Ads (728x90)



ပုံနှိပ်မီဒီယာတစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးသည့် The Ladies News Journal ရဲ့ ကြီးမားတဲ့ အမှားကို အချက်အလက် အမှန်များနဲ့ အပြုသဘောဆန်စွာ ထောက်ပြခဲ့ပါတယ်။ မနေ့က (မေလ-၁၀ရက်) ညနေ(၅း၁၆) အချိန်မှာ “၀န်ထမ်းများထံသို့ လစာငွေ ၅၀ ရာခိုင်နှုန်းကို မေလ ၉ရက်တွင် မှ ထူးဂရု ကုမ္ပဏီပိုင်ရှင် ဦးတေဇ ပြန်ထုတ်ပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ The Ladies News Journal Page က သတင်းတစ်ပုဒ် ထပ်တက်လာပါတယ်။

အင်မတန်မှ အံ့သြစရာကောင်းတဲ့ သတင်းတင်ဆက်မှု ပုံစံကို ထပ်တွေ့ရပါတယ်။ ပထမ သတင်းမှာ “၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ၀န်ထမ်းများကို လစာတစ်ဝက် လျှော့ချမည်ဟု ဦးတေဇ ဆို” ခေါင်းစဉ်နဲ့ လုံးဝ လွဲမှားသည့် အကြောင်းအရာကို ခပ်တည်တည်နဲ့ လူပိန်းကြိုက် ရေးသားခဲ့ တာကို တွေ့ရပါတယ်။ ခေါင်းတပ်ထားတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ဆိုတာ ပြီးခဲ့ပြီ ဆိုတာကိုတော့ The Ladies ဂျာနယ်အနေနဲ့ သိသင့်ပါတယ်။

ခုလည်း ဒုတိယသတင်းတစ်ပုဒ် ထပ်တက်လာပြန်ပါတယ်။ သတင်းသမားတို့၏ စောင့်ထိန်းမှုကျင့်ဝတ် စည်းကမ်းများကို လုံးဝ လိုက်နာခြင်း မရှိတဲ့ အချက်များကို အများအပြား တွေ့ရပါတယ်။ ဒီလိုမျိုး ရေးရဲဖို့ဆိုတာ တော်ရုံအရှက်မရှိရုံနဲ့ မရပါဘူး။ အတော်လေးကို မျက်နှာပြောင်တဲ့ သူတွေမှ ရေးရဲတာပါ။

The Ladies News Journal က ရေးသားခဲ့တဲ့ ဒုတိယ သတင်းပို့စ်မှာ “ထူးဂရုကုမ္ပဏီမှ အရာရှိကြီးတစ်ဦးက The Ladies သို့ ဆက်သွယ်ပြောကြားခဲ့သည်”ဆိုတဲ့ အကြောင်းအရာကို ထည့်သွင်းရေးသားထားပါတယ်။ ကျနော် အပေါ်မှာ ပြောထားတဲ့ အတော်ကို အရှက်နည်းတယ်ဆိုတာ ဒါကို ပြောတာပါ။

သတင်းသမားလောကမှာ ကိုယ်မမေးဘဲ၊ ကိုယ့်ကို ပြောကြားခြင်း မရှိဘဲ၊ ကိုယ်ရေးချင်သည့် အကြောင်းအရာကို တာဝန်ရှိသူတစ်ဦးက ပြောကြားသည်တို့၊ ဘယ်သူက ဘယ်ဝါက ပြောကြားသည်တို့ ဆိုပြီး ခပ်တည်တည်နဲ့ ကိုယ့်အာဘော် ရေးတဲ့သူတွေကို “ငပဲ့” တွေလို့ သတ်မှတ်ပါတယ်။
ရုံးစာထုတ်ပြီးနောက် Unit အလိုက် Financial Statement နှင့် 2016-17 Business Plan များ ဥက္ကဋ္ဌထံ လာတင်တာကို ကျနော်တို့ တွေ့ပါတယ်။ ဒါပေမယ့် The Ladies News Journal ကတော့ ခပ်တည်တည်ပဲ ဘယ်ကလူကြီးကို ဘယ်လို မေးလိုက်မှန်းမသိတဲ့ အခြေအမြစ် မရှိတဲ့ အကြောင်းအရာကို တည်ပြီး Unit အလိုက် Final Statement နှင့် ၂၀၁၆-၂၀၁၇ Business Plan များတင်ခြင်း မရှိဘဲ လစာထုတ်ပေးတယ်လို့ ရေးပါတယ်။ Business မဟုတ်တဲ့ အခြားယူနစ်တွေကတော့ Business Plan တင်စရာ မလိုဘူး ဆိုတာလောက်တော့ နားလည်သင့်ပါတယ်။

နောက်ပြီး ဒါက ရုံးတွင်းကိစ္စ။ သိက္ခာရှိတဲ့ ဘယ်ဂျာနယ်မှ ဒီလို ကိစ္စမျိုးကို စိတ်ဝင်တစား သတင်းလုပ် မရေးပါဘူး။ ဥပမာ ၀န်ထမ်းတွေက မကျေနပ်လို့ တိုင်တယ် တောတယ် ဆိုရင်တော့ ဒါသတင်းပေါ့ဗျာ။ ထူးကုမ္ပဏီဆိုတာ သက်တမ်း (၂၅)နှစ်ကျော် ရပ်တည်လာတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း။ လစာနောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ Operation System ပြောင်းလဲတာကိုလည်း အကုန်လုံးက လက်ခံတယ်။ ထူးကုမ္ပဏီ ၀န်ထမ်းတွေ ကိုယ်တိုင် ကျေနပ်လက်ခံတဲ့ ကိစ္စကို လစာ ၅၀ ရာခိုင်နှုန်း လျော့တယ် ဆိုပြီး သတင်းလိမ် ရေးသားတဲ့ မီဒီယာ အနေနဲ့ ကိုယ့်အမှားကို တောင်းပန်ရကောင်းမှန်း မသိဘဲ အမှားပေါ် အမှားဆင့်တာကတော့ အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။

