Ads (728x90)


မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်အတွင်း သစ်တောထူထပ်သည့် ကြိုးဝိုင်းတစ်ခုအား ဥယျာဉ်ခြံမြေအဖြစ် လုပ်ခွင့်ရသော ကုမ္ပဏီကို ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ကြစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ရှိ သစ်တောကြိုးဝိုင်း တစ်ခုအား ဥယျာဉ်ခြံမြေအဖြစ် ကုမ္ပဏီတစ်ခုက လုပ်ကိုင်လျက်ရှိနေခြင်းကို ဒေသခံများက ကန့်ကွက်လျက်ရှိပြီး နှစ်ရက်ဆက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖောင်းပြင်မြို့နယ် သငါကျေးရွာအရှေ့ဘက်ရှိ ကျောက်ခွက် သစ်တောကြိုးဝိုင်းမှ မြေဧက ၈၀၀ ခန့်ကို သန်းကုဋေအောင် ကုမ္ပဏီက နှစ် ၃၀ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး ယင်းအခြေအနေကို ကျေနပ်မှု မရှိခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆက်သွယ်ပြောကြားသည်။

“သန်းကုဋေအောင်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရခဲ့တာက အရင်အစိုးရ မဆင်းခင် ရက်ပိုင်းအလို မတ် ၂၂ ကပေါ့။ နှစ် ၃၀ စာချုပ်လို့ပြောတယ်။ ဧကရှစ်ရာ လုပ်ပိုင်ခွင့်ရတာတဲ့။ ချထားပေးတဲ့တောက ရွာအရှေ့ဘက် လေးငါးမိုင် အကွာမှာ ရှိတာပါ။ ဆန္ဒပြရတဲ့ အကြောင်းကတော့ သူတို့လုပ်ပိုင်ခွင့်ရတာ ပွင့်လင်းမြင်သာမှု မရှိတာရယ်၊ သူတို့လုပ်ငန်းကြောင့် ရွာကအားကိုးနေရတဲ့ ချောင်းပျက်စီးသွားမှာ စိုးရိမ်တာရယ်၊ ကိုယ့်ဒေသကို လူတစ်စုရဲ့ အကျိုးစီးပွားအတွက် အသုံးချမခံလိုတာ ရယ်ကြောင့်ပါ။

စုစုပေါင်းအချက် ရှစ်ချက်နဲ့ နှစ်ကြိမ်ဆန္ဒပြခဲ့တာပါ” ဟု ဒေသခံ ဦးစန်းဝင်းက ပြောကြားသည်။
စက်တင်ဘာ ၁၆ မှ ၁၇ ရက်များတွင် ဒေသခံများက ကျေးရွာတွင်းနှင့် ကုမ္ပဏီလုပ်ကွက် အနီးတို့၌ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး အစိုးရသစ် အနေဖြင့် ဒေသခံတို့၏ သဘောထားနှင့် စိုးရိမ်မှုတို့ကို အရေးစိုက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတို့က ပြောကြားသည်။

“ရွာထဲမှာ ဆန္ဒပြတာကတော့ လူတစ်ထောင်ကျော်ပေါ့။ ကုမ္ပဏီနားမှာ ပြတာကတော့ လူတစ်ရာပဲ ခွင့်ပြုပါတယ်။ လောလောဆယ် ကုမ္ပဏီက သက်တမ်း လေးငါးနှစ်ရှိပြီဖြစ်တဲ့ ပိတောက်၊ ကျွန်းနဲ့ တမလန်းပင်တွေကို ခုတ်ပြီး လျှော်ဖြူနဲ့ မျောက်ငိုပင်တွေ စိုက်နေတယ်။ လုပ်ကိုင်ခွင့် ချထားပေးတဲ့ ကျောက်ခွက် သစ်တောက တောသိပ်သည်းဆ တော်တော်မြင့်ပါတယ်။

 တောကောင်တွေတောင် ခုထိရှိသေးတဲ့ နေရာပေါ့။ ဒါကိုကုမ္ပဏီတစ်ခုရဲ့ အကျိုးစီးပွားအတွက် လုပ်ခွင့်ပေးတယ်ဆိုတာ ကျွန်တော်တို့ လက်မခံပါဘူး။ ဒီအနေအထားကို အစိုးရသစ် အနေနဲ့ တစ်ခုခု လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသော်လည်း ၎င်းတို့အနေဖြင့် စိုက်ပျိုးမှုကို ရုပ်သိမ်းမည် မဟုတ်ကြောင်းနှင့် အစိုးရအနေဖြင့် တရားဝင်ရုပ်သိမ်းမှသာ စိုက်ပျိုးမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ဥယျာဉ်ခြံမြေ လုပ်ကိုင်မှုသည် ဒေသခံများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် အခြားအကျိုးအမြတ်လည်း ရှိကြောင်း သန်းကုဋေအောင် ကုမ္ပဏီတာဝန်ခံ ဦးအောင်ကျော်စိုးက ပြောကြားသည်။

ယင်းကဲ့သို့ အငြင်းပွားမှု ဖြစ်ပွားနေသော သငါကျေးရွာသည် ဖောင်းပြင်မြို့ပေါ် ဒေသနှင့် ၃၅ မိုင်ခန့် ကွာဝေးကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိကြောင်းနှင့် စိုက်ပျိုးရေးကို အကြောင်းပြကာ သစ်ခုတ်မှုများ ရှိလာမည်ကိုလည်း စိုးရိမ်သံသယ ဖြစ်နေကြောင်း ဒေသခံများက ဆက်လက် ပြောကြားသည်။                                     

Writer: ရဲရင့်အောင်


မူရင်းပို့ စ် -  မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ရှိ သစ်တော ထူထပ်သည့် ကြိုးဝိုင်းတစ်ခုအား ကုမ္ပဏီတစ်ခုက ဥယျာဉ်ခြံမြေအဖြစ် လုပ်ကိုင်နေခြင်းကြောင့် ဒေသခံများ နှစ်ရက်ဆက် ဆန္ဒထုတ်ဖော်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...