဆီတို့လို ကျွမ်းကျင်မှုပိုင်းသာ ပြည့်ဝမယ်ဆိုရင် ကစားသမားကောင်းတွေဖြစ်လာမှာပါ " ဟု
သုံးသပ်ပြောကြားသွားခဲ့သည် ။


ထို့အပြင် Digicel ကုမ္ပဏီမှ အာရှအမှုဆောင်အရာရှိချုပ် ဗနက်ဆာက မိမိတို့အနေဖြင့် ယခုအစီအစဉ်မှာ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်နှင့် အကျိုးတူပူးပေါင်းမှု ပထမခြေလှမ်းသာဖြစ်ကြောင်း ၊ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အဖွဲ့ချုပ်နှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် (၃)နှစ်စာချုပ်ချုပ်ဆိုထားပြီး အခြားအစီအစဉ်များကိုလည်း
ပြုလုပ်သွားရန်ပြင်ဆင်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။



မြန်မာနေရှင်နယ်လိဂ် ၀ဘ်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည် ။ 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...