“၇ ရက် ကျော်ရင်တော့ ဥပဒေနဲ့တော့ ငြိစွန်းမှုတော့ ရှိတယ်” ဆိုပြီး မိမိတို့ အမှားပေါ် တာဝန်မယူဘဲ ထူးဂရုကုမ္ပဏီမှ အရာရှိကြီးတစ်ဦး ဆက်သွယ် ပြောကြားသည် ဆိုပြီး ပေါက်ကရ ရေးပါတယ်။ ထူးကုမ္ပဏီ ၀န်ထမ်းတွေဆိုတာ အရာရှိ မပြောနဲ့ အောက်ခြေက သန့်ရှင်းရေး ၀န်ထမ်းတောင် ဦးတေဇ အပေါ် ကျေးဇူးရှင်လို၊ ဆရာသမားလို ချစ်ခင်ကြတဲ့သူတွေပါ။ ၀န်ထမ်းတွေ အထက်အောက် ပြောချင်ပြောမယ်။ ဦးတေဇ အပေါ်တော့ ဘယ်သူမှ မရိုသေ့စကား မပြောဘူးဆိုတာ ၀န်ထမ်းတိုင်း သိပါတယ်။ အပေါ်မှာ ပြောခဲ့သလို ဒီလို သတင်း တည်ဆောက်မှု ဆိုတာ “ငပဲ့” တွေသာ လုပ်လေ့ရှိပါတယ်။

The Ladies News Journal ကို ပြောချင်ပါတယ်။ လစာ ၇ ရက်ထက်ကျော်ရင် ဥပဒေနဲ့ ငြိစွန်းမှု ရှိတယ်ဆိုပေမယ့် ထူးကုမ္ပဏီ ၀န်ထမ်းတွေက ဘာမှမဖြစ်ပါဘူး။ အကုန်လက်ခံ ကျေနပ်ကြပါတယ်။ The Ladies ဂျာနယ် အနေနဲ့ ဒီအပေါ်မှာ စိတ်ပူတယ်ဆိုရင် မြန်မာနိုင်ငံမှာ လစာ (ရ)ရက် မကဘူး၊ လေးငါး လစာ မရသေးတဲ့ ၀န်ထမ်းတွေ အများကြီး ရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေမှာကို ရှိပါတယ်။ အလုပ်ရှင်က ညစ်ပတ်ပြီး လစာဖြတ်လို့၊ လစာလျော့လို့ ခံစားနေရတဲ့ အထည်ချုပ်စက်ရုံတွေ ရှိပါတယ်။ အဲ့ဒီလူတွေ အတွက်လည်း စုံစမ်း ရေးပေးစေချင်ပါတယ်။ ဒါပေမယ့် အမှန်ကို ရေးဖို့ လိုတယ်လို့ တစ်ခါတည်း သတိပေးပါရစေ။ အော် မေ့လို့ ခင်ဗျားတို့တင်တဲ့ သတင်းပုံမှာ အလယ်စာရွက်ကို ဘာလို့ ဖြတ်ထားတာလဲဗျ။ အလိမ်တွေ ပေါ်မှာစိုးလို့လား။

နောက်ဆုံး အနေနဲ့တော့ The Ladies ဂျာနယ်ကို ပုံလေးတစ်ခု ပြောပြချင်ပါတယ်။
ကျားကြီးက ခွေးရူးနဲ့တွေ့တော့ ချက်ချင်း ပုန်းရှောင်လိုက်တယ်။ ကျားငယ်ကမေးတယ်။ “အဖေက ခြင်္သေ့လည်း တိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်တယ်။ ဘာမှ မဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။ သိက္ခာမကျဘူးလား အဖေ”တဲ့။ ကျားကြီးက သူ့သားကို ပြန်မေးတယ်။ “ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာကောင်းလား သား” ၊ ကျားငယ် ခေါင်းခါတယ်။ “ခွေးရူးကိုက်ခံရရင် တန်ကော တန်သလား” ကျားငယ် ခေါင်းခါတယ်။ “ဒါဆို ငါတို့ ဘာလို့ ခွေးရူးကို ပြန်တုံ့ပြန်မှာလဲ။ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့ကောင်၊ တွေ့ရာရန်ပြု ရှောက်ကိုက်နေမှာဘဲ။ အကောင်တိုင်းဟာ ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ တန်တာ မဟုတ်ဘူး”တဲ့။

ဦးတေဇနဲ့ ထူးကုမ္ပဏီကို ပေါက်ကရ သတင်းလိမ်တွေ ရေးပြီး လာတိုက်ခိုက်နေတာကို ဥက္ကဋ္ဌ အပါအ၀င် လူကြီးတွေက ခေါင်းထဲတောင် မထည့်အားပါဘူး။ ကျနော်တို့ကတော့ နားညည်းလို့ ခဲ(ဂဲ) နဲ့ ပေါက်လိုက်ပါတယ်။



ဦး ဘို ထွန်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...